Breaking News

ကမ်လူဝေး - ၁၉၈၈ သမိုင်းဟာ


ကမ်လူဝေး - ၁၉၈၈ သမိုင်းဟာ

(မိုးမခ) ဩဂုတ် ၈၊ ၂၀၂၀

ညနေစောင်း ခပ်မှောင်မှောင်မှာ
ခေါင်းကို သေနတ်မှန်တဲ့ အဒေါ်ကြီးဟာ
နေမကောင်းလို့ သူ့အိမ်က အိပ်ယာထဲမှာ
လှဲနေတုန်း သေခဲ့ရှာတယ်။

တွေ့ရာမြင်ရာ ရမ်းပစ်တဲ့ ရဲဘော်ကတော့
သူ့ကို ဂျင်ကလိနဲ့ ပစ်ရကောင်းလားဆိုတဲ့
ဒေါသစိတ် အပြည့်နဲ့ပေါ့။

သပိတ်စခန်းတွေကို
ပစ်မိန့်မပေးပဲ ညှိနှိုင်း ဖျက်သိမ်းခဲ့တဲ့
တာဝန်ခံ ဗိုလ်ကြီး ကတော့
ရှေ့တန်းချက်ချင်းအပို့ခံရပြီး သေခဲ့ရှာပြီ။

တပည့်တွေရဲ့ ခံစားချက်ကို
နားလည်ပါတယ်လို့ ဆိုခဲ့တဲ့
ဗိုလ်ကြီးကတော် တက္ကသိုလ်က ဆရာမ ကော
မုဆိုးမ ဘဝနဲ့. ဘယ်ရောက်နေပြီ မသိ။

လည်ကတုံး အကျင်္ ီဖြူနဲ့
ကချင်ပုဆိုးကို တိုတိုဝတ်
မိုးရေတွေထဲမှာ အော်ဟစ် ဆန္ဒပြခဲ့တဲ့
တက္ကသိုလ်ကျောင်းသားလေးဟာ
အခု အသက်ငါးဆယ်ကျော်ခဲ့ပြီ။

အသေခံစရာရှိရင် ရှေ့က နေဖို့
လက်ချင်း မြဲမြဲတွဲ ပြီး
အလံကိုင်အဖွဲ့ကို ဝန်းရံခဲ့တဲ့ လူငယ်လေးတွေ
ထောင်ထဲမှာ နှိပ်စက်ခံရလို့ သေတဲ့သူက သေခဲ့ပြီ
တောခိုပြည်ပြေးဘဝနဲ့ တိုင်းတပါးမှာ
ရောက်နေသူက ရောက်လို့
တိုက်ပုံအဖြူဝတ်ပြီး ပြည်ခိုင်ဖြိုး အမတ်
ဖြစ်တဲ့သူကဖြစ်လို့
ပင်နီတကားကားနဲ့ အာဏာရ ဒီချုပ် အမတ်
လုပ်တဲ့သူက လုပ်လို့
ဖြူဖြူနီနီ ပေါင်းစားမှာပဲဆိုတဲ့
ခရီုနီ ဖြစ်သူကဖြစ်လို့။

ငါကတော့ ထိုင်ကြည့်နေတယ်
အရာအားလုံးကို စိတ်ပျက်လက်ပျက်နဲ့
ထိုင်ကြည့်နေတယ်
သမိုင်းဆိုတာ မဖြောင့်တန်းဘူး
ကောက်ကွေ့လွန်းတယ်လို့ တွေးရင်း
ကောက်ကျစ်လွန်းတယ်လို့ တွေးရင်း။ ။

ကမ်လူဝေး
၈.၈.၂၀၂၀