Thursday, July 4, 2024

သီအိုဇော် - အရောင်ပြောင်းချန်ပီယံများ

အရောင်ပြောင်းချန်ပီယံများ

သီအိုဇော်

(မိုးမခ) ဇူလိုင် ၄ ၊ ၂၀၂၄

လွမ်းစရာ ရွာမရှိတော့သလို

ပျော်စရာ ရှာမရတဲ့ မြို့ပျက်

ဘေးလွတ်စေကြောင်း ဆုတောင်းဖို့တောင်

ဆု​သွားတောင်းစရာ မရှိတော့တဲ့နေရာ

လူမစုံသလို 

ဟင်းလည်း မစုံနိုင်တော့တဲ့ ထမင်းဝိုင်း

ဆိုင်းမဆင့် ဗုံမဆင့်

သေကွဲနဲ့ ရှင်ကွဲ 

တလှည့်စီ မဲကျနိုင်တဲ့အရပ်

အရင်လို မဟုတ်တော့တဲ့ဒေသ

အရင်လို ဟုတ်ကိုမဟုတ်တော့တဲ့ ကာလမှာ

ပြောစရာစကား ရှာကြံဖို့ကို ခက်နေတာက

အရင်လို ပုံစံမပျက်

အရင်လို အပျော်အပါးမပျက်

မိစ္ဆာတွေကို ခုန်မြူးပျော်တော်ဆက်ရင်း

အရင်ထက် ကိုယ်ချင်းစာတရားပျက်

အရှက်တရားလည်း ဂိတ်ဆုံးအောင်ကင်းဝေး

မကြာသေးခင်တုန်းကတော့

ခြံအမှတ် (၅၄) ထဲ

‘အမေ အမေ’ နဲ့ အတင်းတိုးကပ်

မမောတမ်း ဓာတ်ဖမ်းခဲ့ကြတဲ့သူတွေကိုပေါ့။

-

Join Us @ MoeMaKa Telegram

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar