Sunday, December 10, 2023

ဝင်းမင်းခိုင် - ငါတားတယ်

Art by Than Htay Maung
ငါတားတယ်
ဝင်းမင်းခိုင်
(မိုးမခ) ဒီဇင်ဘာ ၁၀၊ ၂၀၂၃

တမိထဲပေါက်မဟုတ်ဘူး
တကိုင်းထဲနားကြတယ်

ဘာသာစကားမတူဘူး
နှလုံးခုန်သံထပ်တူကျတယ်

ဘက်တံဆိပ်မတူဘူး
တလမ်းထဲလျှောက်‌နေကြတယ်

ဧရာဝတီလို မြင့်ရာကနိမ့်ရာကိုစီးပြီး
ပင်လယ်ထဲဝင်တယ်

ရေခဲတောင်တွေဆီကအေးမြတဲ့လေလို
‌မြောက်အရပ်ကနေကျန်တဲ့အရပ်အားလုံးကို
စိမ့်ဝင်ပျံ့နှံ့ ယှက်ဖြာတယ်

မင်းသူတို့အထဲကို
ခြေလက်ကလေးတောင်မကျူးကျော်ဖို့
အထပ်ထပ်အခါခါငါတားတယ်

ပဒူအုံထဲကျွံကျတဲ့သားကောင်လို
ဆွဲထုတ်လိုက်သမျှအရိုးချည်းပဲကျန်လိမ့်မယ်

၉.၁၂.၂၃
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar