Wednesday, July 10, 2024

မောင်လင်းရိပ် - ဆိုကြပါစို့

Art by Than Htay Maung
ဆိုကြပါစို့
မောင်လင်းရိပ်
(မိုးမခ) ဇူလိုင် ၁၀၊ ၂၀၂၄

ကျောက်တုံးလည်း နောက်ဆုံးမှာ ကြေမွသွားရတယ်လို့ ဆိုကြပါစို့
သဲမှုန်ကလာတာ သဲမှုန်တွေ ဖြစ်သွားရတယ်လို့ ဆက်လက် ဆိုကြပါစို့
သင့်ရဲ့ လက်ချောင်းတွေကြားကနေ အောက်ခြေသဲပြင်ပေါ် ယိုစီးကျသွားတယ် ထပ် ဆိုကြပါစို့
သဲမှုန်လေးတွေကို ကျောက်တုံးဖြစ်အောင် ပြန်ဆက်ဖို့ ကြိုးစားမရနိုင်
ကြက်ဥ အနှစ်တွေကလည်း ကြက်ပေါက်စလေး ဖြစ်မလာနိုင် ဆိုကြပါစို့
ကြက်မဟာ ကြက်ဥတွေကို ထပ်ပြီး ဥပေးနိုင်ဦးမှာ ဆိုတာကတော့ ဆိုကြပါစို့ထက် နည်းနည်း ပိုရေရာ
သဇီဝနဲ့ အဇီဝအကြောင်းကို တွေးမိတာပဲ ဆိုကြပါစို့
လူနဲ့ စနစ်အကြောင်းကို ဆက်တွေးမိတာပဲ ဆိုကြပါစို့
အတွေးတွေနဲ့ လုံးလိုက်တဲ့အခါ နှလုံးဟာ ကျောက်တုံးလို မာသွားတတ်တာ ဆိုကြပါစို့
ကျောက်တုံးသက်သက်ဟာ ကဗျာမဖြစ်နိုင်ဘူးလို့ ဆိုချင်ရင် ဆိုလိုက်ကြပါလေ

၂၀၂၄၊ ဇူလိုင် ၆

-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar