Friday, June 28, 2024

ခိုင်မျိုး - ရွာထဲမှာ

Art by Than Htay Maung
ရွာထဲမှာ
ခိုင်မျိုး
(မိုးမခ) ဇွန် ၂၈၊ ၂၀၂၄

အင်းလျားရေပြင်ပေါ်
ငှက်တော်အမည်းလေးတွေဝဲပျံနေပြီး
ဥဩသံနဲ့စပ်ဖျော်ထားတဲ့လေကို
အရသာခံရင်း
ရေပြင်ထဲနောက်ကျွမ်းပစ်ချလိုက်တာ
ငါတို့ရဲ့လူငယ်ဘဝပဲ
ဟိုဘက်ကမ်းမှာ
ကျည်ဆံစမ်းပစ်နေသံကိုကြားနေရတယ်
အဲ့သည်အထဲကကျည်ဆံမှန်ပြီး
ငါတို့သေနေခဲ့မှန်း
မသိကြဘူး
သမတရုံမှာခုနှစ်ဆယ့်ငါးပြားတန်းက
လက်တဖက်ပြတ်ဓားသမား
ဇာတ်ကားကိုတိုးကြည့်ဖို့
မြို့ကြီးထဲ
နံပါတ်ခွန်အဝါဘတ်စ်ကားအိုကြီးကိုတွယ်စီးရင်း
ချီတက်ခဲ့ကြတယ်
ငါတို့ဟာ
လက်တဘက်ပြတ်တွေ
အသေကောင်တစ်ပိုင်းတွေ
ရွာထဲမှာ
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar