Breaking News

မိုး သက် ငြိမ် ဦး - ကာမိကာဇေ


Art by Than Htay Maung
ကာမိကာဇေ
မိုး သက် ငြိမ် ဦး
(မိုးမခ) ဧပြီ ၇၊ ၂၀၂၄

ငါတို့ပျံတက်သွားခြင်းက
မင်းတို့အတွက်သေခြင်း
ငါတို့တဟုန်ထိုးဆင်းသက်ခြင်းကလဲ
မင်းတို့အတွက်သေခြင်းပဲ ။

ငါတို့ပျက်စီးလို့မင်းတို့သေဆုံးရမယ်ဆိုရင်
ဒါဟာ
ငါတို့အောင်မြင်မှု
ငါတို့ပေါက်ကွဲတိုင်းမင်းတို့ပျက်စီးရရင်
ဒါဟာ
ငါတို့အောင်ပွဲ ။

ပျံတက်ခြင်းတွေ ဆင်းသက်ခြင်းတွေနဲ့
ပျံသန်းခြင်းဆိုတာက ငါတို့ရဲ့အသက်
အချိန်နေရာမရွေးထိုးချပစ်လိုက်ဖို့
ငါတို့
ဘယ်တော့မှ ဝန်မလေးဘူး ။

ကိုယ့်ကိုယ်ကို အဆုံးစီရင်ပစ်လိုက်ဖို့
ကိုယ့်ကိုယ်ကို ဖောက်ခွဲပစ်လိုက်ဖို့
ကိုယ့်ကိုယ်ကို အသေခံပစ်လိုက်ဖို့
လိုအပ်ရင်
ကိုယ့်ကိုယ်ကို တစ်စစီပျက်သုဥ်း
ကြေမွသွားရမယ်ဆိုရင်လဲ
 ဝမ်းမြောက်စွာပါဝင်သွားကြဖို့ 
တူညီကြပြီးသား ။

ဘာတွေလဲ
ငါတို့က
ကာမိကာဇေတွေ ။ ။

5.4.2024
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar