Tuesday, August 20, 2019

မိုးမင်းသိမ်း- ဒေါက်ဇော်သန်းဘာသာပြန်သည့် ရိုးလ်ဒါးလ်၏ ငယ်ဘဝပုံပြင်များ


ဒေါက်​တာ​ဇော်​သန်းဘာသာပြန်​သည့်
ရိုးလ်​ဒါးလ်​၏ ငယ်​ဘဝပုံပြင်​များ
(မိုးမခ)စက်တင်ဘာ ၂၀၊ ၂၀၁၉


ဒေါက်​တာ​ဇော်​သန်း
ရိုးလ်​ဒါးလ်​၏ ငယ်​ဘဝပုံပြင်​များ
Roald Dahl ၏ Boy - Tales of childhood ကို ဘာသာပြန်​သည်​။
တိုးမြစ်​စာအုပ်​တိုက်​၊
ပထမအကြိမ်​၊ ၁ ​မေ ၂၀၁၉။
မျက်​နှာဖုံးပန်းချီနှင့်ဒီဇိုင်း - ​ဇော်​​မောင်​။
 ၁၃.၆ စင်​တီမီတာ x ၂၀.၆ စင်​တီမီတာ။
စာမျက်​နှာ - ၁၆၀ ၊
တန်​ဖိုး - ကျပ်​ ၃၀၀၀။

ကမ္ဘာ​​ကျော်​က​လေးစာ​ပေ​များ​ရေးသားခဲ့သူ ဗြိတိသျှစာ​ရေး ဆရာကြီး ရိုးလ်​ဒါးလ်​၏ ၁၉၈၄ ခုနှစ်​တွင်​ ပထမအကြိမ်​ထုတ်​​ဝေခဲ့​သော ကိုယ်​တိုင်​​ရေး အတ္ထုပ္ပတ္တိကို ဘာသာပြန်​ဆိုထားခြင်းဖြစ်​သည်​။
သြဂုတ်​  ၂၀၁၈ က ​ရေးသားထား​သော ဘာသာပြန်​သူ၏ အမှာပါရှိသည်​။
 
ရနံ့သစ်​မဂ္ဂဇင်း၌ ၁၈လ တိုင်​တိုင်​ အခန်းဆက်​​ဖော်​ပြခဲ့​သော ဘာသာပြန်​လက်​ရာကို စုစည်းထုတ်​​ဝေထားခြင်းဖြစ်​သည်​။ ကမ္ဘာ​ကျော်​ က​လေးစာ​ပေ​ရေးသားသူ ရိုးလ်​ဒါးလ်​၏ က​လေးဘဝ စိတ်​ဝင်​စားစရာတို့အား ဘဝကနဦးအစ၊ လင်းဒတ်​ဖ်​​ကျောင်း ၁၉၂၃ - ၅ ( အသက်​ ၇ - ၉ နှစ်​ ) ၊ စိန် ့ပီတာ​ကျောင်းသားဘဝ ၁၉၂၅ - ၉ ( အသက်​ ၉ - ၁၃ နှစ်​ ) ၊ ရက်​ပ်​တွန်​နှင့် ရှဲလ်​ ပုဂ္ဂလိက​ကျောင်းများ ၁၉၂၉ - ၃၆ ( အသက်​ ၁၃ - ၂၀ နှစ်​ ) ဟူ၍ အခန်း ၄ ခန်း ပါရှိသည်​။ ရိုးလ်​ဒါးလ်​ ၏ အမှတ်​သညာတွင်​ နှစ်​​ပေါင်းများစွာ စွဲထင်​ကျန်​ရစ်​​နေ​သောအဖြစ်​အပျက်​တို့အား​ရေးဖွဲ့ထားခြင်းဖြစ်​သည်​။
 
'' အချို့က ​ပျော်​ရွှင်​စရာ၊ အချို့က နာကျင်​ခံစားစရာ၊ အချို့ က စိတ်​နှလုံးမသာယာစရာဖြစ်​ရာ ထိုအဖြစ်​အပျက်​များကို ကျွန်​​တော်​က ပြက်​ပြက်​ထင်​ထင်​ မှတ်​မိ​နေဆဲဖြစ်​ပါသည်​။ '' ဟု ရိုးလ်​ဒါးလ်​ က ​ဖော်​ပြထားသည်​။ တစ်​နည်​းအားဖြင့် ငယ်​စဉ်​က​လေးဘဝမှ အသက်​ ၂၀ လူပျို​ပေါက်​အရွယ်​အထိ အမှတ်​ရစရာတို့အား ရွှင်​ရွှင်​သွက်​သွက်​ မှတ်​တမ်းတင်​ထားခြင်းဖြစ်​ပြီး ထို​ခေတ်​ ထိုကာလက စီးပွား​ရေး၊ လူမှု​ရေး၊ နိုင်​ငံ​ရေး၊ ပညာ​ရေး နှင့်လမ်းပန်းဆက်​သွယ်​​ရေးအ​ခြေအနေများကိုလည်း တ​စေ့တ​စောင်းအကဲခတ်​နိုင်​မည်​ဖြစ်​သည်​။

'' စိန် ့ပီတာ​ကျောင်း၌ စ​နေစဉ်​ ပထမ သုံး​လေးလအတွင်းကျွန်​​တော်​ အိမ်​သို့လွမ်းလိုက်​သည်​မှာ ​ပြောဖွယ်​ရာမရှိ​တော့။ အိမ်​လွမ်းခြင်းမှာ ပင်​လယ်​ထဲ လှိုင်းမူးသလိုပင်​။ မိမိကိုယ်​တိုင်​ မခံစားမရမချင်းမသိနိုင်​။ ကိုယ်​​တွေ့ကြုံ​တော့မှပဲ အရှိုက်​ကို လက်​သီးနှင့်ထိ အထိုးခံရသလို ​သေလု​မျောပါး အခံရခက်​လှ​သော ​ဝေဒနာတစ်​ခုပင်​။ တစ်​ခုပဲသက်​သာရာရှိသည်​က​တော့ အိမ်​လွမ်းတာပဲဖြစ်​ဖြစ်​၊ ပင်​လယ်​ထဲလှိုင်းမူးတာပဲဖြစ်​ဖြစ်​ ချက်​ချင်း​ပျောက်​ကင်းသွားနိုင်​ခြင်းပင်​ ဖြစ်​၏။ အိမ်​သို့ လွမ်​း​သော​ဝေဒနာမှာ ​ကျောင်းပရဝဏ်​တွင်းမှ​လျှောက်​ထွက်​လာသည့်အခိုက်​အတန် ့၌ ချက်​ချင်း​ပျောက်​ကင်းသွားတတ်​ပြီး လှိုင်းမူးခြင်းမှာလည်း မိမိစီးလာ​သောသ​င်္ဘော ဆိပ်​ကမ်းကပ်​သည်​နှင့်သက်​သာသွားတတ်​​ပေသည်​။ '' ( စာမျက်​နှာ ၇၁ မှ ) 

'' ရွှမ်း..... ရိုင်​ဖယ်​​သေနတ်​နှင့်ပစ်​လိုက်​သလိုပင်​။ တင်​ပဆုံ​ပေါ်သို့ အလွန်​ပြင်းထန်​စွာဖြင့် ကြိမ်​ရိုက်​ချက်​ကကျ​ရောက်​လာသည်​။ နာကျင်​မှုကို မခံစားရမီ ​လေးစက္ကန် ့မျှကြာ​သေး၏။ ထို့​ကြောင့် အ​တွေ့အကြုံရင့်ကျက်​​သော ကြိမ်​ရိုက်​သူများမှာ အရိုက်​ခံရသူ၏နာကျင်​မှု အမြင့်ဆုံးသို့ ​ရောက်​ရန်​အတွက်​ ကြိမ်​ရိုက်​ချက်​ တစ်​ခုနှင့်တစ်​ခုအကြား အချိန်​အနည်းငယ်​စီ ခြား၍ ရိုက်​​လေ့ရှိ၏။ ထို့​ကြောင့် ပထမကြိမ်​ချက်​အပြီး စက္ကန် ့အနည်းငယ်​မျှ ကျွန်​​တော်​ ဘာမှမဖြစ်​​သေး။ ထို့​နောက်​တွင်​မှ တင်​ပ ဆုံကြွက်​သားများတစ်​​လျှောက်​ အလွန်​ထိတ်​လန် ့ ​ကြောက်​ရွံ့ ဖွယ်​မခံမရပ်​နိုင်​​လောက်​​အောင်​ နာကျင်​လာ​တော့၏။ '' ( စာမ်က်​နှာ ၉၉ နှင့် ၁၀၀ မှ ) '' 

ထိုအဖြစ်​အပျက်​များက သီးခြားဇာတ်​လမ်းတစ်​ပုဒ်​ဖြစ်​ခဲ့ပါသည်​။ ကျွန်​​တော်​၏ ငယ်​စဉ်​ဘဝ၊ ​နွေရာသီ ​နော်​​ဝေးကျွန်းများ​ပေါ်မှ ​ကျောင်းပိတ်​ရက်​များ၊ ​ကျောင်းများ၊ ကြွက်​​သေများ၊ ဘိုဇာများနှင့်သက်​ဆိုင်​ခြင်းမရှိ​တော့ပါ​ချေ။ အခွင့်သာသည့် တစ်​ချိန်​ချိန်​တွင်​ ထိုအဖြစ်​အပျက်​များကို ကျွန်​​တော်​ ​ပြောပြ​ကောင်း​ပြောပြဖြစ်​ပါလိမ့်ဦးမည်​။ '' ( စာမျက်​နှာ ၁၆၀ မှ ) ဟု ငယ်​ဘဝပုံပြင်​များကို အဆုံးသတ်​ထားသည်​။
 
ရိုးလ်​ဒါးလ်​၏ ငယ်​ဘဝပုံပြင်​များကိုဖတ်​ရှုပြီးသည့်နောက် ​ မိမိ၏ ​ပျော်​ရွှင်​ကြည်​နူးဖွယ်​၊ ဝမ်းနည်း​ကြေကွဲဖွယ်​၊ လွမ်းဆွတ်​တမ်းတဖွယ်​ အတိတ်​​နေ့ရက်​တို့ကို ပြန်​​ပြောင်​းအမှတ်​ရ​နေမိပါ​တော့သည်​။
မိုးမင်းသိမ်း
၁၉ သြဂုတ်​ ၂၀၁၉