Saturday, July 20, 2019

မှုန်နံ့သာ၊ ကျော်ကျော်နှင့်မောင်မိုးသူ



မှုန်နံ့သာ၊ ကျော်ကျော်နှင့်မောင်မိုးသူ

(မိုးမခ) ဇူလိုင် ၂၀၊ ၂၀၁၉

ဦးသက်လယ်နှင့်ပေါင်းမိပြီး ကိုနေဝင်း မခင်မာလာတို့က စိန်ခဲ ကျောက်ခဲ ပတ္တမြားခဲ ဇာတ်ကားကို ဦးသက်လယ်ရဲ့ မိုးကောင်းရုပ်ရှင်က ထုတ်လုပ်ကြသလို မောင်မိုးသူရဲ့ ကိုယ်ပိုင်ဇာတ်လမ်း မှုန်နံ့သာကိုလည်း မိုးကောင်းရုပ်ရှင်ကပဲ တင်ပြခွင့်ပြုချက်ယူခဲ့တာဖြစ်ပါတယ်၊ မှုန်နံ့သာဇာတ်ကားကိုတော့ တွံတေးသိန်းတန်၊ တင်တင်ညိုနဲ့ရိုက်ကူးဖို့ မောင်မိုးသူကစီစဉ်ပါတယ်၊ ဇာတ်ကားတင်ပြခွင့်ရခြင်း၊ ခွင့်ပြုချက်ရခြင်းတို့ကို မိုး ကောင်းရုပ်ရှင်မှဖြစ်ပေမယ့် တကယ်ရိုက်ကူးဖြစ်တော့ ဒဂုန်ရုပ်ရှင်မှဖြစ်ပါတယ်၊ 

မောင်မိုးသူဘဝမှာ ဇာတ်ညွှန်း ရေးဆရာအဖြစ် သူငယ်ချင်းကိုကိုလေးနဲ့တွဲပြီး ရေပွက်ပမာ၊ ရန်ကုန်သားနဲ့မန္တလေးသူ ဇာတ်ကားများရိုက်ကူး ခဲ့ပြီးနောက် သုခုမမောင်မောင်မြင့်နဲ့တွဲကာ ဇာတ်ကား ၅ကား ရိုက်ကူးဖြစ်ခဲ့ပြီးတဲ့နောက်၊ ဒါရိုက်တာအဖြစ် ပထမဆုံးရိုက်ကူးဖြစ်တဲ့ ဇာတ်ကား၂ကားကတော့ မှုန်နံ့သာနှင့် ကျနော်နာမည်ကျော်ကျော် ဇာတ်ကားတို့ ဖြစ်ပါတယ်၊ 

မှုန်နံ့သာဇာတ်ကားကတော့ ဦးသက်လယ်ရဲ့ မိုးကောငး်ရုပ်ရှင်က ခွင့်ပြုချက်ရယူပြီးမှ တကယ် ရိုက်ကူးတဲ့အခါကျတော့ ရုပ်ရှင်ကောင်စီမှာ အတူတကွအလုပ်လုပ်ကြတဲ့ ဒဂုန်ရုပ်ရှင်နှင့် မောင်မိုးသူရိုက် ကူးဖြစ်ပါတယ်။ 

ကျနော့်နာမည်ကျော်ကျော် ဇာတ်ကားရိုက်ကူးဖြစ်ခဲ့ပုံကလည်းဒီလိုပါ၊ အဲဒီအချိန်က ပန်းချီ ဒီဇိုင်းဆရာ ပန်းချီစိုးမိုးက ကုန်ဈေးတန်းမှာနေပါတယ်။ မောင်မိုးသူက ၃၁လမ်းမှာနေထိုင်သူဖြစ်လေတော့ ပန်းချီစိုးမိုးနဲ့မောင်မိုးသူ အမြဲတွေ့ဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားတွေကို လေနဲ့ ရိုက်ကူးလေ့ရှိကြပါတယ်။ နောက် ဆုံးတော့ ကျနော့်နာမည်ကျော်ကျော် ဇာတ်ကားကို ပန်းချီစိုးမိုးနှင့်သူ့အကို မောင်ယုဇင်တို့အတွက် မောင်မိုးသူ ရိုက်ကူးပေးဖို့ ဖြစ်လာပါတော့တယ်၊ မောင်မိုးသူပထမဆုံးရိုက်ကူးတဲ့ ဇာတ်ကားဟာ မှုန်နံ့သာနဲ့ ကျော်ကျော် တို့ဖြစ်ပါတယ်၊ 

မှုန်နံ့သာကတော့ အနုပညာနဲ့ပတ်သက်ပြီး မောင်မိုးသူ ရူးသွပ်ခံစားမှုကို ဖော်ပြရိုက်ကူးချင် တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်၊ ကျော်ကျော် ဇာတ်ကားကတော့ ပိုက်ဆံသောချာပေါက် ရအော်ရှာမယ်ဆိုတဲ့ စိတ်ကူးနဲ့ ရိ်ုက်ကူးတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်၊

မှုန်နံ့သာ ဇာတ်လမ်းရဲ့ ဇာတ်ကားကဒီလိုပါ၊ ဇာတ်ဆောင်မင်းသမီးရဲ့နာမည်က ပိုပိုတဲ့၊ ပိုပိုဟာ အရူး ကြောက်တဲ့ရောဂါရှိတယ်၊ ရွှေတိဂုန်ဘုရားဖူးပြီး သွေးဆေးကန်ဘက်ဆင်ပြီး လမ်းတစ်နေရာမှာ အရူးတစ် ယောက်နဲ့တွေ့လို့ ထွက်ပြေးရာက ရပ်ထားတဲ့အကောင်းစားမော်တော်ကားတစ်စင်းကို ခေါင်းနဲ့တိုက်မိပြီး ခေါင်း နဲနဲကွဲသွားပါတယ်၊ အဲဒီးကားပိုင်ရှင်က တွံတေးသိန်းတန်ဖြစ်ပါတယ်၊ ရပ်ထားတဲ့ကားနဲ့ တိုက်မိပေမယ့် သူ့မှာ တာဝန်ရှိတယ်ဆိုပြီး ဆေးခန်းကိုလိုက်ပို့ပါတယ်၊ နောက်ပြီး ဆင်းရဲသားရပ်ကွက်ထဲမှာနေထိုင်တဲ့ ပိုပိုတို့အိမ်ကို မော်တော်ကားနဲ့လိုက်ပို့ပါတယ်၊ ဆင်းရဲသားရပ်ကွက်ထဲမှာ အင်မတန်ခန့်ညားတဲ့ မော်တော်ကားတစ်စင်းဝင် လာတော့ အားလုံးဝိုင်းကြည့်ကြတာပေါ့၊ တွံတေးသိန်းတန်က နဖူးကဒဏ်ရာလေးနဲ့ ပိုပိုကို သူ့အမေဒေါ် သိန်းရှင်ထံအပ်ပြီး ပြန်သွားပါတယ်၊ နောက်တနေ့ကျတော့ နှင်းဆီပန်းတွေ တပွေ့တပိုက်ကြီးနဲ့ တွံတေးရောက် လာပါတယ်၊ ဘေးပတ်ဝန်းကျင်ကတော့ ပိုပိုအတွက်လို့ထင်နေကြတာပေါ့၊ ဒါပေမယ့်သိန်းတန်ကတော့ ဒီအိမ်ရောက်ကတည်း ကသပ်သပ်ရပ်ရပ်သန့်သန့်ရှင်းရှင်း ဘုရားစင်ကိုတွေ့တာနဲ့ ကြည်ညိုတာနဲ့ ဘုရားတင်ဖို့ ပန်းတွေဝယ်လာတဲ့အကြောင်းပြောပါတယ်၊ အဲဒီလိုအဲဒီလိုနဲ့ တွံတေးသိန်းတန်ဟာ ပိုပိုတို့အိမ်ကို အကြောင်း အမျိုးမျိုးရှာပြီး ချောင်းပေါက်အောင်ရောက်လာပါတယ်၊ ရပ်ကွက်ပတ်ဝန်းကျင်ကလည်း သိန်းတန်ဟာ ပိုပိုကို လာရောက်ပိုးပမ်းတဲ့သူလို့ ထင်မြင်ယူဆသလို ပိုပိုစိတ်ထဲမှာလည်း သိန်းတန်ဟာ သူ့ကို ချစ်ကြိုက်ပြီး လာ ရောက်ပိုးပမ်းနေတဲ့သူလို့ စိတ်ထဲကယူဆထားပါတယ်၊ 

တနေ့တော့ ပိုပိုရဲ့မိခင်မရှိတဲ့ တချိန်ချိန်မှာ သိန်းတန်က အချစ်အကြောင်းပြောဖို့ လာမယ်ဆိုပြီး ချိန်းဆိုပါတယ်၊ ရောက်လာတော့လည်း ညထဲက အချစ်နဲ့ပတ်သက်ပြီး စကားလုံးတွေပြောဖို့ ရှင်မွေးနွန်း မင်းနန္ဒာ၊ ရိုမီယို ဂျူးလိယက်၊ တင်မိုးရဲ့ ချစ်သူအတွေးကဗျာလိုရွတ်ပါတယ်။ ချစ်သူအတွေးကဗျာက လမင်းကသခင် ကြယ်စင်ကသူဆိုပါတော့၊ နေကမ္ဘာပတ်ချာဝိုက်လို့ လိုက်ပါ့မယ်နော့၊ နှင်းဆီကသခင် ဆူးများကသူဆိုပါတော့ ရွှေလိပ်ပြာတောင်ပံကားကို တားပါ့မယ်နော့၊ အစရှိတဲ့ အချစ်ကဗျာ တွေကို အစအဆုံးရွတ်ဖို့ ကြိုးစားနေလေတော ့ ပိုပိုကစိတ်မရှည်တော့ပါဘူး၊ ဒါနဲ့ သစ်ပင်အောက်ထိုင်နေ ရာကနေ ပိုပိုအိမ်ကလေးပေါ်တက်သွားပါတယ်၊ အိမ်ကလေးပေါ်အထိလည်း သိန်းတန်ကလိုက်လာပါတယ် ခင်ဗျ၊ ပြီးတော့ အချစ်အကြောင်းပြောဖို့မကုန်သေးဘူးလို့ပြောတယ်၊ ပိုပိုကစိတ်မရှည်တော့ဘူး၊ ကဲပြောစရာ ရှိတာပြောပါ၊ အိမ်အောက်မှာရှိတဲ့ ကြက်မိသားစုလေးတစ်စုကိုသိန်းတန်ကတွေ့ပြီး ကြက်မိသားစုအတွက် ဆန်ကွဲနည်းနည်းပေးပါလို့တောင်းတာကို ပြီးတော့ပိုပိုကပြောစရာရှိတာပြောပါ ။ ကြက်ကလေးတွေကို ကြက် အမေကြီးက လျှောက်လှည့်စားသလိုလုပ်မနေပါနဲ့လို့ ပြောလိုက်ကာမှ သိန်းတန်းက အချစ်စကားပြောဖို့ ကြံ ရွယ်ချိန်မှာ သိန်းတန်ရဲ့အမေနဲ့ ဆရာဝန်တစ်ယေက် အိမ်ကလေးရှိရာကိုရောက်ရှိလာပါတယ်၊ အဲ့တော့မှ သိန်းတန်က အမေတို့က ကျနော့်ကို ရူးတယ်လို့ထင်နေကြတာကို၊ ကျနော်ကို ရူးတာလို့မဟုတ်ဘူးဟု အော် ဆင်းပြေးသွားတယ်၊ အဲတော့မှ သိန်းတန်ရဲ့အမေက သူ့သားမောင်သိန်းတန်ဟာ ယဉ်ယဉ်လေးနဲ့ရူးနေတာ ဖြစ်ကြောင်း ဒီအိမ်လေးကိုလာလည်နေတာကလည်း အန္တရယ်မပေးတတ်သူနှင့် မတားဆီးခဲ့မိကြောင်း တောင်းပန်စကားပြောတော့တာကို၊ ဒီတော့မှ ပိုပိုတို့သားအမိလည်း တွံတေးသိန်းတန်ဟာ ယဉ်ယဉ်လေး နဲ့ရူးနေတဲ့သူဖြစ်ကြောင်းသိသွားပါတော့တယ်၊ နောက်နေ့ တွံတေးသိန်းတန်အိမ်ကို ပိုပိုလိုက်သွားတဲ့အချိန် ကျတော့ တွံတေးသိန်းတန်က စိန်ဗေဒါကြီးရဲ့ ဗျောညွှန့်သီချင်းကို သီဆိုပြီး ကခုန်နေတာကိုတွေ့ရပါတယ်၊

ဒါကတော့ မှုန်နံ့သာဇာတ်ကားရဲ့ အဓိကျောရိုးဖြစ်ပါတယ်၊ ဒီဇာတ်ကားကို မောင်မိုးသူ အကြိီးအကျယ် စဉ်းစားပြီး အကွက်တိုင်းကိုအသေအချာ ကြိုးစားပြီးတော့ စီစဉ်ရိုက်ကူးပါတယ်၊ အရူးကြောက်တတ်တဲ့ ပိုပို ရွှေတိဂုန်ဘုရားပေါ်က သွေးဆေးကန်ဘက်ဆင်း အရူးတစ်ယောက်နဲ့တွေ့ဆုံခန်းရိုက်ဖို့အတွက် မောင်မိုးသူ မြန်မာ့ရုပ်ရှင်သမိုင်းမှာ အရူးဇာတ်ကောင်အဖြစ် အလွန်ထင်ရှားတဲ့ ဖာတစ်လုံးခေါင်းကျား အဝတ်စားကိုဝတ် ဆင်စေပြီး ဟယ် လောက လို့ဆိုပြီး တုတ်တရမ်းရမ်းနဲ့ အရူးဇာတ်ရုပ်လုပ်ဆောင်စေခဲ့ပါတယ်၊ အဲဒီအရူးကို ကြောက်ပြီး ထွက်ပြေးမိတဲ့ ပိုပိုဟာ သိန်းတန်ရဲ့ကားကိုခေါင်းနဲ့တိုက်မိပြီး သိန်တန်က အိမ်တိုင်ရာက်လိုုက် ပို့တာကိုကြုံရပါတယ်၊ ဆိုလိုတာကတော့ အရူးကြောက်တတ်တဲ့ မိန်းခလေးတစ်ယောက်ဖြစ်တဲ့ ပိုပိုဟာ တိုက်တိုက်ဆိုင်ဆိုင် ယဉ်ယဉ်လေးလေးနဲ့ရူးနေတဲ့ သိန်းတန်နဲ့ ကြုံမိဆုံမိဇာတ်လမ်းကိုဖွဲ့ဆိုထားတာဖြစ်ပါတယ်၊ 

ဒီဇာတ်ကားရိုက်ကားဖို့အတွက် တေးသိီချင်းများလည်းအသုံးပြုဖို့စီစဉ်ရပါတယ်၊ ပထမ ပိုပိုသီဆိုတဲ့ ပတ္တလားနဲ့ လွှာချင်းသီချင်းစာသားလေးက မန္တလေးရဲ့ အမေထွေးတို့ခေတ်က မျှော်စိုက်သီချင်းတွေကိုကြားဖူးနားဝရှိသ လိုလိုပါပဲ၊ ပုံပုဝါဘယ်ညာချပါလို့ မှုန်နံ့သာချယ်ကာသပါတဲ့ လှတွေတပြင်ပြင်နဲ့ အစရှိသည်အထိ မျှော်စိုက် သီချင်းလေးပါ၊ အဲဒီသိီချင်းလေးကို နားထောင်မိကာမှ တွံတေးသိန်းတန်က ဒီသီချင်းကို အမျှော်စိုက်မယ် ဖွဲ့သီချင်းကနေပြီး မောင်ဖွဲ့သီချင်းအဖြစ် ပတ္တလားနဲ့ လွှာချင်းသီချင်းလေးကို စန္ဒရားနဲ့ မျှောဝိုင်းလေးနဲ့ သီဆိုပြဖို့ ရိုက်ကူးချင်တာဖြစ်ပါတယ်၊ ပတ္တလားနဲ့လွှာချင်းသီချင်းလေးကို အဆိုတော်တင်တင်လှက သီဆိုရိုက်ကူးရာမှာမ လွယ်ကူပေမယ့် တွံတေးသိန်းတန်က ဂရင်းပီယန်နိုကြီးနဲ့ တယောဝိုင်းကြီးနဲ့ မှုန်နံ့သာသီချင်းကိုပဲ ပြန်ဖွဲ့ပြီးရိုက် တာ ပြဿနာတတ်ပါလေရော၊ ဂီတမှူးကစန္ဒရားလှထွဋ်လေ၊ မောင်မိုးသူက ဂရင်းပီယန်နိုကြီးမှာ မောင်မိုးသူ ကတီးမယ်၊ မျှောသမားတစ်ဆယ့်လေးငါးလက်နဲ့ ဆင်ဖိုနီကြီးကိုရိုက်ချင်တာလေ၊ ကိုလှထွဋ်က မောင်မိုးသူကို ဟဲ့ တစ်ဆယ်လေးငါးယောက်ရှိမှာလဲ ကျုပ်မှာရှိတာက မောင်တင်ရီနဲ့ မောင်တင်ငွေပဲရှိတယ်၊ ဘိုတီဘိုးကြီး ဝိ်ုင်းက ဦးတီဘိုးကိုလည်းခေါ်လို့မဖြစ် ဦးမောင်ကိုဝိုင်းက တရုတ်မတယောဆရာမကိုခေါ်လို့မဖြစ်ဖူးဆိုတာနဲ့ မောင်မိုးသူလည်း ဂရင်းပီယန်နိုမှာ မောင်သိန်းတန်ကထိုင်၊ ရှားရှားပါးပါးရှိတဲ့ မောင်တင်ရီ မောင်တင်ငွေ တို့နှစ်ယောက်နဲ့ပဲ မှုန်နံ့သာသီချင်းကိုရိုက်ကူးဖြစ်ပါတယ်၊ မှုန်နံ့သာဇာတ်ကးာရဲ့ ဂီတမှူးအဖြစ်တာဝန်ယူရတဲ့ စန္ဒရားလှထွဋ်ဟ ာ ဂီတနဲ့ပတ်သက်ပြီး ဘာမှမသိတဲ့ မောင်မိုးသူလျှာရှည်သမျှကို သည်းညည်းခံပြီး စီစဉ် လုပ်ဆောင်ပေးရှာပါတယ်၊ ဥပမာ နန်းတော်ရှေ့ဆရာတင်ရဲ့ ကျုပ်ရည်းစာနဲ့ညားအောင်စောင့်အုံးမယ် ဆိုတဲ့ အပိ်ုဒ်ကလေး ထပ်ကာထပ်ကာဆိုချင်တာနဲ့ ဆရာတင်ရဲ့ အောင်ပင်လယ် သီချင်းကို တွံတေးသိန်းတန်သီဆို စေပါတယ်။ 

တွံတေးသိန်းတန် သွက်သွက်ခါအောင် ရူးသွပ်သွားတဲ့အချိန်မှာ တောင်ရှည်ပုဆိုးနဲ့ ဆရာစိန်ဗေ ဒါရဲ့ မြို့လယ်ကမဏ္ဍပ် အရပ်မှာတဲ့ကုသိုလ် ဗျောညွှန့်သီချင်းကို တွံတေးသိန်းတန်ကို ဆိုခိုင်းကခိုင်းပြီး ရိုက် ကူးခဲ့ပါတယ်၊ မှုန်နံ့သာဇာတ်ကားမှာ အရေးအကြီးဆုံး ခေါင်းစဉ်သီချင်းကိစ္စ ရေးဖွဲ့ဖို့ စန္ဒရားလှထွဋ်နဲ့မောင်မိုး သူ အကြီးအကျယ်အငြင်းပွားရပါတယ်၊ မောင်မိုးသူက မှုန်နံ့သာရဲ့ ခေါင်းကြီးသိီချင်းကို အနောက်နိုင်ငံ ဆက် ကပ်ပွဲတွေမှာ မြို့အဝင်မှာတီးကြမှုတ်ကြတဲ့ ဘင်ခရာရယ် ယဂွင်းကြီးတွေရယ် ဂျမ်းဂျမ်းလို့တီးချင်တာလို့ တောင်းဆိုပါတယ်၊ သီချင်းကလည်း ဒီလိုလေ၊ မှုန်နံ့သာ အကုန်ပါ သားကြီးမဟာ လာပါပြီတဲ့ ဗျာ ဂွမ်းဂွမ်း ဂွမ်း ဗြန်းဗြန်း ဗြန်းလို့ပြောတော့ ကိုလှထွဋ်လည်း တယ်ရူးတဲ့ငနဲပဲဆိုပြီး မောင်မိုးသူကို နှာခေါင်းရှုံ့ပါတယ်၊ ဒါပေမယ့် ပြီးအောင်တော့လုပ်ပေးပါတယ်၊

 ခေါင်းစီးသိီချင်းမှာ သစ္စာသမားအပိုဒ်ထည့်ပါတယ်၊ အပ်ဆိုတာ ချွန်ချွန်လေးက အဖျားလို့ခေါ်တာ ဤမှန်သောသစ္စာစကားကြောင့် ငါ့ကားပိုက်ဆံရစေသား၊ အဲဒီတော့မှ ကိုလှထွဋ်က ရူးလည်း ရူးပါကွ အဲ့အတိုင်းဆက်ပေးပါတယ်၊ မောင်မိုးသူရဲ့ ပထမဆုံးဇာတ်ကားဖြစ်တဲ့ မှုန်နံ့သာဟာ သွက်သွက်ခါခါ အောင်ရူးသွပ်နေတဲ့ သူကို အရူးမှန်းမသိပဲ တွေ့ဆုံခင်မင်ချစ်ကြိုက်မိတဲ့ မိန်းခလေးတစ်ယောက်အကြောင်းကိုဖွဲ့ ဆိုထားတာဖြစ်ပါတယ်၊ ဇာတ်ကားအပြီး အထူးပွဲကို မောင်မိုးသူရဲ့ မိတ်ဆွေစာရေးဆရာတွေအားလုံးကိုဖိတ်ပြီး ဇာတ်ကားကိုကြည့်ပြီးတော့ ဆရာမကြီးဒေါ်ခင်မျိုးချစ်က ဒီကားကိုကြည့်ရတာ (အိတ်ချင်း) အူယားတဲ့အရသာ ရတယ်လို့ ချီးကျူးသွားပါတယ်၊ မောင်မိုးသူလည်း ပျော်တာပေါ့၊ ဒါကတော့ မောင်မိုးသူရဲ့ ပထမဆုံးဒါရိုက် ဖြစ်တဲ့ ကိုယ်ရိုက်ချင်တာတွေကို အကုန်လုံးစွတ်ရိ်ုက်ခဲ့တဲ့ ဇာတ်ကားပဲဖြစ်ပါတယ်၊

 အဲဒီဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်တဲ့ တွံတေးသိန်းတန်လည်းအကယ်ဒမီရမယ်ဆိုပြီး အကယ်ဒမီဇာတ်ကားစာရင်းမှာပါသွားသေး တယ်၊ အဲဒီနှစ်က အကယ်ဒမီမပေးဖြစ်လို့ မောင်သိန်းတန်လည်း အကယ်ဒမီမရရှာပါဘူး။