Friday, August 11, 2023

လှကျော်ဇော - မဆလ ... ၂၆ နှစ်ကာလ

မဆလ ... ၂၆ နှစ်ကာလ
လှကျော်ဇော
(မိုးမခ) ဩဂုတ် ၁၁၊ ၂၀၂၃


.... နိုင်ငံရေးအရ ကြည့်ရင် ဘာမှလွတ်လပ်မှုမရှိဘူး။ ဒီမိုကရေစီမရှိဘူး။
ပြောပိုင်ဆိုပိုင်ခွင့်မရှိဘူး။ နောက်ဆုံးနေ၀င်းရဲ့ ပြည်သူ့တရားရုံးဆိုတာတွေက လူပုဂ္ဂိုလ်တယောက်ရဲ့ဂုဏ်သိက္ခာနဲ့ ခုခံကာကွယ်မှုကို ရုပ်သိမ်းလိုက်တယ်။ ...

... စီးပွားရေးအရ ငတ်ငတ်ပြတ်ပြတ်ချွတ်ခြုံကျနေကြပြီ။ ...

... လူမှုရေးအရလည်း တခါက အမျိုးဂုဏ်မာနနဲ့ ၀င့်ဝင့်ကြွားကြွားမြင့်မားတဲ့ စာရိတ္တနဲ့ရပ်တည်လာခဲ့တဲ့ ကျွန်တော်တို့ပြည်သူတွေဟာ အခုဆိုရင်မိမိတို့ ဂုဏ်သိက္ခာနဲ့ စာရိတ္တကိုနေ၀င်းတို့ရဲ့ ရိုက်ချိုးခြင်းခံနေရပြီ။ ....

... ကျန်းမာရေးမှာလည်း ဆင်းရဲကျပ်တည်းလို့ရောဂါထူပြော ကုစရာဆေးမရှိ၊ သူတို့မှာတော့ ခေါင်းကိုက်တာက စပြီး နိုင်ငံခြားသွား ကုကြ၊ ဆေးဆိုလည်း နိုင်ငံခြားဆေးမှ၊ ဗမာပြည်မှ ဘီ - ပီ - အိုင်ဆေး ဆိုလျှင်၊တိရစ္ဆာန်ကုတဲ့ဆေးလောက် သဘောထားတယ်။ ...

... ချုပ်လိုက်ရင်နေဝင်းတို့တတွေဟာ သူတို့ကိုယ်သူတို့ နိုင်ငံခြားကလာရောက် ကျူးကျော်တိုက်ခိုက်သိမ်းပိုက်တဲ့ စစ်တပ်တွေလိုသဘောထားပုံရတယ်။ ပြည်သူတွေကို သူတို့သိမ်းပိုက်ကျွန်ပြုခံရတဲ့ တိုင်းတပါးကျေး ကျွန်အရိုင်းတွေလို သဘောထားပုံရတယ်။ လူသတ်၊ မီးရှို့၊ မုဒိမ်းကျင့်၊ပစ္စည်းလု၊ လူတွေရဲ့ဂုဏ် သိက္ခာကိုစော်ကား၊ စတဲ့အလုပ်တွေကို လုပ်နေကြတယ်။ သုံးနှစ်သုံးမိုး အုပ်စိုးစဉ်က ဂျပန် ဖက်ဆစ်တပ်တွေရဲ့လုပ်နည်းမျိုးပါပဲ။ ...

ဒါတွေကတော့ ... ၁၉၇၆ ခုနှစ်ဩဂုတ်လ (၁၀) ရက် (လွန်ခဲ့တဲ့ ၄၇ နှစ်တိတိက) ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ပြည်သူ့အသံကနေ အသံလွှင့်ပြောကြားခဲ့တဲ့ ဖေဖေရဲ့တိုင်းပြည်သို့တင်ပြချက်ထဲက တချို့အချက်တွေပါ။

၁၉၇၆ ခုနှစ်ဇူလိုင်လ (၂၀) ရက်မှာ ကျွန်မတို့မိသားစု တောခိုလာခဲ့ပါတယ်။
ဒီတော့ ပါတီဗဟိုက ဖေဖေ့အတွက် (သူဘာလို့လက်နက်ကိုင်တိုက်ပွဲတွင်း ဆင်းခဲ့ရတယ်ဆိုတာကို ပြည်သူကိုရှင်းပြဖို့) အသံလွှင့်မိန့်ခွန်းပေးဖို့စီစဉ်ပေးပါတယ်။ အဲဒီမိန့်ခွန်းမှာဖေဖေက သူဖြတ်သန်းခဲ့ရတဲ့ မဆလအုပ်စိုးမှု (၁၉၆၂-၇၆) ၁၄ နှစ်ကာလအတွင်းကအဖြစ်အပျက်တွေကိုစီကာပတ်ကုံး ပြောထားတာ၊ တချို့နေရာတွေမှာ စိတ်လှုပ်ရှားဟန်တူတယ်။ အသံတွေတောင် တုန်နေတာ။ အထူးသဖြင့် မိန့်ခွန်းနောက်ဆုံးပိုင်း တပ်မတော်သို့ပန်ကြားချက်ဆိုတဲ့ အခန်းမှာပါ။

ဒါကြောင့် အဲဒီကာလကနိုင်ငံခြားကထုတ်တဲ့ အရှေ့ဖျားစီးပွားရေးဂျာနယ်က ဆောင်းပါးတစောင်မှာ ဖေဖေမိန့်ခွန်းကိုအကျဉ်းချုပ်ဖော်ပြပြီး အောက်ဆုံးမှတ်ချက်မှာတော့  ...ဒီလိုမျိုး ဗမာ့တပ်မတော်က အစဉ် အလာကြီးတဲ့ စစ်ပြန်ရဲဘော်ကြီးတဦးရဲ့ စစ်ခရာခေါ်သံကတော့ တပ်တွင်းမှာတစုံတရာ အကျိုးဆက်တွေရှိလာနိုင်ပါတယ်။ ... တဲ့။

ဒါပေမဲ့ မဆလဟာ နောက်ထပ် (၁၂) နှစ်တိတိ (၁၉၈၈ အထိ) သက်ဆိုးရှည်ခဲ့ပါတယ်။ ဘာကြောင့်လဲ။

၁၉၆၂ ခုနှစ် မှာ အာဏာသိမ်းလိုက်တဲ့ ဗိုလ်နေတင်းအမှူးပြုတဲ့ စစ်တပ် ဟာ နိုင်ငံရေးလှည့်ဖြားမှုတွေ(ဥပမာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီထောင်လိုက်တာ။) နိုင်ငံရေးနှိပ်ကွပ်မှုတွေ (ပါတီအားလုံး ဖျက်သိမ်းလိုက်တာ၊ နိုင်ငံရေးအငွေ့အသက်ရှိသူ- အထူးသဖြင့် လက်ဝဲသမားအားလုံးနီး ပါးဖမ်းဆီး၊ ထောင်ချ၊ ကိုးကိုးကျွန်း ပို့) စတဲ့ နည်းပေါင်းစုံလုပ်ဆောင်ခဲ့ပါတယ်။ တိုင်းပြည်တစုံတရာငြိမ်သွားအောင်လည်း လုပ်နိုင်ခဲ့ပါတယ်။(နိုင်ငံတကာ့အခြေအနေကလည်း အနီရောင်ကွန်မြူနစ်လှိုင်းလာမှာကိုစိုးရိမ်နေတဲ့အမေရိကန်အပါ အနောက်ကမ္ဘာကလည်း စစ်တပ်အာဏာ သိမ်းမှုတွေကို သဘောကျနေကြတာပါ။)

