Monday, March 20, 2023

ဝဇီရာဒီဖိုး - လူ့ဘဝနဲ့ ကဗျာဆရာ

လူ့ဘဝနဲ့ ကဗျာဆရာ
ဝဇီရာဒီဖိုး
(မိုးမခ) မတ် ၂၀၊ ၂၀၂၃

အသက်ရှုကျပ်တဲ့အခါ
ကဗျာအောက်စီဂျင်တွေ
တစ်ပုဒ်ပြီးတစ်ပုဒ် ဖတ်။

တိတ်ဆိတ်ခြင်းမိတ်ဆွေတွေနဲ့
စကားပြောတဲ့အနုပညာ
ကဗျာ့အသံ
ကမ္ဘာကုန်ကျယ်သရွေ့။

အိပ်ရာခုတင်ဘေး
အနီးဆုံးလေးမှာ
အထပ်လိုက်
သစ္စာရှင်သူတော်စင်တွေ။    

အတိဿယနတ်ဝှက်ဂါထာတွေနဲ့
သူရဲကောင်းတွေ။

သိပ်သည်းဖိနှိပ်ခံ
လောကဓံနဲ့ ကျင့်ခဲ့တဲ့
စိန်ပွင့်တွေ။

ကျောက်တောင်ကိုဖောက်တဲ့ 
ဝရဇိန်
စိတ်နဲ့ ဖွဲ့ချည်ယှက်တဲ့
သံမဏိကြိုးတွေ။   

လူ့ဘဝနဲ့ ကဗျာဆရာဆိုတာ
ဒဏ်ခံနှစ်ထပ်ကြိုးနဲ့
ဖွင့်ဆိုမှု အဓိပ္ပာယ်မကုန်တဲ့
ဒုလ္လဘထပ်ဆင့် အကယ်ဒမီ
ရခဲဖြစ်ခဲတဲ့ ရတနာတွေပဲပေါ့။         ။ 

17:45, 1-3-2023 
(21-3-2023 ကမ္ဘာ့ကဗျာနေ့သို့)
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar