Sunday, July 14, 2019

တိုးနှောင်မိုး ● ပူဇော်ခြင်း

တိုးနှောင်မိုး ● ပူဇော်ခြင်း
(မိုးမခ) ဇူလိုင် ၁၄၊ ၂၀၁၉

ဆေးကဒ်များ
ဆေးပုလင်းခွံများ
စူပါမားကက်ထဲမှာပဲနေချင်မှာပေါ့။

အရိုးခေါင်းခါးပတ်
စံပယ်ပွင့်ဂျင်းဘောင်းဘီ
ဆေးခြောက်ရှူနေသလိုနေ့စွဲများ
ပြန်မရတော့။

ရေတွေဒီအတိုင်းလွှတ်ထားခဲ့တယ်
တယ်လီဖုန်းကမြည်နေသလား
အဝတ်တန်းပေါ်ကသဘက်က Nike
ပန်းအိုးထဲကသစ်ပင်
ထွက်ပြေးလို့မရဘူး။

အခန်းထဲ
ပျားစွဲနေသလို
တယောက်ထဲ
နာရီတလုံး ကလိခံနေရသလို
အစမ်းသပ်ခံနေရတဲ့လူ့အဖြစ်
တီဗီမှာသက်ငယ်မုဒိမ်းသတင်းလာနေပြီ
လူသားချင်းမစာနာတောင်
သမီးချင်းစာနာဖို့သင့်တယ်
ဗြောင်လိန်ဗြောင်စားခေတ်ကြီး စက်ဆုတ်ဖွယ်။

ငါ့ကဗျာတွေက ငါ့အလံပဲ
ကဗျာဆရာက ကဗျာနဲ့ပဲတော်လှန်မယ်
ကဗျာဆရာက ကဗျာနဲ့ပဲသေတယ်
ကဗျာဟာ ကဗျာဆရာကို မီးမလောင်ဘူး။  ။

illustration by Paweł Jońca