ဒါပေမဲ့ အအောင်မြင်ဆုံးနဲ့ အရေးအပါဆုံးအချက်ကတော့ ...
...ဗိုလ်နေဝင်းက သေနင်္ဂဗျူဟာကျကျအဓိကထားလုပ်ဆောင်ခဲ့တဲ့ စစ်တပ်ကို တလက်ကိုင်စစ်တပ်အဖြစ် တည်ဆောက်လိုက်နိုင်တာပါပဲ။ ဒါဟာဗိုလ်နေဝင်းမျိုးစေ့ချ တည်ဆောက်ပေးလိုက်တဲ့ စစ်အာဏာရှင် စနစ်ကြီးအတွက် အကာအကွယ်တံတိုင်းကြီး ရလိုက်သလိုပါပဲ။

မျိုးချစ်စိတ်အခြေခံနဲ့ဗမာ့လွတ်လပ်ရေးကြီးအတွက်ဆိုပြီး ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုတဲ့ ရဲဘော်သုံးကျိပ်ကဦးဆောင်ပြီး တည်ထောင်ခဲ့တဲ့ ဗမာ့တပ်မတော်ကြီးကို ဗိုလ်နေဝင်းက ဖက်ဆစ်ကြေးစားစစ်တပ်ကြီးဖြစ်အောင် ဘယ်လို ပြောင်းလဲတည်ဆောက်ခဲ့သလဲ။

ဒီကိစ္စကို ဖေဖေကအသေးစိတ်ပြောထား၊ ရေးထားတာတွေရှိပါတယ်။

*(ကိုးကား။ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော။ ကိုယ်တိုင်ရေး အတ္ထုပွတ္တိပေါင်းချုပ်။ ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့။ ယဉ်မျိုးစာပေ။)

အဲဒါတွေကို အဲဒီခေတ်မမီလိုက်တဲ့ အခုခေတ်လူငယ်တွေအတွက် အကျဉ်းချုပ်ပြီး ရေးပါဦးမယ်။

ဗိုလ်နေ၀င်းဟာ ဒီစစ်တပ်ကိုသူရဲ့တလက်ကိုင်စစ်တပ်ဖြစ်လာအောင် တည်ဆောက်ရာမှာ နိုင်ငံရေးအရ၊ စိတ်ဓာတ်အရ၊ စီးပွားရေးအရ ဘက်စုံကစနစ်တကျ တဆင့်ပြီးတဆင့် တည်ဆောက်ခဲ့တာပါ။

.... ပထမဆုံးက သူကိုင်လို့မရနိုင်တဲ့ မျိုးချစ်ပြည်ချစ်လူဟောင်းကြီးများကိုစစ်တပ်အပြင်ဘက်ကိုတဖြည်း ဖြည်း နည်းပေါင်းစုံနဲ့ပထုတ်ပြီး စစ်တပ်တွင်း သူတဦးတည်းအာဏာရှင်ဖြစ်လာအောင် လုပ်ယူပါတယ်။ သူကဘယ်သူ့မှလည်း မယုံပါဘူး။ စစ်တပ်တွင်းလူကြည်ညိုတာများလာရင် သူကဖယ်ပစ်ပြီး တချို့ကို နည်းလမ်းပေါင်းစုံနဲ့ငြိမ်အောင် လုပ်လိုက်နိုင်ပါတယ်။ သံအမတ်တွေ ပေးပစ်တာ၊ အရပ်ဘက်ရာထူးကြီးတွေပေးတာအပြင် မြေကွက်တွေခွဲဝေပေး အိမ်တွေဆောက်ခွင့်၊ သံရုံးတွေ ငှားစားခွင့်၊ ... စတဲ့ မက်လုံးတွေပေး ဝယ်ယူပစ် လိုက်ပါတယ်။ ဒီလိုနည်းနဲ့ ဗိုလ်နေဝင်းဟာ သူနဲ့ခေတ်ပြိုင်စစ်ဗိုလ်တွေကို တပ်ပြင်ထုတ်ပြီး (သူ့နောက်ကြောင်းလည်းမသိတဲ့) သူ့ကိုမယှဉ်နိုင်တဲ့ သူနဲ့ ဝါအများကြီးကွာတဲ့မျိုးဆက်သစ်လူငယ်တွေကို ရာထူးအဆင့်အတန်းအမြင့်ကြီးတွေပေး လူမွေးခဲ့ပါတယ်။

စစ်တပ်ကိုလည်း အဆက်မပြတ်တိုးချဲ့နေတာကြောင့် ရာထူးတွေကို ရေစီးဆင်းသလို မက်လုံးပေး တိုးပေးနိုင်ခဲ့တယ်။ ဒါရဲ့အကျိုးဆက်အဖြစ် ပြည်တွင်းစစ်ကိုလည်း တိုးချဲ့ချင်တိုင်း တိုးချဲ့နိုင်ခဲ့ပြီး စစ်တပ်ကြီးတတပ်လုံးကို ပြည်တွင်းစစ်ထဲ နှစ်ချလိုက်နိုင်ပါတော့တယ်။ ဒီလိုနဲ့ စစ်တပ်ကြီးဟာ ပြည်သူတွေကိုဖိနှိပ်သတ်ဖြတ်တဲ့စစ်အာဏာရှင်စနစ်ရဲ့ ကြေးစားတပ်ကြီးဖြစ်သွားပါတော့တယ်။ ( မဆလခေတ်မှာ တိုင်းရင်းသားအားလုံးနီးပါး လက်နက်ကိုင်တော်လှန်ရေး လုပ်လာကြပါတယ်။)

... စစ်တပ်ကိုတဘက်ကလည်း နိုင်ငံရေးအရလည်း တည်ဆောက်ပါတယ်။ ဒါက တပ်သားတွေရဲ့ဦးနှောက်ထဲ ဖောက်ပြန်မှားယွင်းတဲ့ အတွေး အခေါ်များ ရိုက်သွင်းပေးတာပါ။

ဒီနေရာမှာတော့ ဗိုလ်ချုပ်အောင်ဆန်းကို အများကြီးအသုံးချပါတယ်။

အဲဒီကာလက တပ်တွင်းရုံးခန်းတွေမှာ ... ၁၉၄၆-၄၇ - ဗိုလ်ချုပ်အောင်ဆန်းဘုရင်ခံအမှုဆောင်အစိုးရတွင်းရှိစဉ်  နယ်လှည့်ရာမှာ ဗိုလ်နေဝင်းရဲ့ တပ်ရင်း(၄)စခန်းရောက်စဉ်သူတို့(၂)ယောက်ယှဉ်ရပ်နေတဲ့ပုံကိုချိတ်ဆွဲထားတတ့်ပါတယ်။ (ပူးတွဲဖော်ပြထားတဲ့ပုံပါ။) သဘောကတော့ ဒီတပ် မတော်ကြီးရဲ့ဖခင်ဟာ ဗိုလ်ချုပ်အောင်ဆန်းဖြစ်ပြီး ဗိုလ်နေဝင်းက သူ့ကိုယ်သူ ဒုတိယဖခင်ဂိုက် ဝင်ဖမ်းတာပါ။ ဒါ့အပြင် နိုင်ငံရေးအမြင်မှားတွေကိုလည်း စစ်တပ်ထဲရိုက်သွင်းပါတယ်။ ဒီတပ်ကြီးဟာ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်ခဲ့တဲ့ နယ်ချဲ့ဆန့်ကျင်ရေး၊ ဂျပန်ဖက်ဆစ်တော်လှန်ရေး အမျိုးသားလွတ်လပ်ရေးတိုက်ပွဲတို့က ဆင်းသက်လာတဲ့ တပ်မတော်ကြီးဖြစ်ကြောင်း၊ ယခုလုပ်ဆောင်နေတာတွေဟာလဲ ဗိုလ်ချုပ်ရည်မှန်းခဲ့တဲ့လမ်းစဉ်တွေဖြစ်ကြောင်း၊ နိုင်ငံရေးသမားများ မညီ ညွတ်မှုကြောင့်တိုင်းပြည်ကြီး ပြိုကွဲသွားမှာစိုးလို့ မိမိတို့က ကယ်တင်ရတာဖြစ်ကြောင်း စတာတွေကို စစ်တပ်တွင်းမှာရော၊ ပြည်သူများတွင်းပါ ထင်မြင်လာစေရန် နည်းနာအမျိုးမျိုးသုံး ဝါဒဖြန့်ခဲ့ပါတယ်။

