Sunday, February 20, 2022

မောင်စွမ်းရည် — ကဗျာဆရာ အသက်ရှစ်ဆယ်


မောင်စွမ်းရည် — ကဗျာဆရာ အသက်ရှစ်ဆယ်

(မိုးမခ) ဖေဖော်ဝါရီ ၂၀၊ ၂၀၂၂


ဗလ ကောင်းပေမဲ့
ဘဝ ညောင်းသမို့
မသာလောင်း နီးပြီပေါ့။
ဒါပေမဲ့
"ဒို့အရေး..." လို့
ကလေးတယောက်
လက်သီးမြှောက်၍
ငေါက်ခနဲ ထ
"ချဟေ့၊ ချ... ချ"
မရရင် ချ၊ ရရင် ကမယ်
အဘ ရှေ့က ထွက်မယ်ဟေ့။

အသက်အရွယ်
ရှစ်ဆယ် ရောက်လာပေါ့၊
တုတ်ကောက်၊ မျက်မှန်၊
အံကပ်၊ နားကြပ်၊
တပ်ဆင်ကိုင်စွဲ
မျက်စိကမွဲ၊ နားကမကွဲ
သွားကလည်းကျဲ၊ ပါးက တွဲပြီ
ခါးကမမြဲ၊ အားကနည်းပြီ
အားနည်းသော်လဲ
ဇွဲအဘိုးကြီး...
ပုတီးမကိုင်၊ ကလောင်ကိုင်ဆဲ
ကျိန်ဆဲတာက အခါတရာ
မေတ္တာပို့တာ၊ ရံဖန်ရံခါ
သူ့ကျိန်စာက မေတ္တာဖြစ်၊
ပြည်သူ့အတွက် ကဗျာသစ်၊
နတ်ရွာလမ်း၊ သပိတ်စခန်းဖွင့်။    ။

မောင်စွမ်းရည်
ဇန်နဝါရီ ၁၉၊ ၂၀၁၇။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar