အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၁၂ )
(မိုးမခ) ဇူလိုင် ၂၅ ၊ ၂၀၂၄
24/7/24
Diary in the darkness
မိုးကုတ်မြို့ စစ်ကောင်စီ ကင်းစင်နယ်မြေဖြစ်သွားပြီ။ ဒီညနေ မိုးကုတ်မိတ်ဆွေတစ်ယောက်ဖုန်းဆက်တယ်။ မရှေးမနှောင်းပဲ မဇ္ဈိမ သတင်းဌာနက အောင်ပွဲခံ TNLA တပ်သားတွေကို မြို့လူထုက သပြေပန်းတွေနဲ့ ကြိုဆိုနေတဲ့ ဓာတ်ပုံတွေ တင်ထားတာ တွေ့လိုက်ရတယ်။
မနေ့ကတော့ စစ်တန်းကုန်းရှိ ဗျူဟာကုန်းမှာ စစ်ကောင်စီတပ်သားတွေမရှိတော့ဘူး၊ ပတ္တမြား စေတီဘက်ကို ထွက်ပြေးသွားကြတယ်လို့ မိတ်ဆွေတယောက်က ဖုန်းနဲ့ပြောပါတယ်။ လေယာဉ်တွေ အဆက်မပြတ် ဗုံးကြဲနေကြလို့ စစ်ကောင်စီ စစ်ရှုံးနေပြီ၊ ပြေးတော့မယ်လို့ သူက ခန့်မှန်းပြောသေးတယ်။ ခုတော့ တကယ်ပဲ စစ်ကောင်စီတပ်တွေ ပြေးပြီ။ မိုးကုတိမှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ နေစဉ်ရက်ဆက် သတင်းတွေကြားနေရတော့ ထိုင်မရ ထမရ စိတ်သောကတွေ ရောက်ခဲ့ရတယ်။ ခုတော့ သက်ပြင်းတဝက်ချနိုင်ပါပြီ။ မေမြို့က သူငယ်ချင်းကလည်း မိုကုတ်မြို့ ဆို့လ်အောက် ဆိုပြီး ဖုန်းဆက်လာတယ်။ ဒီနေ့ မေမြို့ကောင်းကင်မှာ လေယာဉ်တွေ ပျံတက်တာ များနေတယ်။ မိုးကုတ်ကို စိုးရိမ်တယ်လို့ ဖုန်းဆက်ပါတယ်။
မနေ့က မင်းအောင်လှိုင်က သူ့ကိုယ်သူ ယာယီသမ္မတ ခန့်လိုက်တဲ့သတင်း တက်လာတယ်။ အံ့ဩ ရယ်မောသံတွေ လူမှုကွန်ရက်ပေါ်မှာ သောသောညံသွားတယ်။ ဘယ်နိုင်ငံတွေကများ သူ့ကိုဝမ်းမြောက်ဂုဏ်ပြုလွှာပို့မလဲလို့ တနေကုန် စောင့်ကြည့်တယ်။ ယူနီဖောင်းကြီးဝတ်ကာ ဘုန်းတော်ဘွဲ့တီးလုံးနဲ့ ကနေတဲ့ မင်းအောင်လှိုင် ဟာသ ဗီဒီယိုကလစ်တွေပဲ တက်တက်လာတယ်။
မနေ့က နေ့လယ်ပိုင်းလောက်မှာတော့ လားရှိုးမှာ ဒုဗိုလ်မှူးကြီးနဲ့ ဗိုလ်မှူးများအပါအဝင် စစ်ကောင်စီတပ်သား သုံးရာကျော် လက်နက်ချတဲ့သတင်း တက်လာတယ်။ မယုံနိုင်စရာပါပဲ။ ကမ္ဘာ့အဆင့်မီ စမတ်အာမီကြီးတခု ခွက်ခွက်လန်အောင် ရှုံးနေတာ။ You tube ပေါ်က စစ်ကောင်စီလောဘီတွေလည်း ဒေါသထွက်သူထွက်၊ ငိုသူငို၊ ကသူက နဲ့ ဖြစ်ကုန်တယ်။
ဒီည လားရှိုးသတင်း စောင့်ကြည့်နေမိတယ်။ အိပ်လည်း ဒီစိတ်၊ စာလည်းဒီစိတ်။ အိပ်မက်ထဲ ရောက်နေသလိုပဲ။
အင်းလေ ဘဝဆိုတာ အိပ်မက်တခုလိုပါပဲ။ လန့်နိုးတဲ့အခါ စိတ်တွေ ကြည်လင်လန်းဆန်းနေဖို့သာ ဆုတောင်းရတော့မှာပါ။
အန်ကယ် တူမီး
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar