Breaking News

အညာသူ - အညာမှတ်တမ်း

အညာသူ - အညာမှတ်တမ်း

(မိုးမခ) ဒီဇင်ဘာ ၂၃ ၊ ၂၀၂၃


နှစ်စဉ် ဘုရားပွဲတွေတိုင်းမှာ အိမ်တိုင်းလိုလို ဖက်လျှော (မုန့်ပေါက်)၊ မုန့်ဆီကြော်၊ မုန့်ဩဇာ၊ မုန့်ဖက်ထုပ်၊ နှမ်းပဒူ၊ ကုလားပဲခွေ စတဲ့ မုန့်တွေလုပ်ပြီး လှူဒါန်းကြ၊ ကျွေးမွေးဧည့်ခံကြ၊ လက်ဆောင်ကမ်းကြတာ အညာကျေးလက် ဓလေ့ပါ။ ဧည့်သည်ဟူသမျှကို ထမင်းကျွေးရုံမက၊ လုပ်ထားတဲ့မုန့်တွေနဲ့ ဧည့်ခံ၊ အထုပ်ကြီး အထုပ်ငယ်နဲ့ လက်ဆောင်ထည့်ပေးလေ့ရှိကြပါတယ်။

ကဆုန်လမှာ ကျင်းပတဲ့ တောပုရွာဘုရားပွဲမှာ မုန့်တွေဟာ ကြာပိုင်တရွာလုံး လုံလောက်ရုံမက သလို၊ နယုန်လမှာ ကျရောက်တဲ့ ကြာပိုင် မြောက်ကျောင်းကြီးဘုရားပွဲမှာတော့ မုန့်ချေးဆပ်ပွဲ လို့ကို ခေါ်တွင်ရလောက်အောင် တရွာနဲ့ တရွာ ရင်းနှီးကျွမ်းဝင်၊ ချစ်ခင် ကူးလူးခဲ့ကြပါတယ်။

မုံရွာမန္တလေးလမ်းနဲ့ မုံရွာအမြင့်လမ်း အကြားမှာရှိတဲ့ ရွာတွေထဲမှာ တောပုနဲ့ ကြာပိုင်ဆိုတာ တမိုင်တောင် မဝေးတဲ့ ရွာနှစ်ရွာပါ။ ကြားထဲမှာ တောတဲအိမ်လေးတွေ တိုးလာတော့ ရွာနှစ်ရွာဟာ တဆက်တည်းလို ဖြစ်သွားပါတော့တယ်။ အိမ်ခြေနှစ်ဆယ်၊ အစိတ်လောက် ဖြစ်လာတဲ့ နေရာလေးကို တောပုရွာသစ်လို့ပဲ လွယ်လွယ်ခေါ်ကြပါတယ်။

အရင်က နွေခါ ဖုန်ထူ၊ မိုးခါ ရွှံ့ရုန်းရတဲ့ ကြာပိုင်ရွာဟာ အခုတော့ ကွန်ကရစ်လမ်း၊ သွပ်မိုး၊ တိုက်အိမ်၊ ဆိုင်ကယ်၊ ကား တွေနဲ့ပါ။ ကွမ်းရွက်၊ ဟင်းသီးဟင်းရွက်၊ နှမ်း၊ ပဲ၊ စတဲ့ သီးနှံစိုက်ပျိုးရေးကို အခြေခံပြီးဖွံ့ဖြိုးတိုးတက်တဲ့ ရွာကြီးပေါ့။ 

ဒါတင်မက အိုးစည်၊ ဒိုးပတ်၊ စည် စတဲ့ လက်မှု ပစ္စည်းတွေလည်း ထုတ်လုပ်ပါသေးတယ်။ မုံရွာ တခွင်က အလှူတော်မင်္ဂလာတွေမှာ ကြာပိုင်က စည်တော်ကြီးအဖွဲ့ မပါရင် အလှူလှည့်ရာမှာ မပြည့်စုံဘူးလို့ ဆိုရလောက်အောင် နာမည်ရပါတယ်။ ဝါတွင်းကာလ ဥပုသ်နေ့တိုင်းမှာ ညောင်ရွက်နဲ့ ဖက်ခွက်ထိုးပြီး ဆွမ်းဟင်းလောင်းတဲ့ အစဉ်အလာရှိတဲ့ တရွာတည်းသော ရွာကြီးပါ။

လောကမှာ အဖြူ အမည်း၊ အတို အရှည်၊ အပိန် အဝ စတဲ့ ဆန့်ကျင်ဘက်တွေ ရှိကြပါတယ်။ မန်ယူအသင်းကို ကြိုက်သူများရှိသလို အခြားသော အာဆင်နယ်၊ ချယ်ဆီး၊ မန်စီးတီး စတဲ့ ဘောလုံးအသင်း အမျိုးမျိုးကို အားပေးကြတဲ့ သူတွေလည်း ရှိတယ် မဟုတ်ပါလား။ ဒီလို မတူကွဲပြားမှုတွေနဲ့ ဖွဲ့စည်းထားတဲ့ လောကကြီးပါ။

နိုင်ငံရေး ဆိုရင် ပိုဆိုးပါတယ်။ ကြိုက်နှစ်သက်တဲ့ ပါတီ မတူလို့ မိဘနဲ့ သားသမီးများ၊ အဒေါ်နဲ့ တူ၊ တူမများ မခေါ်နိုင်၊ မပြောနိုင် စိတ်ဝမ်းကွဲကြရပါတယ်။ အမြင်မတူလို့ ရန်သူထင်တာ မဆန်းဘူး လို့ ဆိုနိုင်ပေမဲ့ ဆန်းတာက တောပုပျူစောထီးများနဲ့ စစ်သားများ မီးရှို့သတ်ဖြတ်သွားတဲ့ ၁၁ ယောက်ဟာ သူတို့ရဲ့ ရန်သူလို့ သတ်မှတ်ထားတဲ့ တော်လှန်ရေးအဖွဲ့က မဟုတ်ဘဲ ကိုယ့်လယ် ကိုယ်လုပ်၊ ကိုယ့်ဈေးကိုယ်ရောင်းသူများ ဖြစ်နေကြတာပါပဲ။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်းမှာ တောပုတရွာတည်းမှာကို နှစ်ပိုင်းကွဲခဲ့ပါတယ်။ အခုလက်ရှိ ကြီးစိုးနေတဲ့ ပျူစောထီးများနဲ့ အမြင်မတူတဲ့ သူတွေဟာ အစောကြီးကတည်းက အခြားမြို့ရွာများကို ပြောင်းရွှေ့သွားခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ ပျူစောထီးတွေ ကြီးထွားလာပြီး အနီးနားက ရွာတွေကို အနိုင်ကျင့်၊ ဗိုလ်ကျတာတွေ ရှိလာပါတော့တယ်။

ဝန်းကျင်ရွာတွေကလည်း ဒီလို ပျူစောထီးလို့ သတ်မှတ်ခံထားရတဲ့ တောပုရွာသားများ ဈေးဝယ်ရင် ဈေးမရောင်းတာ၊ ဆိုင်ကယ်ဘီးပေါက်ရင်တောင် ဖာမပေးတာ စသည်ဖြင့် ရှောင်ကြဉ်ခဲ့ကြပါတယ်။

တောပုရွာသူရွာသားတွေဟာ တော်လှန်ရေးအဖွဲ့တွေ အားကောင်းတဲ့ အနောက်ဖက် မုံရွာ-အမြင့် လမ်းကြောင်းကိုလည်း ဖြတ်သွားဖို့ မလွယ်တာကြောင့် အရှေ့ဘက် လမ်းတလမ်းတည်းကို အားကိုးရတဲ့အခါမှာ သွားလာရေး ခက်ခဲလာကြပါတယ်။ ဒီတော့ လိုအပ်တဲ့ ပစ္စည်းကို အသိမိတ်ဆွေတွေဆီ ဈေးမှာပြီး ပို့ပေးခိုင်းခဲ့ပါတယ်။ ဒါပေမဲ့ တော်လှန်ရေးအဖွဲ့တွေက ဈေးဝယ်ပေးသူတွေကို သတိပေးတာ၊ စာကပ်တာတွေ လုပ်၊ မလိုက်နာရင် သုတ်သင်ရှင်းလင်းတဲ့ အထိ ဖြစ်လာတော့ ဈေးဝယ်ပေးသူတွေလဲ ဝယ်မပေးရဲကြတော့ပါ။ သေနတ်ပြပြီး ဈေးဝယ်ခိုင်းတဲ့အခါမှာတော့ နှစ်ဘက်ကြားညှပ်ပြီး ဒုက္ခရောက်ရပါတယ်။ ဒါကြောင့် ရွာမှာ မနေရဲတော့ဘဲ ပြောင်းပြေးရတဲ့ အဖြစ်တွေလည်း မနည်းလှပါ။ ဒီလိုနဲ့ ရွာချင်းထိစပ်နေတဲ့ ကြာပိုင်ဟာ ပျူစောထီးတို့ အနိုင်ကျင့် ဗိုလ်ကျရာ နယ်မြေ ဖြစ်လာပါတော့တယ်။

ကြာပိုင်ရွာသားတွေ မွေးမြူထားတဲ့ ကြက်၊ ဆိတ် တို့ကို ဖမ်းယူသွားတာမျိုး၊ စိုက်ခင်းတွေက မုန်လာပွင့်၊ မုန်လာထုပ်၊ ခရမ်းသီး၊ မုန်ညင်း စတဲ့ စားလို့ရတာမှန်သမျှ သီးနှံတွေ ခုတ်ယူသွားတာမျိုး၊ တခါ တရံ ရွာသားတွေကို ဖမ်းခေါ်သွားပြီး လူသားဒိုင်းလုပ်တာမျိုး၊ တခါတရံ သူတို့ရဲ့ ပစ္စည်းတွေ၊ စစ်တပ်အတွက် ပစ္စည်းတွေ တောပုရွာကို သယ်ခိုင်းတာမျိုး လုပ်လာကြပါတယ်။ ဒီလိုနဲ့ ကြာပိုင်ရွာသားများအဖို့ တောပုပျူစောထီးများ ရွာထဲလာတဲ့အချိန် ငြိမ်ငြိမ်သက်သက်နေပြီး လိုချင်တာ ပေးလိုက်၊ ဆဲဆိုကြိမ်းမောင်း ခြိမ်းခြောက်မှုများကို သည်းခံလိုက်နဲ့ ကျင့်သားရနေကြပါပြီ။

၂ ရက် ဒီဇင်ဘာ ၂၀၂၃ မှာတော့ ခါတိုင်းလိုပဲ ဖြစ်လိမ့်မယ်လို့ ထင်ခဲ့ကြတဲ့ ရွာသူရွာသား အများစုဟာ အထိနာခဲ့ရပါတော့တယ်။

အရင်နေ့ ညနေက ကြာပိုင်ရွာနဲ့ တောပုအကြားက ရွာသစ်လေးကို တော်လှန်ရေးအဖွဲ့တွေက လာပြီး မီးရှို့သွားကြတာကြောင့် တချို့သော ရွာသူရွာသားများ ရွာမှ ခဏရှောင်နေကြပါတယ်။ အများစုကမရှောင်ကြပါ။ 

“ညက အေးချမ်းတယ်၊ ဘာမှ မကြားရဘူး” ဆိုတာကြောင့် ရှောင်နေကြသူများ ရွာထဲ ပြန်ဝင်လာကြသလို ရွာထဲက လူတွေလည်း သက်ဆိုင်ရာ စိုက်ခင်း၊ လုပ်ငန်းခွင်ဆီ သွားနေကြပြီ။ ဒါပေမဲ့ ကျုပ်ကတော့.. မနက်ဆွမ်းခံချိန်လောက်မှာ ကြားရတာ။ အရှေ့ဘက် တောင်ပုံရွာမှာ စစ်ကား ၂ စီး ရောက်နေတယ်လို့။ အဲဒါနဲ့ စိတ်ထဲပူတာနဲ့ အမေနဲ့၊ တူမလေးနဲ့၊ ကျုပ်နဲ့ အနောက်ဘက် ပေါက်ပင်ရွာကို ထွက်ခဲ့ကြတယ်။ အမေက ၇၀‌ ကျော်ပြီ။ ကျုပ်တို့ အဖေက ခါတိုင်းလဲ ဒီလိုပဲ၊ ကျုပ်တို့ သွားရပါ့မလား ဆိုပြီး စိတ်ဆိုး၊ အိမ်တံခါးပိတ်ပြီး နေခဲ့တာ။ လမ်းတဝက်လောက်ရောက်တော့ အဖေ့ကို စိတ်ပူတာနဲ့ အမေတို့ ရှေ့ဆက်သွားနှင့်၊ ကျုပ် အဖေ့ကိုပြန်ကြည့်ပြီး ခေါ်လို့ရရင် ခေါ်လာခဲ့မယ် လို့ပြောပြီး အိမ်ပြန်လာခဲ့တယ်။

စစ်သားတွေနဲ့ အတူ ပျူစောထီးတွေဟာ နံနက် ခုနစ်နာရီခွဲ ရှစ်နာရီခန့်လောက်မှာ ရွာကို လေးဖက်လေးတန်က ဝင်ပြီး တွေ့သမျှလူကို ဖမ်းဆီးလာခဲ့ပါတယ်။ ရွာမြောက်ဖျားကစပြီး ဖမ်းလာတဲ့သူတွေကို ရွာလယ် ဘုရားကြီးမှာ ဖမ်းထားပြီး တောင်းတလုံးထဲ လက်ကိုင်ဖုန်းတွေ စုထည့်ခိုင်းထားခဲ့ပါတယ်။ အိမ်တွေကိုလည်း မီးစရှို့ပါတော့တယ်။ မီးမရှို့ခင် အိမ်တွေထဲက သူတို့လိုချင်တဲ့ ပစ္စည်းတွေ ထုတ်ယူပါသေးတယ်။ ပျူစောထီးကတော်တွေပါ လိုက်ပါလာပြီး သူတို့ လိုချင်တာတွေကို ကြာပိုင်ရွာက ဆိုင်ကယ်ဘေးတွဲတွေ၊ ထော်လာဂျီတွေနဲ့ စိတ်ကြိုက် သယ်ယူသွားကြပါတယ်။ မောင်းလို့မရတဲ့ ဆိုင်ကယ်တွေ ထော်လာဂျီတွေကိုလည်း မီးရှို့ခဲ့ပါတယ်။

အိမ်ရောက်တော့ အဖေက တံခါးဖွင့်မပေးဘူး။ စိတ်ဆိုးတာလား၊ နားလေးတာလား မသိဘူး။ အဲဒါနဲ့ တံခါးကို တဒုန်းဒုန်းထုပြီး အဖေ့ အဖေ့၊ တံခါးဖွင့်ပါတော့၊ ကျုပ်ပါ၊ ကျုပ်ပါ၊ အဖေ၊ အဖေ ရွာက ခဏရှောင်နေရအောင်” လို့ ပြောပေမဲ့ ဖွင့်မပေးဘူး။ အဲဒီအချိန်မှာပဲ ကျုပ်တို့အိမ်နားကို စစ်သားတွေနဲ့ ပျူစောထီးတွေ ၊ ရွာသားအယောက် ၆၀‌ လောက်ကို ဖမ်းခေါ်လာတယ်။ အသက် အကြီး၊ အငယ်၊ မိန်းမ၊ ယောက်ျား အစုံပဲ။ လုပ်ငန်းခွင်ထဲက ဖမ်းလာတာကိုး။ ကျုပ်ကိုလဲ သေနတ်နဲ့ ချိန်ပြီး ‘ထိုင်’ လို့ ပြောတယ်။ ကျုပ်လဲ အဖေ့ကို စိတ်ပူတာရော၊ သူတို့ကို ကြောက်တာရော ပေါင်းပြီး မျက်ရည်တွေ ထွက်လာတယ်။ မငိုနဲ့ လို့ ပြောတော့ ငိုမှာပဲ ၊ ကျုပ်အဖေက နေမကောင်းဘူး၊ ခေါ်မရလို့ အထဲမှာ လို့ ပြောရတယ်။ အဲဒါနဲ့ ဖမ်းလာတဲ့ လူအုပ်ထဲမှာ တူမလေးကို တွေ့တာနဲ့ ဟဲ့.. အဖေ့ကို ကူခေါ်ပေးစမ်းပါဦး ဆိုပြီး ပွင့်နေတဲ့ ပြတင်းပေါက်ကနေ အဖေ၊ အဖေရေ လို့ ခေါ်ရတယ်။ သူတို့က လိမ်တယ်မှတ်ပြီး သေနတ်တွေနဲ့ ချိန်ထားတာ၊ အဖေက ထကြည့်ပြီး သူတို့ကို တွေ့မှ လာပါပြီဗျ၊ လာပါပြီ ဆိုပြီး ထွက်လာတာ။

အပြင်ရောက်တော့ အကုန်လုံး ထိုင်နေကြတော့ ထိုင်ချရတယ်။ အဲဒီအချိန် သေနတ်ပြောင်းတွေနဲ့ မေးတွေကို ပင့်ပြီး ‘ကြည့်ထား၊ နင်တို့ရွာကိုလည်း မီးရှို့ပြမယ် ၊ ကြည့်ထားကြ’ ဆိုပြီး ပြောပါတယ်။

“သိပ်မကြာဘူး၊ အလယ်ကောင် လမ်းလေးခြားပြီး နှစ်ဖွဲ့ခွဲတယ်။ တောင်ဘက်က လူက မြောက်ဘက်ကို မကျော်နဲ့။ မြောက်ဘက်ကလူက တောင်ဘက်ကို မကျော်နဲ့ ဆိုပြီး၊ ကျုပ်ဘက်မှာ ရှိတဲ့ ဒိုးလေးနဲ့ ပါပီရားကို တဖက်ခွဲထုတ်တယ်။ ကျုပ် စိတ်ထဲမှာ သေပါပြီ.. မီးရှို့တဲ့အခါ ငါတို့ကို သတ်တော့မှာပဲ ဆိုပြီး စန်းဝင်း၊ စန်းဝင်း၊ ငါတို့ကို ကယ်ပါဦး ၊ ကယ်ပါဦး လို့ ပြောမိတယ်။ သူ မော့ကြည့်တဲ့ မျက်နှာကို ကျုပ်မျက်စိထဲမှာ မြင်နေတုန်းပဲ တော်။ အီး.. ဟီးဟီးဟီး…”

“အဲဒီ ၁၁ ယောက်ကို ခွဲထုတ်ပြီးတော့ ကျုပ်တို့ကို ကဲ.. ခင်ဗျားတို့ သွားကြတော့၊ လွတ်မယ်ထင်တဲ့ ဆီ သွားကြလို့‌ ပြောတာနဲ့ အဖေ့ကို ကျုပ်နဲ့ တူမလေးနဲ့ တဖက်စီတွဲပြီး တရွတ်တိုက် အမြန်ဆွဲခေါ်သွားရတယ်”။

ရွာအနောက်တောင်ဘက်မှာတော့ ဆိုင်ကယ်ပေါ်  အထုပ်တွေတင်ပြီး ထွက်ပြေးတော့မယ့် မိသားစုကို ဆိုင်ကယ်နဲ့အထုပ်တွေ မယူခိုင်းဘဲ “ဒီတိုင်း ထားခဲ့၊ ခင်ဗျားတို့ အိမ်ကို မီးရှို့မှာ၊ ထိုင်ကြည့်၊ ရပ်ကြည့်ကြ” ဆိုပြီး မီးရှို့ခဲ့ကြတာ။ သူတို့မိသားစုမှာ ဘာဆိုဘာမှ မရလိုက်ကြပါ။ အဲဒီနောက်တော့ ဖမ်းလာတဲ့ ရွာသားတွေထဲက ဒိုးလေး၊ ပါပီရား၊ စန်းဝင်း တို့ အပါအဝင် ကျား ၁၁ ယောက်ကို အိမ်ထဲ အလုံပိတ်ပြီး မီးရှို့သတ်ခဲ့ပါတော့တယ်။

“တနာရီလောက် ကြာတော့ ရွာဘက်က ဝုန်းဆိုတဲ့ အသံကြားရော။ .. ကျုပ်လည်း သွားပါပြီ၊ သွားပါပြီ။ ငါတို့တော့ ဘဝပျက်ပါပြီ ဘဝပျက်ပါပြီ ဆိုပြီး ငိုမိတာပဲ။ ဘာလို့ဆိုတော့၊ ကျုပ်တို့အိမ် မရောက်ခင် ၂ လုံး ၃ လုံးလောက် သူတို့ မီးရှို့ပြီးပြီလေ။ လွတ်တဲ့ နေရာရောက်လို့ စိတ်လည်း အေးသွားရော၊ ကျုပ် အကြောတွေ ကပ်သွားတယ်။ အဲဒီနေ့ကစပြီး မီးရှို့အသတ်ခံရတဲ့ လူတွေကို မြင်ယောင်ပြီး စိတ်ထဲ နာကျင်လွန်းတာနဲ့ ည ညဆို အိပ်လို့မရဘူးတော်၊ အီးဟီး..ဟင့်..ဟင့်..ဟင့်”။

ရွာရဲ့ အိမ်ခြေ ၃ပုံ၁ပုံခန့် မီးရှို့ခံခဲ့ရပြီး ဖြစ်ခဲ့သမျှကား မယုံနိုင်စရာ၊ အိပ်မက်ဆိုးပမာ ဖြစ်ရလေရာ မီးရှို့ခံရသူတွေမှာ နေစရာ အိမ်မရှိ ဖြစ်သလို၊ ကျန် ရွာသူရွာသားတွေဟာလည်း ရွာမှာ မနေဝံ့ကြတာကြောင့် ယခုအခါ ကြာပိုင်ရွာဟာ ရွာပျက်ကြီးလို ဖြစ်ခဲ့ရပါပြီ။

ယောက်ျားကို မီးရှို့သတ်နေတာ မသိဘဲ အိမ်မီးငြှိမ်းနေသူ၊ ခင်ပွန်းဖြစ်သူ မီးရှို့သတ်ခံရတာ မသိဘဲ ချိန်းထားတဲ့ နေရာမှ စောင့်မျှော်နေရှာသည့် အသက် ၂၇ နှစ်အရွယ် ကလေးအမေ၊ အိမ်မှာ ဖူးဖူးမှုတ် အလိုလိုက်ခံထားရတဲ့ အသက် ၂၀ အရွယ်ကောင်လေးရဲ့ အမေနဲ့ နှမ၊ စကားမှ ပီအောင် မပြောတတ်တဲ့ ပါပီရား လို့ ခေါ်တဲ့ကောင်လေး စသည် စသည်၊ အားလုံးဟာ အပြစ်မဲ့၊ လက်နက်မဲ့၊ အကာအကွယ်မဲ့ ပြည်သူများသာ။ ရက်စက်ယုတ်မာမှု ကမ်းကုန်နေတဲ့ သူတွေရဲ့ လက်ထဲ နောက်ထပ် နောက်ထပ်သော အပြစ်မဲ့ ပြည်သူများ၊ လူမဆန်စွာ သတ်ဖြတ်ခံရမှုများမှ ကင်းဝေးစေလိုပါကြောင်း။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar