Saturday, May 11, 2024

ငတေ - မြို့

ငတေ - မြို့

(မိုးမခ) မေ ၁၁ ၊ ၂၀၂၄


မြို့ဟာ လက်နက်ကိုင်ပေါင်းစုံကို 

ကြောက်တဲ့ သောကနဲ့

ကျောမချရဲဘူး

ဒီည ဘယ်အဖွဲ့က ဘယ်သူ့ကို 

လာခေါ်မလဲဆိုတဲ့အသိနဲ့

မချိတင်ကဲ 


မြို့ဟာ နေ့လယ်နေ့ခင်း

ကျောမစင်းရဲ

သေတွင်းထဲ 

ဘယ်ချိန် ဆွဲချမလဲလို့ 

အသင့်စောင့်နေရ

သေစာရင်းမှာ 

ကိုယ့်နာမည် ပါ၊ မပါ 

သွားကြည့်ပေးရ

ပါရင် သေစေချင်တဲ့ အချိန်သေပေးဖို့ 

လက်မှတ်ထိုးပေးရ 


မြို့ဟာ 

ကြယ်မြင် လမြင်ဖို့ 

မခက်ပေမယ့်

ထမင်းမြင် ဟင်း မြင်ဖို့ 

မလွယ်ဘူး

မြို့ဟာ

ဒို့အရေးနဲ့

ပို့စ်မပေးရတာတောင်

ကြာပေါ့။ 

-

Join Us @ MoeMaKa Telegram

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar