Sunday, April 28, 2024

သင်းရည်လွင် - မနက်ခင်း ရေဒီယို ၊၂၇၊

Art by Than Htay Maung

မနက်ခင်း ရေဒီယို ၊၂၇၊
သင်းရည်လွင်
(မိုးမခ) ဧပြီ ၂၈၊ ၂၀၂၄

မိုးသားများ ထူပြော
နေရောင်များ ပန်းပန်လျက်
မီးရှုး မီးပန်းများ ပျော်ပွဲစား ထွက်လျက်
အိမ်သားမစုံတဲ့ တစ်နေ့သား
မိသားစုဆိုပြီး ဘာမှ စုမရတဲ့နေ့တွေ
ဆန်ဖွတ်တဲ့အဘိုးရဲ့ လယ်တဲလေး
ကွင်းပြင်အဝေး မှိုင်းမှုန်
မုတ်သုန်မြင်းရိုင်း နှိုးသံကြား
ရွာမှာလေလားဆိုပြီး
ကြယ်မြင် လမြင်
ကောင်းကင်ကို မိုးတယ်
ဓနိ သက်ကယ် ခနော်ခနဲ့
လယ်သူမလေးအတွေးထဲတောင်
ဘဝ တစ်ဝက်တစ်ပျက် စိုခဲ့ရ
မျှော်လင့်သော တိမ်များ
နီးလျက်နဲ့ ဝေးခဲ့ရာသီ
မမျှော်ခဲ့သောနေ့များ အကြိမ်ကြိမ်
ငေးနေရင်း....အထပ်ထပ်မှောင်လို့ ။

Apr 25
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar