Monday, March 8, 2021

သီအိုဇော် - ရွံအောင်လည်းရိုင်း၊ယုံအောင်လည်းယုတ်သူများနှင့် လမ်းခွဲပေးကြပါရန်



သီအိုဇော် - ရွံအောင်လည်းရိုင်း၊ ယုံအောင်လည်းယုတ်သူများနှင့် လမ်းခွဲပေးကြပါရန်

(မိုးမခ) မတ် ၈- ၂၀၂၁

ဒီခေါင်းစဉ်မြင်လိုက်ကတည်းက၊ ဘယ်သူဘယ်ဝါကိုဆိုလိုသည်အား ရှင်းပြစရာမလိုပဲ၊ မျက်စိထဲကွက် ကွက်ကွင်းကွင်း မြင်မိမယ်ဆိုတာ သံသယမရှိပါ။ ရွံရှာစရာရိုင်းစိုင်းရက်စက်သည့် လုပ်ရပ်များကိုချန်ရစ်ကာ အယုံ သွင်းလုပ်ကြံဇာတ်လမ်းများအကြောင်းဖြင့်သာ စလိုက်ပါမည်။ ဤနေရာတွင်လည်း ပြည်သူလူထုအားလုံးနှင့်သက်ဆိုင်သော သာဓကအနည်းငယ်ကိုသာ ကောက်နှုတ်ဖေါပြလိုပါသည်။ နီးနီးကပ်ကပ်ပြောရလျှင် “၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှု့ကြီး” ဆိုသည့် လိမ်လည်စွပ်စွဲချက်၊ နောက်တစ်ခုက ဆန္ဒမဲပေးခွင့်ရှိသူအားလုံး၏ ၉၈.၁၂ ရာခိုင်နှုန်းလာရောက် မဲပေးခဲ့ပြီး ၉၂.၄၈ ရာခိုင်နှုန်းက ထောက်ခံခဲ့သည် ဆိုသော ၂၀၀၈ အခြေခံဥပဒေ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲရလဒ် 1 ၊ ဤနှစ်ချက်ဖြင့်ပင်ပြည်သူကို မည်ရွေ့မည်မျှအထင်အမြင်သေးပြီး၊ ပြည်သူ့ဆန္ဒကို လုံးဝအသိအမှတ်မပြုလိုသော သေးသိမ်သည့်စိတ်သဘောထားကို သိမြင်နိုင်ပါသည်။

နောက်ထပ်တင်ပြလိုသည်ကတော့ လောလောလတ်လတ် ငှါးရမ်းထားသည့် Dickens & Madson Canada Lobby Group မှတဆင့် ပြောကြားလာသည့် ICJ တွင် ရောက်နေသည့် ၂၀၁၇ လူမျိုးတုန်းသတ်ဖြတ်မှုသည်ဒေါ်အောင်ဆန်းစုကြည်၏လက်ချက်သာဖြစ်ပြီး စစ်တပ်နှင့်လုံးဝမသက်ဆိုင်ကြောင်းဆိုကာ ကမ္ဘာကိုဗြောင်လိမ်ရန်ကြိုးစားခြင်းပင် 2 ။ ကြားရသူတိုင်း မင်တက်သွားစေမည့်ယုတ်မာလိမ်လည်မှု့ တစ်ခု ဖြစ်ပေသည်။ “မလုပ်ရဲတာဘာမှမရှိသူ”အတွက်ကတော့ မယုတ်ရဲတာလည်း ဘာမျှ ရှိမည်မဟုတ်ပေ။

ဤနေရာတွင် ဆက်စပ်ပြောကြားလိုသည်မှာ၊ ထိုကဲ့သို့သောသူများနှင့် ဆက်လက်စခန်းသွားသင့် မသင့် စဉ်းစားနေသော၊ ထိုသူများပေးသည့် ဗလာကတိများကို ဟုတ်နိုးထင်နေသော၊ ယခုအချိန်အထိ CDM မဝင်သေးသောသူများအား “တစ်ကြိမ်အယုံသွင်းလှည့်ဖြားခံရလျှင် သူ့အပြစ်၊ နှစ်ကြိမ် အယုံသွင်းလှည့်ဖြားခံရလျှင်တော့ ကိုယ့်အပြစ်” ဆိုသည့် ဆိုရိုးစကားကို မမေ့ကြဖို့ပင်။ အကြိမ်ကြိမ်အခါခါ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးနှင့် ကမ္ဘာကြီးကိုလိမ်လည်ခဲ့သောသူများသည် မည်သူ့ကိုမဆို ထပ်မံလိမ်လည်ရန် ဝန်လေးမည်မဟုတ်သလို၊ မည်သူ့ကိုမျှ ကောင်းကျိုးပြုမည်လည်းမဟုတ်။

မှန်ပါသည်။ CDM ဝင်သောသူများ၏ ဆုံးဖြတ်စွန့်စားရမှုသည် လွယ်ကူလှသည်မဟုတ်ပေ။ တစ်ဦးတစ်ယောက်ချင်းအတွက်သော် လည်းကောင်း၊ မိသားစုအတွက်သော်လည်းကောင်း၊ ထည့်သွင်းစဉ်းစားရင်း၊ တွေဝေနေရသူများလည်းရှိနိုင်ပါသည်။ သို့ရာတွင် အဘယ့်ကြောင့် များစွာလှသောဝန်ထမ်းများ CDM တိုက်ပွဲဝင်အင်တိုက်အားတိုက်ဝင်နေကြသလဲ?  အဘယ့်ကြောင့် CDM တိုက်ပွဲအတွက် အထောက်အကူ ပြုနိုင်ရန် ကျည်ဆန်အစစ်များကြား လူငယ်လူရွယ်များ နေ့စဉ်ရက်ဆက် ဆန္ဒသွားပြ နေကြပါသလဲ? ဆိုသည့်မေးခွန်းများကိုလည်း ဖြေဆိုကြည့်စေချင်ပါသည်။ ဘဝနှင့်အသက်နှင့်ရင်း၍ သူတို့တတွေသည် စစ်အာဏာရှင်စနစ်နှင့် မတရားမှု့ကို ဆန့်ကျင်နေကြသည်။ မိမိအကျိုးစီးပွါးအတွက်သာကြည့်တတ်သောသူများလက်ထဲ မြစ်ဆုံစီမံကိန်း နှင့်အလားတူ စီမံကိန်းများ လုပ်ပိုင်ခွင့်အာဏာကို မည်သူထားချင်ပါမည်လဲ?။ တိုင်းပြည်နှင့်လူမျိုး၏ အနာဂတ်ကို စိတ်ချလက်ချ ပေးအပ်ချင်ပါမည်လဲ?။

CRPH ကလည်း CDM တွင်ပါဝင်လှုပ်ရှားသောသူများ၏အလုပ်လုံခြုံမှုအတွက် ကတိအာမခံပြုပြီးဖြစ်သည်။ လတ်တလောကြုံတွေ့နိုင်သည့် အခက်အခဲများကိုလည်း ပြည်သူလူထုနှင့် လူမှု့အဖွဲ့အစည်းများက ဝိုင်းဝန်းကူညီပန့်ပိုးနေကြသည်။ နိုင်ငံတကာမှဖိအားများသည်လည်း တစ်နေ့ထက်တစ်နေ့ ကြီးမားလာသည်မှာ မျက် မြင်ပင်။ 

COVID-19 တိုက်ပွဲတွင် ပြည်သူလူထု၏အသက်ကိုကယ်တင်နိုင်ရန် စွမ်းစွမ်းတမံ ကြိုးစားခဲ့သော၊ ပါမောက္ခ Dr ဇော်ဝေစိုးသည် ယခုတစ်ကြိမ်တွင်လည်း မြန်မာနိုင်ငံကို စစ်အာဏာရှင်လက်မှကယ်တင်နိုင်ရန်အတွက် CRPH၊ CDM ဝန်ထမ်းများ၊ အသက်ကိုရင်း၍ စစ်အာဏာရှင်အားဆန့်ကျင် ဆန္ဒပြလှုပ်ရှားသူများနှင့် ဟန်ချက် ညီညီပူးပေါင်းပြီး CDM တိုက်ပွဲကို ဦးဆောင်နေပါသည်။ အခြားတစ်ဖက်တွင်တော့ ပြည်သူ့အသက်စည်းစိမ်ဥစ္စာကို ကာကွယ်စောင့်ရှောက် ရမည့်အစား၊ ခြိမ်းခြောက်သတ်ဖြတ် ဖျက်ဆီးနေသူများရှိသည်။ ဤသည်ကမှ ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းခြင်းပင်။

တရားမျှတမှု့နှင့် ပြည်သူလူထု လူများစုအတွက်ရပ်တည်မည်လား၊ ပြည်သူ့အသက်ကို စိုးစဉ်းမျှတန်ဖိုးမထားသော၊ ကိုယ်ကျိုးရှာစစ်အာဏာရှင် အဓမ္မဘက်တော်သား လူနည်းစုအား အစေခံမည်လားဆိုသည်ကိုတော့ မိမိကိုယ်တိုင်ရွေးချယ်ရပေမည်။ အနာဂတ်ကာလတွင်၊၂၀၂၁၌ မိမိ၏ဆုံးဖြတ်ခဲ့မှု့ကိုအချိန်နေရာမရွေး၊ လိပ်ပြာသန်သန့်နှင့် ခေါင်းမော့ ရင်ကော့၍ ဖြေဆိုနိုင်သောသူတစ်ယောက် ဖြစ်နိုင်ပါစေဟူ၍သာ။

ကိုးကားစာရင်:
1.Commission for Holding Referendum, ‘Announcement no 12/2008 (dated 26 May 2008)’ New Light of Myanmar (27 May 2008) 1–2.
2.Julian Pecquet. Myanmar junta hires Israeli intelligence veteran for international lobbying campaign
https://www.foreignlobby.com/.../myanmar-junta-hires...
(သီအိုဇော်)
#MoeMaKaMedia #WhatsHappeningInMyanmar