Breaking News

ကျော်မင်းထွန်း(NEW YORK) - သွေးကြွေးမှာ ဆွေးနွေးသူ ပြည်သူ့ရန်သူ

သွေးကြွေးမှာ ဆွေးနွေးသူ
ပြည်သူ့ရန်သူ
ကျော်မင်းထွန်း(NEW YORK)
(မိုးမခ) ဩဂုတ် ၁၆၊ ၂၀၂၃

ချွေးတွေ တရွှဲရွှဲ
သွေးတွေ တရွှဲရွှဲ
အသည်းမှာ “ကမ္ဘာမကြေဘူး” လို့ရေးခြစ်ပြီး
ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ဖို့
တရစပ် ငါတို့တိုက်ပွဲဝင်နေတယ်။

စစ်ခွေးရဲ့ ရာဇဝင်ဆိုးဟာ
ကြိုးစင်ပေါ်က
ဇေယျာသော့်အရိုးမှာ ရှိတယ်၊
စစ်ခွေးရဲ့ ရာဇဝင်ကြောင်းဟာ
နေ့စေ့လစေ့ ကိုယ်ဝန်လွယ်ထားတဲ့
အမျိုးသမီးအလောင်းမှာ ရှိတယ်။

ကျောင်းမှာ မူလတန်းဖတ်စာရွတ်နေတုန်း
ဗုံးကြဲခံရလို့ ပြာကျသွားတဲ့ ကလေးတွေ
မြေကြီးအောက်ကနေ
“မေမေ.. မေမေ..” လို့လှမ်းခေါ်နေတယ်။

ဘုရားစင်ရှေ့မှာ ဩကာသရွတ်နေတုန်း
အိမ်မီးရှို့ခံရတဲ့ အဘိုးအဘွားတွေ
မီးပုံအောက်ကနေ
“သားရေ.. သားရေ..” လို့လှမ်းခေါ်နေတယ်။

စစ်ကြောရေးမှာ ညှဉ်းဆဲခံရတဲ့ အမာရွတ်ဆိုတာ
စိတ်အနာကျက်ပြီး ပြန်ကောင်းမလာဘူး
မိုင်းထိလို့ တိခနဲပြတ်သွားတဲ့ ခြေလက်ဆိုတာ
အကောင်းပကတိ အသစ်ပြန်ထွက်မလာဘူး
မိဘရှေ့မုဒိန်းကျင့်ခံရတဲ့ မိန်းကလေးဟာ
ဘယ်တော့မှ အပျိုစစ်စစ် ပြန်ဖြစ်မလာဘူး။

စစ်ဆေးမေးမြန်းရင်း လက်လွန်သွားလို့ပါတဲ့..
သိန်းတစ်ရာနဲ့ အလောင်းလာမရွေးလို့
ကောင်းမွန်စွာ သင်္ဂြိုဟ်လိုက်ရပါသတဲ့..
ကောက်ကွေးနေတဲ့သက်တံ့ကို ပြန်ဖြောင့်ယူလို့မရ
ကျိုးသွားတဲ့ဌက်တောင်ပံကို ပြန်ဆက်ပေးလို့မရ
ကြိုးစင်ပေါ်ကအသက်ကို ပြန်ရှင်စေလို့မရ။

ဒီပွဲက ဝေစားမျှစားဖို့
လော်ဘီနဲ့ အပေးအယူညှိရမဲ့ ပွဲမဟုတ်
ဒီပွဲက ခွဲစားတွဲဝါးဖို့
ပွဲစားနဲ့ တိုးတိုးတိတ်တိတ်ကျေအေးရမဲ့ ပွဲမဟုတ်
ဒီပွဲက အာဏာပြန်ရဖို့
ငြိမ်းချမ်းရေးစားပွဲဝိုင်းမှာ
စစ်ခွေးနဲ့ ဆွေးနွေးရမဲ့ ပွဲမဟုတ်။

မဟုတ်မခံပြည်သူဆိုတာ
အသုံးလိုလာတဲ့အခါ
အစားထိုးခံဖို့ စောင့်နေရတဲ့
ဂျိုကာမှ မဟုတ်တာ။

သရဏဂုံ မတင်ရသေးတဲ့
ပီဒီအက်ဖ်ဝိညာဉ်တွေ အော်ပြောနေတယ်
“သွေးကြွေးမှာ ဆွေးနွေးသူ ပြည်သူ့ရန်သူ” တဲ့။

ခေတ်ပြောင်းဖို့ သေနတ်နဲ့ခေါင်းပစ်ခံရတဲ့
ဆန္ဒပြပြည်သူ့ဝိညာဉ်တွေ အော်ပြောနေတယ်
“သွေးကြွေးမှာ ဆွေးနွေးသူ ပြည်သူ့ရန်သူ” တဲ့။

မကြားသယောင် ဆောင်မနေနဲ့
အကျဉ်းထောင်တံခါးပေါက်က
အခေါက်ခေါက် အခါအခါအော်ပြောမယ်
“သွေးကြွေးမှာ ဆွေးနွေးသူ ပြည်သူ့ရန်သူ”
“သွေးကြွေးမှာ ဆွေးနွေးသူ ပြည်သူ့ရန်သူ”

August 16th, 2023
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar