Wednesday, January 6, 2021

နေစိမ့် - ဆေးရုံ

Art - Than Htay Maung , Walk in the wood 


နေစိမ့် - ဆေးရုံ

(မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၂၀
(မိုးမခ စက်-ဒီ ၂၀၂၀ ထုတ် ပုံနှိပ်မဂ္ဂဇင်း)

နာကျင်ကြေကွဲသူများ ဆုံစည်းရာ
မမျှော်လင့်တဲ့အဖြစ်တွေကြုံရတာချင်းအတူတူ
ဇာတ်နာတာချင်းအတူတူ
တကယ့်ဘဝတွေဖလှယ်ဖောက်ကားရာအရပ်
အရေးပေါ်လူနာတင်ယာဉ်က
နှစ်ဆယ့်လေးနာရီ မီးလောင်။

သေဆုံးသူတွေ ဒုက္ခအပေါင်းမှ
ယာယီကင်းလွတ်ခွင့်ရပြီး
ရှင်သူတွေ တသက်တကျွန်းခံစားခွင့်နဲ့
အလိုတူအလိုပါရောဂါနဲ့
အလွတ်ကျက်ကုထုံးက
နှစ်ဦးသဘောတူ စပ်ယှက်လို့။

ရယ်သံကိုစုပ်ယူထားတဲ့နံရံတွေ
ဆေးရောင်အသစ်နဲ့တောက်ပလွန်း
မျက်ရည်နဲ့မံထားရတဲ့ကျောက်ပတ်တီးက
ခြေတုလက်တုစျေး မေးမြန်းလားနဲ့။

ရေခဲတိုက်အစောင့်
ရှောင်တခင်ခွင့်ရက်ရှည်ယူသွားပြီးတဲ့နောက်
ပိုင်ရှင်မဲ့အလောင်းတွေ
သရဏဂုံရွတ်ဖို့ နိုင်ငံကူးလက်မှတ်ကိုယ်စီနဲ့။

သံဝေဂကို အလစ်သုတ်လာတဲ့ကျီးကန်းက
ဓာတ်လှေကားအဝမှာ အမောဖြေ
ဆေးရုံက အန်ချလိုက်တဲ့ဝိညာဉ်တွေ
သံသရာရဲ့လိပ်စာ
အလုအယက် ထိုးဆိတ်လို့။

ဘယ်တော့မှ
ရောက်လာလေ့မရှိတဲ့စာပို့သမားက အခန်းမှား
ပစ္စုပ္ပာန်ရဲ့မဖုံးနိုင်မဖိနိုင်ကိုယ်ဝန်အရင့်အမာ
မွေးခန်းထဲက အူဝဲဆိုတဲ့အော်သံထဲ
ချက်ကြိုးတန်းလန်းနဲ့။ ။