ဒီလိုနည်းနဲ့ စစ်တပ်ကြီးကို ဗိုလ်နေဝင်းရဲ့ တလက်ကိုင်ကြေးစားတပ်ကြီးဖြစ်အောင် တည်ဆောက်လိုက်နိုင်ပါတယ်။

ဒါ့အပြင် ဗမာပြည်တပြည်လုံးရဲ့ စီးပွားရေးစနစ်ကြီးတရပ်လုံးကိုလည်း ဗိုလ်နေဝင်းပိုင် စီးပွားရေးကြီးဖြစ်အောင်လုပ်လိုက်နိုင်ပြီး စစ်အာဏာရှင် စနစ်ကို ကောင်းကောင်းတည်ဆောက်ပြီး လည်ပတ်နိုင်စေခဲ့ပါတယ်။

ဒါကိုအခုနောက်ပိုင်း (၂၀၁၆) မိုးကျော်စာပေက ထုတ်ဝေလိုက်တဲ့ ကြည်ဝင်းစိန်ရေးတဲ့ .. တော်လှန်ရေးကောင်စီလက်ထက်-ကျွန်တော်နဲ့ ဗိုလ်ချုပ်ကြီးများစာအုပ်မှာ အသေးစိတ် ရေးထားတာတွေ့ရပါတယ်။

ဒီလိုနည်းနဲ့ ဗိုလ်နေဝင်းတို့အုပ်စုဟာ စစ်အာဏာရှင်စနစ်ကြီးကို နိုင်ငံ ရေး၊ စစ်ရေး စီးပွားရေး ဘက်ပေါင်းစုံကနေ ခိုင်ခိုင်မာမာတည်ဆောက်လိုက်ပြီး၊ ဗမာပြည်ကြီးကို အဆင်းရဲဆုံး ခေတ်နောက်အကျဆုံးနိုင်ငံအဖြစ်ရောက်သွားအောင်လုပ်လိုက်နိုင်ပါတော့တယ်။(သူတို့ဗိုလ်ချုပ်ကြီးများကတော့ သားစဉ်မြေးဆက်-ဆယ်သက်စားမကုန်တဲ့သူဌေးကြီးများဖြစ်သွားပါတော့တယ်။)

ဒီလိုဘက်စုံက ထောင့်စေ့အောင်တည်ဆောက်ထားနိုင်တဲ့အတွက် ဒီစစ်အာဏာရှင်စနစ်ကြီးဟာ မဆလခေတ်(၂၆)နှစ် တာခံနိုင်ရုံမက အခုအချိန်ထိ သဏ္ဌာန်ပေါင်းစုံနဲ့ သက်ဆိုးရှည်နေနိုင်တာဖြစ်ပါတယ်။

ဒါ့ကြောင့် ဒီ စစ်အာဏာရှင်စနစ်ကိုအပြတ်တိုက်မယ်လို့ ဆုံးဖြတ်ထားသူများကလည်း စနစ်တကျ ဘက်ပေါင်းစုံကပြင်ဆင်ပြီး စစ်အာဏာရှင် စနစ်လက်မခံနိုင်သူအားလုံးပါဝင်လာနိုင်တဲ့ ကျယ်ပြန့်တဲ့တပ်ပေါင်းစုကြီးဖွဲ့ပြီး တိုက်ပွဲသဏ္ဍန်မျိုးစုံနဲ့ နည်းနာပေါင်းစုံနဲ့ မဆုတ်တမ်း ဆက်လက်တိုက်ပွဲဝင်သွားကြရမှာဖြစ်ပါတယ်။

လှကျော်ဇော
၁၀-၈-၂၀၂၃
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar