Friday, March 12, 2021

ငဇ - ငဇ၏ နွေဦးတော်လှန်ရေး ကဗျာစု

Art- Than Htay Maung
ငဇ၏ နွေဦးတော်လှန်ရေး ကဗျာစု
(မိုးမခ) မတ် ၁၂၊ ၂၀၂၁
...

ဗန်ဂိုးရဲ့ စုတ်ချက်တွေ
______


လုပ်ရပ်က သမိုင်းကိုရေးတယ်
ကာလသုံးပါး 
ရောင်စုံ ကင်းဘတ်စများ
သွေးကြောများ
ပင်လယ်ရဲ့ စီးဆင်းခြင်းက
ပန်းချီကို သတ်မှတ်လိုက်တယ်။

၂၊ ၁၊ ၂၀၂၁

.....

လိုဏ်သံ ၂၁
______


လှပတဲ့ ဆူညံမှုပေါ့
သံပုံးတီးသံတွေ
ဒါဟာ
အံကြိတ်တဲ့အသံ
ဒါဟာ
တက်ခေါက်တဲ့အသံ
ခေတ်ပြိုင်ဂီတပေါ့။

၃၊ ၂၊ ၂၁

.....

ပြည်သူ 
______

မျက်ရည်ဟာ လောင်စာဖြစ်လို့
စိတ်ရထားဟာ
တဟုန်းဟုန်း တောက်လောင်လို့
အနာဂတ်ကို ရိုက်ခေါ်ကြ
ကိုယ်စီ ကိုယ်စီ
အနာဂတ်ကို ရိုက်ခေါ်ကြ။ ။
၄၊ ၂၊ ၂၁
.....

ပြည်သူ 
______


ဆီဖြစ်ဖို့ မကြောက်ရွံ့တဲ့ နှမ်းစေ့တွေ
လမ်းသိတော့ ရွာမလည်ဘူးလေ
တစေ့ချင်းစီ သစ္စာထားကြတယ်။ ။

၉၊ ၂၊ ၂၁

.....

ပြည်သူ 
______

                                       
မိခင်တယောက်မို့
သားကို အိမ်မှာ မထားခဲ့နိုင်ဘူး
ပြည်သူတယောက်မို့
အိမ်ထဲမှာလည်း မေမေ မနေနိုင်ဘူး။

 ၉၊ ၂၊ ၂၁