Breaking News

ဇာနည် - "" ကျနော်တို့ရဲ့မီးရူးတန်ဆောင်ရှေ့ဆောင်လမ်းပြ (သို့မဟုတ်) ဆရာဦးလှရွှေ ""

Photo - Crd
"" ကျနော်တို့ရဲ့မီးရူးတန်ဆောင်ရှေ့ဆောင်လမ်းပြ (သို့မဟုတ်) ဆရာဦးလှရွှေ ""
ဇာနည်
(မိုးမခ)ဇူလိုင် ၁၆၊ ၂၀၂၁ 

(၁)

ဒီနေ့မနက် ကျနော်အိပ်ပျော်နေတုံးနယူးယောက်က "မင်းနိုင်"(၈၈,မျိုးဆက်ကျောင်းသား) ဖုန်းဆက်လာတယ်..

"ဦးလှရွှေ ညကဆုံးသွားရှာပြီ.." တဲ့။

သူက မနေ့ကပဲ ဆရာဦးလှရွှေအတွက်အောင်စီဂျင်ဝယ်ဖို့ငွေပို့လိုက်ကြောင်းကျနော့်ကိုပြောခဲ့ပါသေးတယ်...
"ကိုယဉ်အေး" (၈၈,အာအိုင်တီကျောင်းသားခေါင်းဆောင်) ကလဲကျနော့်ထံကို Text message,ပို့ပြီး ဆရာဦးလှရွှေအတွက် အကူအညီပေးဖို့ပြောလာလို့...သူ့ကိုလဲ ဆရာထံသို့တိုက်ရိုက်ကူညီ ပို့ပေးနိုင်မဲ့ ပြည်တွင်းကဖုန်းနံပါတ်တွေကိုပေးလိုက်ပါသေးတယ်...

ခုတော့...အောက်စီဂျင်ပြတ်ပြီးဆရာဦးလှရွှေဆုံးသွားကြောင်း ဆရာသမီးငယ် "နေခြည်"ရေးထားတာဖတ်မိတော့ ရင်ထဲမှာ နင့်ခနဲခံစားလိုက်ရပါတယ်..
ဪ..ဘဝတလျှောက်လုံး မိသားစုတခုလုံးစစ်အာဏာရှင်စနစ်ကိုတိုက်ပွဲဝင်ခဲ့သော..စစ်အာဏာရှင်တို့ရဲ့ရန်လိုမုန်းထားခံခဲ့ရပြီး..ထောင်အကြိမ်ကြိမ်ကျခဲ့ရသော (၁၉၆၂) နောက်ဆုံးမျိုးဆက် ဗကသ..တကသ ကျောင်းသားခေါင်းဆောင် တော်လှန်ရေးသမားကြီး ဦးလှရွှေ (စာရေးဆရာ အောင်သာ,PPP) ဟာ (၇-၁၅-၂၀၂၁) မနေ့ည(၇:၁၅)မိနစ်ခန့်က သူချစ်တဲ့အဖိနှိပ်ခံပြည်သူတွေ ရဲဘော်ရဲဘက်တွေ ကျောင်းသားမျိုးဆက်တွေအားလုံးကို ထာဝရခွဲခွာသွားခဲ့ပါပြီ...။

(၂)

(၂၀၁၇) ကျနော် ဗမာပြည်ပြန်ဖြစ်ခဲ့တုန်းက ဆရာဦးလှရွှေနဲ့နှစ်ကြိမ်တွေဆုံခွင့်ရခဲ့ပါတယ်...တကြိမ်က ကျနော်တို့ ၈၈,မျိုးဆက်ကျောင်းသားများ (ပြည်ပ)နဲ့ပြည်တွင်းနိုင်ငံရေးအင်အားစုများတွေ့ဆုံပွဲကို ပြည်လမ်းက ယုဒသန်ခန်းမမှာပြုလုပ်ခဲ့စဉ်ကဖြစ်ပြီး...နောက်တကြိမ်ကတော့ အမေရိကားပြန်ခါနီး ကျနော့်ခရီးဆောင်အိပ်နှစ်လုံးထဲက အဝတ်အစားတွေကို ရဲဘော်ရဲဘက်သူငယ်ချင်းတွေကိုပေးခဲ့ပြီး အဲ့ဒီအိပ်တွေနဲ့ကိုယ်လိုချင်တဲ့မြန်မာပြည်ကစာအုပ် စာတမ်းတွေပြန်ဝယ်လာဖို့ ရန်ကုန်မြို့ထဲက စာအုပ်ဆိုင် စာအုပ်စျေးတန်းတွေလျှောက်ပတ်ကြည့်ရင်း..ယဉ်ထွန်း(အောက် ဗကသ),ရဲ့"ယဉ်မျိုးစာအုပ်ဆိုင်"မှာ ဆရာဦးလှရွှေနဲ့အမှတ်တရနောက်ဆုံးဆုံဖြစ်ခဲ့ပါတယ်..ကျနော်နဲ့အတူ "ကောင်းထက်ကျော်"(ဗကသ CWC,အတွင်းရေးမူး)နဲ့ကိုခင်မောင်ဇော်(၄၈၂၈)တို့လဲ ပါတယ်...
အဲ့ဒီအချိန်က ဆရာဦးလှရွှေအသက်(၈၂) နှစ်ရှိပါပြီ၊၊ ဒါပေမဲ့ ဆရာက သန်တုန်း မြန်တုန်းစကားပြောရင် သူစရိုက်အတိုင်းအားမာန်အပြည့်နဲ့ပြောတုန်း.ကျနော်တောင်သူကိုကြည့်ပြီးအံသြနေခဲ့ရပါတယ်...

ကျနော်နဲ့ဆရာတို့ ကျောင်းသမဂ္ဂလှုပ်ရှားမှုအကြောင်းတွေ..(၁၉၆၂) ဗိုလ်နေဝင်းစစ်တပ်မှအာဏာသိမ်းပြီး ဇူလိုင်(၇) အရေးတော်ပုံနဲ့ သမိုင်းဝင်ကျောင်းသားသမဂ္ဂအဆောက်အဦးဗုံးခွဲဖြိုချခံခဲ့ရမှု...ကျောင်းသားရာကျော် ပစ်သတ်ခံခဲ့ရမူ့နဲ့ရာကျော်ကျောက်တိုင်...(၁၉၆၃) ဆိပ်ခေါင်းချိတ်ပြီးခွေးသားရောင်းတဲ့ ပြည်တွင်းငြိမ်းချမ်းရေးလိမ်လည်မူ့...ငြိမ်းချမ်းရေးဆွေးနွေးပျက်ပြီး ဗကသ တကသ ကျောင်းသားခေါင်းဆောင်(၇၀)ကျော် ဗကပထံတောခိုခဲ့ရမူ့...စတဲ့အကြောင်းတွေအကြာကြီးပြောဖြစ်ခဲ့တယ်...
ကျနော်လေးစားကြည်ညိုတဲ့ ဗကသ တကသ ကျောင်းသားခေါင်းဆောင် "ကိုသက်","ကိုတင်ထွန်း","ကိုဗဆွေလေး",တို့ တောထဲမှာကျဆုံးခဲ့ကြရပုံတွေအကြောင်း ဆရာကပြန်ပြောနေစဉ်မှာတော့..တချက်ချက် ဆရာစကားသံတွေကတိမ်ဝင်သွားပြီး ဆရာ့မျက်ဝန်းမှာ မျက်ရည်တွေလည်လာတာတွေ့ရတယ်...
စစ်တပ်ကဝိုင်းမိထားစဉ်မှာ လက်နက်ချဖို့ပြောတော့...
တကသ ကျောင်းသားခေါင်းဆောင် "ကိုဗဆွေလေး" က.."ကွန်မြူနစ်ဆိုတာဘယ်တော့မှလက်မြှောက်အရူံးမပေးဘူးကွ.."လို့အော်ပြောရင်း ပြန်ခံပစ်ခဲ့ပြီး သေနတ်ဒဏ်ရာ(၈)ချက်နဲ့ "ကိုဗဆွေလေး"ကျဆုံးခဲ့ရတဲ့အကြောင်းပြောတော့ ဆရာမျက်ရည်တွေကျလာပါတော့တယ်...။ 

(၃)

ကျနော်လဲစိတ်မထိန်းနိုင်တော့တာနဲ့ စကားလမ်းကြောင်းပြောင်းပြီး..
ကျနော်က.."ကျနော်ထောင်ကလွတ်တော့ ဆရာ့အိမ်ကိုရောက်ခဲ့ပါသေးတယ်...ဆရာ့ကတော်..ဆရာမ "ဒေါ်ခင်မာအေး"နဲ့တွေ့ခဲ့ရသေးတယ်..."လို့ပြောပြီး စကားလွှဲခဲ့ရတယ်...
အဲ့ဒီတုန်းက သင်္ကန်းကျွန်းကဆရာအိမ်လေးကခြောက်သွေ့ပြီးအထီးကျန်ဆန်လွန်းလှပါတယ်..ဆရာမဒေါ်ခင်မာအေးကလဲထောင်ကလွတ်ခါစဘဲရှိဦးမယ်ထင်တယ်...အိမ်မှာ ဆရာမဒေါ်ခင်မာအေးနဲ့သူ့သမီးငယ် "နေခြည်" ပဲ ရှိပါတယ်...
အဲ့ဒီတုန်းက ကျနော်က စာရေးဆရာကဗျာဆရာတွေ"ဆရာဗန်းမော်တင်အောင်" အကြောင်းစုရေးထားတဲ့ "တိုင်းပြုပြည်ပြု့စာရေးဆရာ ဗန်းမော်တင်အောင်" ဆိုတဲ့စာအုပ်ထဲမှာ ဆရာမဒေါ်ခင်မာအေး(ကလောင်နာမည်"ညံဇန်"ထင်တယ်..) ရဲ့ဆောင်းပါးလေးတပုဒ်လဲပါတာမို့ လက်ဆောင်ပေးဖို့သွားခဲ့တာပါ...
ဆရာမဒေါ်ခင်မအေးက...သူငယ်ငယ်က ဆရာဗန်မော်တင်အောင်စာအုပ်တွေအကုန်ဖတ်ခဲ့ကြောင်း...ဆရာဗန်မော်ရဲ့ "မြိုင်" ကိုဖတ်ပြီး..သူအိမ်ထောင်ပြုရင်..မြိုင်ဝတ္ထုထဲက "ကိုတင်ဦး" လိုလူကိုရှာပြီး အိမ်ထောင်ဘက်အဖြစ်ရွေးချယ်မယ်လို့စိတ်ဆုံးဖြတ်ထားခဲ့ကြောင်း...သူတက္ကသိုလ်ရောက်တော့..ပထမနှစ်မှာတင် ဆရာဦးလှရွှေနဲ့တွေ့ပြီး အိမ်ထောင်ဖက်အဖြစ်သတ်မှတ်ရွေးခြယ်ခဲ့ကြောင်းတွေကို ကျနော်ကိုပြန်ပြောပြခဲ့ပါတယ်...

တကယ်လဲ...ဆရာဦးလှရွှေနဲ့ဆရာမဒေါ်ခင်မာအေးတို့ဘဝဟာ..ကိုတင်ဦးနဲ့မြိုင်ပါပဲလေ... 
(၁၉၆၂) ခုနှစ်စစ်တပ်ကအာဏာသိမ်းပြီးနောက်မှာ..ဆရာမဒေါ်ခင်မာအေးရဲ့ဘဝအိမ်မက်ကမ႓ာလေးဟာလဲ တစစီပြိုကွဲခဲ့ရပါတော့တယ်..
ဆရာဦးလှရွှေကတောထဲရောက်..နောက် ထောင်ကျ...ဦးလှရွှေနဲ့ဒေါ်ခင်မာအေးတို့ဟာ..ထောင်ထဲကိုတလှည့်စီဝင်လိုက်ထွက်လိုက်နဲ့မိသားစုတခုလုံး (မဆလ-နဝတ-နအဖ)စစ်အာဏာရှင်ခေတ်တလျှောက်လုံးမှာ ထောင်ထဲမှာဘဲအနေများခဲ့ရသူတွေဖြစ်ခဲ့ပါတော့တယ်...သားအကြီး ဆက်အောင်နိုင်ကလဲထောင်အကြိမ်ကြိမ်ကျ..သားအငယ် ဆက်အောင်ခိုင်ကလဲ(၈၈)နောက်ပိုင်းတောထဲရောက်သူပုန်ဖြစ်ခဲ့ရ...သမီးငယ်နေခြည်ကလဲလူမှန်းသိတတ်စအရွယ်ထဲကမိသားစုတကွဲတပြားနဲ့ကြမ်းတမ်းလှတဲ့လောကဓံတွေအာက်မှာနေခဲ့ရသူလေးပါပဲ...

စစ်အာဏာရှင်ခေတ်အဆက်ဆက် ဒုတ္ခအရောက်ခဲ့ရဆုံးမိသားစုတွေထဲမှာ..ဆရာဦးလှရွှေတို့မိသားစုဟာ ထိပ်ဆုံးကမိသားစုတခုဖြစ်ခဲ့ရပါတယ်...
ဒေါ်ခင်မာအေးက.."ကျမဘဝမှာ မိသားစုစုံညီတဲ့ထမင်းဝိုင်းလေးတခါမှမစားခဲ့ရပါဘူး..." ပြောခဲ့ရှာပါတယ်..
ဒေါ်ခင်မာအေးဟာ လောကဓံတရားတွေကိုကြံကြံခံရင်း ယုံကြည်ချက်ခိုင်မာစွာနဲ့ဆုံးပါးခဲ့ရဆရာဦးလှရွှေရဲ့ တော်လှန်ရေးပါရမီဖြည့်ဘက်တဦးပါပဲ...။

(၄)

လွန်ခဲ့တဲ့သုံးနှစ်လောက်ကထင်တယ်...ရဲဘော်ညီဇော် ဥက္ကဌအဖြစ်ရွေးခြယ်ခံရပြီးနောက် ရန်ကုန်တက္ကသိုလ်အဓိပတိလမ်းမပေါ်ကခြံအမှတ်(၃၄) အဆောက်အဦးမှာ"ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ"ရုံးခန်းဖွင့်ပွဲပြုလုပ်တော့ကျောင်းသားသမဂ္ဂမျိုးဆက်အသီးသီးကခေါင်းဆောင်တွေစကားပြောဖို့အစီအစဉ်ကို ရဲဘော်ညီဇော်တို့သမဂ္ဂအမူဆောင်အဖွဲ့နဲ့ကျနော်တို့ညှိနှိုင်းပြီး (၆၂)မျိုးဆက်မှ ဦးလှရွှေ,(၇၄)မျိုးဆက်မှ ကိုခင်ဝင်း(ဘိုးတော်),(၈၈)မျိုးဆက်မှ တင်အေး(ခင်မောင်ရီ),(၂၀၁၅)မျိုးဆက်မှ မိုးထက်နေတို့နဲ့ရုံးခန်းဖွင့်ပွဲအခမ်းအနားပြုလုပ်ခဲ့ကြပါတယ်..
ဒီပွဲဟာ...(၁၉၆၂) ဗကသ-တကသ ကျောင်းသားခေါင်းဆောင် ဆရာဦးလှရွှေရဲ့"တကသ"ရုံးခန်းမှာ နောက်ဆုံးစကားပြောတဲ့ပွဲတခုဖြစ်ခဲ့ပါတယ်...
ဆရာမသေခင်မှာ..မြင်တွေ့ချင်ခဲ့မဲ့ ကျောင်းသားသမဂ္ဂအဆောက်အဦးကြီးကို ပြန်လည်မြင်တွေ့ခွင့်ရမသွားခဲ့ပေမဲ့..တကသရဲ့နောက်ဆုံးမျိုးဆက်တွေရဲ့ အဓိပတိလမ်းမနဘေးကခွပ်ဒေါင်းအလံတွေတလူလူလွင့်တင်ထားတဲ့ "ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ"ရုံးခန်းဖွင့်ပွဲကိုတော့ ဆရာဦးလှရွှေကိုယ်တိုင်အဖွင့်မိန့်ခွန်းပြောပြီးဖွင့်လှစ်ပေးနိုင်ခဲ့တယ်လိုဆိုရမှာပါ...
ဒါဟာ..ဆရာရဲ့နောက်ဆုံးအပြင်းပြဆုံးဆန္ဒတခုပြည့်ဝခဲ့တယ်လို့ဘဲမှတ်ယူရပါတော့မယ်...။

(၅)

"ယဉ်မျိုး"စာအုပ်တိုက်မှာ ကျနော်နဲ့ဆရာဦးလှရွှေတို့ စကားပြောခဲ့ရတာဟာလဲ ဆရာဦးလှရွှေနဲ့ နောက်ဆုံးတွေ့ဆုံခြင်းဖြစ်ခဲ့ပါတယ်...
မနက်ပိုင်းကနေနေ့လည်အထိစကားတွေပြောဖြစ်ခဲ့ပြီး..ပြန်ခါနီးမှာ ဆရာကိုစားသောက်ဆိုင်တခုမှာထမင်းကြွေးမလို့ပြောတော့ဆရာကငြင်းပါတယ်...ဆရာက .."ငါကလက်ဖက်ရည်တခွက်သောက်ရရင်ကြေနပ်ပြီကွ.."လို့ပြောပါတယ်..
ကျနော်ရွေးထားတဲ့ "ဆရာဗန်မော်တင်အောင်"ရဲ့စာအုပ်တွေကိုယူကြည့်ရင်း ဆရာက"အေးကွာ..ငါတို့လဲ ဆရာဗန်မော်တင်အောင်ရဲ့လမ်းပေါ်မှာလျှောက်လာခဲ့ကြသူတွေပါဘဲ...ဆရာဗန်မော်တင်အောင်ဟာ ငါ့တို့ရဲ့မီးရူးတန်ဆောင်ရှေ့ဆောင်လမ်းပြဘဲကွ.."လို့ပြောခဲ့ပါတယ်...

ဆရာပြန်ခါနီး "ယဉ်မျိုး"စာအုပ်ဆိုင်လေးထဲက စာအုပ်ပုံတွေကြားမှာ ကျနော်ဆရာကိုကန်တော့်ခဲ့ပါတယ်..ဒါဟာလဲ ဆရာအပေါ်ကျနော်ရဲ့နောက်ဆုံးဂါဝရပြုခြင်းတခုလဲဖြစ်ခဲ့ပါတော့တယ်..
ကျနော်တို့ဘဝရဲ့စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ကျောင်းသားသမဂ္ဂလှုပ်ရှားမူ့တွေမှာထဲထဲဝင်ဝင်ပါဝင်လာခဲ့ရတဲ့အကြောင်းတွေထဲမှာ ဆရာဦးလှရွှေတို့ရဲ့စစ်အာဏာရှင်စနစ်ကိုစတင် ဆန့်ကျင်တော်လှန်ခဲ့တဲ့ (၁၉၆၂) နောင်တော့်နောင်တော် ကျောင်းသားသမဂ္ဂမျိုးဆက်တွေရဲ့သွေးတွေ ဘဝတွေ အသက်တွေခင်းပြီး လမ်းပြပေးခဲ့တဲ့ တော်လှန်ရေးလမ်းကြောင်းနဲ့စိတ်ဓါတ်တွေ..ခိုင်မာပြင်းထန်တဲ့ယုံကြည်ချက် ခံယူချက်တွေရဲ့ကျေးဇူးတရားတွေကြောင့်ဘဲဖြစ်ပါတယ်...
ဆရာဦးလှရွေအပါအဝင် ကျနော်တို့ရှေ့ကကျောင်းသားသမဂ္ဂမျိုးဆက်တွေဟာ ...ကျနော်တို့ရဲ့သမဂ္ဂစိတ်ဓါတ်နဲ့တော်လှန်ရေးရဲ့ မီးရူးတန်ဆောင်ရှေ့ဆောင်လမ်းပြတွေဘဲဖြစ်ပါတယ်...။။

(ဤစာစုဖြင့် ကွယ်လွန်သူဆရာဦးလှရွှေသို့ နောက်ဆုံးဂါဝရ အလေးနီပြုလိုက်ပါတယ်...!)
ဇာနည်
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar