" Darkest Hour.. "
ဇာနည်
(မိုးမခ) ဒီဇင်ဘာ ၂၁၊ ၁၂၊ ၂၀၂၁
(၁၉-၁၂-၂၀၂၁) ဒီနေ့ တွတ်ပီကံမကောင်းပါ။ အမေရိကားမှာ အနောက်အလယ်ပိုင်း (Midwest states ), တွေထဲက ဝိုင်ယိုးမင်းပြည်နယ် (Wyoming state) ဆိုရင် (Cowboy state) လို့နာမည်ကြီးပါတယ်။
မင်းသားကြီး ကလင့်အိစ်ဝု (Clint Eastwood ) ရဲ့ အော်စကာစုတွေအများကြီးရခဲ့တဲ့ "ခွင့်မလွှတ်ကြေး"(Unforgiven ) ရုပ်ရှင်ရိုက်ခဲ့တဲ့ပြည်နယ်ပေါ့လေ၊ ပြည်နယ်အဝင်ဆိုင်းဘုတ်မှာ ကောင်းဘွိုင်မြင်းစီးနေတဲ့ပုံနဲ့ (Forever West) လိုရေးထားပါတယ်။
နောက်တခုနာမည်ကြီးတာကတော့ ဆောင်းရာသီ (Winter time) မှာ ရာသီဥတုအလွန်ဆိုးဝါးတဲ့ပြည်နယ်တခုလဲဖြစ်ပါတယ်၊ ရော့ကီးတောင်တန်းတွေပေါ်မှာရှိပြီး အမြင့်ပေ (၆၀၀၀-၁၀၀၀၀) ရှိပါတယ်။ အမြဲလိုလို လေတိုက်နှုန်း (High wind) တနာရီ (၄၀-၇၅) မိုင်ရှိပါတယ်။
နှင်းကျနေရင် လမ်းမမြင်ရတော့ပါဘူး၊ လေတိုက်နှုန်းမြင့်ပြီး စနိုးတွက လမ်းမပေါ်ကိုမှုတ်တင်ပေးသလိုဖြစ်နေတော့ ၊ စနိုးရှင်းတဲ့ကားတွေလဲ အလျင်မှီအောင်မရှင်းနိုင်ပါဘူး၊ အဝေးပြေးလမ်းမကြီး (Interstate 80),ပေါ်မှာ တမြို့နဲ့တမြို့ကလဲ မိုင်(၁၀၀)လောက်ဝေးပါတယ်၊ နှင်းမုန်းတိုင်းကျရင်တော့ လမ်းတွေအကုန်လုံးပိတ်ထားလိုက်ရပါတယ်။
ဒီနေ့ကတော့ နှင်းမကျပေမဲ့ လေတိုက်နှုန်း( High wind), က တနာရီ (75+ MPH), နှုန်းပါ၊ ဒါကဘာကိုပြလဲဆိုတော့ လေတိုက်နှုန်း တနာရီ(၇၅) မိုင်ရှိမယ်၊ အပေါင်း + ကားမောင်းတဲ့အရှိန်(+MPH) ဆိုတော့ ကိုယ်က ကားကို တနာရီ မိုင်(၅၀) မောင်းရင် လေတိုက်နှုန်း (၇၅) နဲ့ပေါင်းပြီး ၊ အရှိန် တနာရီ(၁၂၅) မိုင်ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် လမ်းတွေပိတ်လိုက်ပါတော့တယ်။
ကျနော်လဲ နီးရာမြို့ဖြစ်တဲ့ နာမည်ကျော်( Cowboy town), ချိုင်းရင်း (Cheyenne ) ,က ဟော်တယ်တခုမှာဝင်အိပ်လိုက်ရပါတော့တယ်။ အပြင်မှာ အအေးချိန်က (22 ံ F), ရေခဲအမှတ်(15 ံ F),အောက်လောက်မှာရှိပါတယ်။
တည်ခိုခန်းရောက်ပြီးနောက် ရေမိုးချိုးပြီးချိန်ရောက်တော့ .."နေညိုတဲ့ လေပြိုချိန်..",ဖြစ်နေတာနဲ့အနီအနားက ဆီဆိုင်တွေမှာလိုက်ရှာမိတယ်၊ ပုံမှန်အားဖြင့်တော့ ကျနော်ကအလုပ်လုပ်ရတဲ့ရက်တွေမှာ လုံးဝမသောက်တတ်ပါဘူး၊ ဒီနေ့တော့ မနက်ဖြန်မနက် ဘယ်ချိန်မှလမ်းပြန်ဖွင့်မလဲမသိတော့၊ အနွေးဓာတ်ကလေး နည်းနည်းပေးရင်ကောင်းမယ်ဆိုပြီးလိုက်ရှာတာပါ။ သူတို့ရဲ့သတိပေးဆိုင်းဘုတ်တွေမှာတော့ (High wind until tomorrow 9 pm) , တဲ့လေ။
ခက်တာက ကျနော်သောက်တဲ့ (Johnny Walker whisky ) ကဘယ်မှာရှာလို့မရဘူး၊ အမေရိကန်တွေအများဆုံးသောက်ကြတဲ့ ဂျေဒီ (Jack Daniel 's) ပဲရတယ်။ မထူးပါဘူးဟာ ဘာရရဒေါင်းတာပေါ့လို့သဘောထားပြီး၊ JD, လေးပဲ ဆွဲလာတော့တယ်၊ ကျနော်က "ခင်ဗျားတို့ပြည်နယ်မှာ ဝီစကီ မရှိဘူးလား.." လို့မေးတော့ သူတို့ (Cowboys ) တွေက ဘယ်ကတောသားလဲဆိုတဲ့ အကြည့်နဲ့ကြည့်ခံခဲ့ရသေးတယ်။
ဒါနဲ့ တည်ခိုးခန်းပြန်ရောက်ပြီးတော့ "ဝင်စတန်ချာချီ" အကြောင်းရိုက်ထားတဲ့ (Darkest Hour) ရုပ်ရှင်ထိုင်ကြည့်နေလိုက်တယ်။
ရုပ်ရှင်က (၁၉၄၄) မေလ (၁၀) ရက်ဝန်းကျင်အချိန် အင်္ဂလန်ဝန်ကြီးချုပ် ချိန်ဘာလိန် နုတ်ထွက်ပြီး၊ ချာချီတက်လာတဲ့အချိန်ကစတာ။
အဲ့ဒီအချိန်က ဥရောပမှာ ဟစ်တလာရဲ့နာဇီဖက်ဆစ်တပ် (၃)သန်းကျော်က ပြင်သစ်၊ ပိုလန်၊ ဒိန်းမတ်၊ နော်ဝေး ...စတဲ့ နိုင်ငံတွေသိမ်းထားပြီးပါပြီ။
ရုပ်ရှင်ထဲမှာ "ချာချီ" ရဲ့ဓလေ့စရိုက်သဘာဝတွေအတော်ပေါ်လွင်အောင်ရိုက်ပြထားတယ်။ တချိန်က နေမဝင်အင်ပါယာရှင်ကြီးရဲ့နိုင်ငံရေး၊ စစ်ရေးအကြပ်အတည်းတွေအောက်မှာ အစိုးရအဖွဲ့ကို ချာချီကဦးဆောင်ပြီး၊ စစ်ရှုံးတော့မဲ့အခြေအနေကနေ စစ်ပွဲတခုကိုအနိုင်ပြန်တိုက်ခဲ့တဲ့ အင်္ဂလိပ်အစိုးရရဲ့ကြိုးပမ်းခဲ့ရတာတွေကိုပီပီပြင်ပြင်ရိုက်ပြထားတာပါ။
အဲ့ဒီထဲမှာ ထူးခြားချက်တခုကတော့ လူ့ဂွစာကြီးချာချီကို သူ့မိန်းမကလွှမ်းမိုးထားတဲ့စရိုက်သဘာဝလေးတွေကလဲပြုံးစရာ၊ သဘောကျစရာကောင်းလှပါတယ်။ ချာချီလဲ မိန်းမသြဇာခံတယောက်ဖြစ်ခဲ့ဖူးပါတယ်။ ချာချီအထက်မှာမိန်းမတယောက်ရှိနေသေးတယ်ဆိုတာ ဟစ်တလာသိမသွားရှာခဲ့ပါဘူး။
Darkest Hour ရုပ်ရှင်မှ ဇာတ်ဝင်ခန်းတခန်း
ဘာပဲဖြစ်ဖြစ် နောက်ဆုံးပြောချင်တာကတော့ တချိန်ကဥရောပတိုက်ကြီးကို နာဇီဖက်ဆစ်တွေရဲ့ဒီဝီဇံတပ်မကြီးပေါင်းအမြောက်အမြား၊ စစ်သားအရေအတွက် သန်းပေါင်းများစွာနဲ့ သိမ်းပိုက်ဖို့ကြိုးစားမှုတွေဟာ၊ ဒေသခံတိုင်းပြည်တွေရဲ့့ပြည်သူ့ခုခံစစ်တွေနဲ့ မဟာမိတ်တပ်တွေရဲ့တန်ပြန်ထိုးစစ်တွေအောက်မှာ ကျဆုံးပျက် သုဉ်းခဲ့ရပြီး၊ စစ်အင်အားကြီးမားလှပါတယ်ဆိုတဲ့ နာဇီဖက်ဆစ်တပ်တွေဟာ မရူမလှလက်နက်ချအရူံးပေးခဲ့ရတဲ့သမိုင်းသက်သေ အထင်အရှားရှိခဲ့ပါတယ်။
အခု ကျနော်တို့ မြန်မာပြည်မှာ စစ်သည်အား (၄)သိန်းကျော်လောက်နဲ့ အနိုင်ကျင့်ဗိုလ်ကျနေတဲ့ မအလဖက်ဆစ်စစ်တပ်ဟာ၊ တချိန်က နာဇီဖက်ဆစ်တွေလောက်အင်အားမကောင်းလှပါဘူး။
မှန်ကန်တဲ့ခုခံစစ်ပွဲတရပ်အောက်မှာ နောက်ဆုံးတော့ နာဇီဖက်ဆစ်တွေ လက်နက်ချအရူံးပေးခဲ့ရသလို၊ ကျနော်တို့နိုင်ငံက မအလဖက်ဆစ်စစ်တပ်ဟာလဲလူမျိုးစုံပြည်သူ့လူထုရဲ့အဖိနှိပ်မခံတော်လှန်ရေးကြောင့် အဆုံးတနေ့မှာတော့ မုချကြေပြုန်း ကျဆုံးရမယ်လို့ အကြွင်းမဲ့ယုံကြည်ပါတယ်။
ရဲရဲယုံကြည်
ရဲရဲရပ်တည်
ရဲရဲတိုက်ပွဲဝင်
အောင်ပွဲခံရမည်မလွဲပါ..။။
"ဒီ နွေဦးတော်လှန်ရေးမုချအောင်ရမည်!"
ဇာနည်
(၁၉-၁၂-၂၀၂၁)
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar