Breaking News

လောင်စာဆီ ပြတ်လပ်မှုနဲ့ ဒုက္ခပင်လယ်ထဲက လူထုရဲ့ ဘဝ

မြန်မာနွေဦး ခရိုနီကယ် - သြဂုတ် ၁၆ မြင်ကွင်း

(မိုးမခ) ဩဂုတ် ၁၇၊ ၂၀၂၄

လောင်စာဆီ ပြတ်လပ်မှုနဲ့ ဒုက္ခပင်လယ်ထဲက လူထုရဲ့ ဘဝ 

သတင်းတွေမှာ ၊ ဆိုရှယ်မီဒီယာတွေမှာ နာရီပိုင်းမကပဲ နောက်တနေ့ ကူးတဲ့အထိအချိန် နာရီများစွာပေးပြီး လောင်စာဆီ တန်းစီကြရတဲ့ အကြောင်း၊ စာသင်ကျောင်းတွေက ကျောင်းကြိုပို့ကားတွေ ထွက်ဖို့ အခက်အခဲရှိနေကြတဲ့ အခြေအနေ၊ လုပ်ငန်းတွေ ကုမ္ပဏီတွေ မှာ လုပ်ကိုင်နေကြတဲ့ ဝန်ထမ်းကြိုပို့ကားတွေ ပုံမှန်မပြေးဆွဲနိုင်ကြတဲ့ အနေအထားထိ ရောက်ရှိလာနေပြီ ဖြစ်ပါတယ်။ ကိုယ်ပိုင်ကား ရှိသူတွေသာ ကြုံရတဲ့ ဒုက္ခအဖြစ် အရင်ရက်ပိုင်းက ရှုမြင်ကြပေမယ့် အခုအခါမှာတော့ စီးပွားရေး၊ ပညာရေးနဲ့ ကျန်းမာရေး နယ်ပယ်တွေအထိ သက်ရောက်မှုရှိလာနေတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ လောင်စာဆီအတွက် နိုင်ငံခြားငွေ သုံးစွဲမှုကို ချွေတာတဲ့ စစ်ကောင်စီရဲ့ မူဝါဒ၊ ဒါ့အပြင် လောင်စာဆီ ဈေးနှုန်းကို ဈေးကွက် ပေါက်ဈေးအတိုင်းမဟုတ်ပဲ ပမဏတခု မကျော်အောင် လက်တွေ့မကျတဲ့ ငွေလဲနှုန်းနဲ့ ချိတ်ဆက်ထားခြင်းရဲ့ အကျိုးဆက်က လတ်တလော အဖြစ်အပျက်တွေကို ဖြစ်ပွားစေတာ ဖြစ်ပါတယ်။ လောင်စာဆီ လက်လီဖြန့်ချိရေး ဈေးကွက်ကို လောင်စာဆီ တင်သွင်းရောင်းချသူ အသင်းရဲ့  လုပ်ပိုင်ခွင့်အဖြစ် ၊ တင်သွင်းသူ ကုမ္ပဏီကြီးတွေရဲ့ ဈေးကွက်လက်ဝါးကြီး အုပ်တာ စတဲ့ အခြားသော အကြောင်းအချက်တွေလည်း ပါဝင်ကောင်း ပါဝင်ပေမယ့် လက်ရှိ ဖြစ်နေတာကို အနှစ်ချုပ်ကြည့်ရင် နိုင်ငံခြားငွေ သုံးစွဲမှု ပမာဏကန့်သတ်မှုနဲ့ ကျပ်ငွေ တန်ဖိုးကျသလောက် လောင်စာဆီဈေး လိုက်ညှိပြီး ပြောင်းလဲလို့ မရတဲ့ ကန့်သတ်ချက်တွေက ရောင်းပေးနိုင်တဲ့ ပမာဏကို သိသာစွာလျော့နည်းစေပြီး အခုလို ပြတ်လပ်မှုတွေ ဖြစ်စေတာလို့ ဆိုနိုင်ပါတယ်။ 

ဒီအဖြစ်အပျက်တွေက အာဏာသိမ်း စစ်အစိုးရရဲ့  အာဏာရပ်တည်မှုကို ထိခိုက်နိုင်တဲ့အထိ ဖြစ်လာစေမလား ဆိုတဲ့အထိ တိတိပပ မခန့်မှန်းနိုင်သေးပေမယ့် ပြည်တွင်းက စစ်ပွဲဖြစ်ပွားနေခြင်း မရှိသေးတဲ့ မြို့တွေနယ်တွေက စီးပွားရေးနဲ့ ကျန်းမာရေး၊ ပညာရေးတွေအထိ သက်ရောက်နေတာဖြစ်လို့ နကိုကတည်းက ရှိနှင့်ပြီးသား လူထုရဲ့ မကျေနပ်မှုကို လောင်စာဖြည့်ပေးတဲ့ အနေအထားလို့ ဆိုရင် မှားမယ် မထင်ပါ။ စစ်အုပ်ချုပ်ရေး၊ ဥပဒေမဲ့ ဖမ်းဆီးမှု၊ တရားမျှတမှုမရှိတဲ့ တရားစီရင်မှုတွေ ဖြစ်ပေါ်နေတဲ့ အခုလို ကာလမှာ မြို့တွေမှာ နိုင်ငံရေး လှုပ်ရှားမှုတွေထက် စစ်ရေး လှုပ်ရှားမှုကို ပိုမိုအားသန်ကြတာမို့ လူထုလှုပ်ရှားမှု၊ ဆန္ဒပြမှုလိုမျိုး ပေါ်ထွက်လာဖို့က အခွင့်အလမ်းနည်းပါးပြီး လက်ရှိ လောင်စာဆီ ပြတ်လပ်မှုကနေ ဆန္ဒပြမှုတွေလိုမျိုး ဖြစ်ပေါ်ဖို့ အရိပ်အယောင် မမြင်တွေ့ရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

လူထုအနေနဲ့ အခုလို စီးပွားရေး လည်ပတ်ဖို့ ရှင်သန်စားသောက်ဖို့ အခက်အခဲတွေ ပိုမိုမြင့်တက် လာတာကနေ နိုင်ငံရေးအရ ဆန့်ကျင်မှု၊ ဆန္ဒပြမှုတွေ ပေါ်ထွက်လာကောင်း လာလိမ့်မယ်လို့ စစ်ကောင်စီဘက်က စိုးရိမ်မှုလည်း ရှိကောင်း ရှိနိုင်ပါတယ်။ သို့ပေမယ့် စစ်ကောင်စီရဲ့ ဖမ်းဆီးနှိပ်ကွပ်မှု၊ အများစုသော အတိုက်အခံတွေကို ဖမ်းဆီး ထောင်ချမှုတွေက မြို့တွေမှာ နိုင်ငံရေးအရ လှုံ့ဆော်မယ့် အဖွဲ့အစည်းတွေ မရှိသလောက် နည်းပါးနေတဲ့ အနေအထားဖြစ်ခြင်းကြောင့် သော်လည်းကောင်း၊ ဆန္ဒပြတဲ့နည်းလမ်းထက် လက်နက်ကိုင် နည်းလမ်းကို ပိုမိုစိတ်အားထက်သန်ကြခြင်းကြောင့် သော်လည်းကောင်း အခုလို အခြေအနေ ပေါ်ပေါက်နေပေမယ့် နိုင်ငံရေးအရ လှုံ့ဆော် စည်းရုံးနိုင်တဲ့ အနေအထားမျိုး မဟုတ်ဘူးလို့ ကောက်ချက်ချနိုင်ပါတယ်။ မြေပေါ် နိုင်ငံရေး နည်းလမ်းကို ယုံကြည်မှု နည်းပါးပြီး လက်နက်ကိုင် နည်းလမ်းနဲ့ စစ်တပ်ကို ဖြုတ်ချနိုင်မယ်လို့ ယူဆမှုတွေ အားကောင်းနေချိန်လို့လည်း လက်ရှိ အနေအထားကို ဆိုနိုင်ပါတယ်။ 

မြန်မာနိုင်ငံတွင်းက စစ်ကောင်စီ ထိန်းချုပ်နယ်မြေမှာ နေထိုင်နေကြတဲ့ လူထု အနေနဲ့ အခုလို ကျပ်ငွေတန်ဖိုး ကျဆင်းမှုဒဏ်၊ လောင်စာဆီ အကြပ်အတည်း၊ ရိက္ခာ၊ ဆေးဝါး မလုံလောက်မှုနဲ့ ဝင်ငွေရရှိမှု ကျဆင်းပြီးရင်း ကျဆင်းနေကြတဲ့ အနေအထားက ဒုက္ခပင်လယ်ဝေတဲ့ အနေအထားလို့ ဆိုနိုင်ပြီး စစ်မက်ဖြစ်ပွားနေတဲ့ ဒေသတွေ တိုင်းရင်းသားလက်နက်ကိုင်တွေ သိမ်းယူပြီး အုပ်ချုပ်နေတဲ့ ဒေသတွေက လူထုအနေနဲ့လည်း ကုန်သွယ်မှု၊ ကူးလူးဆက်ဆံမှုတွေက ပြည်တွင်းနဲ့ အဓိက ဆက်သွယ် လုပ်ကိုင်နေကြရတာမို့ စစ်ကောင်စီ ထိန်းချုပ်ဧရိယာက အကျိုးဆက်တွေကို လွတ်မြောက်ဒေသက လူထုအနေနဲ့လည်း ရိုက်ခတ်ခံရတာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံရဲ့ ဒေသအချို့က စစ်ရေးနဲ့ နိုင်ငံရေးအရ လွတ်မြောက်ပြီး ဖြစ်ပေမယ့် စီးပွားရေး၊ ဘဏ္ဍာရေးဆိုင်ရာ၊ မရှိမဖြစ် လိုအပ်တဲ့ ကုန်ပစ္စည်း ဝယ်ယူရာမှာ အတားအဆီး၊ ပိတ်ဆို့မှု၊ ငွေတန်ဖိုးကျမှုနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ အခွန်အကောက် (ဂိတ်ကြေး) တွေကြောင့် စားသောက်ကုန်၊ ဆေးဝါး စတာတွေကို ဈေးကြီးမြင့်စွာနဲ့ ဝယ်ယူသုံးစွဲကြရတာ ဖြစ်ပါတယ်။ 

ဘဏ်စနစ်၊ ငွေကြေး ပေးချေမှုစနစ် ကွန်ရက်က တဖြည်းဖြည်း ကျုံ့လာနေတာကြောင့်လည်း လူထုအနေနဲ့ မိမိတို့ ပိုင်ဆိုင်တဲ့ ဘဏ်ထဲ၊ ကေပေးတို့လို ဒစ်ဂျစ်တယ် ပိုက်ဆံအိတ်ထဲက ငွေတွေကို သုံးစွဲဖို့ အခက်အခဲ ကြုံနေကြတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

လွတ်မြောက်နယ်မြေတွေ အနေနဲ့ စစ်ရေးကို ပထမဦးစားပေး ထားကာ နယ်မြေ သိမ်းယူနိုင်အောင် လုပ်ဆောင်ကြပေမယ့် စီးပွားရေးအရ တည်ငြိမ်အောင် အုပ်ချုပ်နိုင်ဖို့ စီမံနိုင်ဖို့ အခက်အခဲ အတားအဆီး ပေါင်းများစွာကို ဖြေရှင်း ကျော်ဖြတ်ကြရဦးမယ့် သဘောလည်း ဖြစ်ပါတယ်။ သာဓက တခုအနေနဲ့ လတ်တလော ရခိုင်ပြည်နယ် အခြေအနေကို လေ့လာကြည့်ရင် ကျပ်ငွေနဲ့ ပြည်တွင်းက ဘဏ်တွေသာ အသုံးပြုကြတဲ့ အနေအထားလို့ ဆိုပေမယ့် ပိတ်ဆို့ ဖြတ်တောက်မှုတွေ၊ အင်တာနက် ဖြတ်တောက်မှုတွေက ငွေကြေး ပေးချေဖို့ ငွေစက္ကူလည်း ရှားပါးသလို ဒစ်ဂျစ်တယ် စနစ်နဲ့လည်း ပေးချေဖို့ ခက်ခဲနေတဲ့ အခြေအနေက ရခိုင်ပြည်နယ် ဒေသအများအပြားမှာ ကြုံတွေ့နေကြရတဲ့ အခြေအနေဖြစ်ပါတယ်။ 

ဒီအနေအထားတွေက စစ်ဘေးရှောင်ရင်း၊ စစ်ပွဲပြီးနောက် လွတ်မြောက်တဲ့နယ်မြေတွေမှာ နေထိုင်နေကြတဲ့ လူထုအနေနဲ့ သက်မွေးဝမ်းကျောင်း အလုပ်တွေ လုပ်ကိုင်ဖို့ အတားအဆီးတွေ ဖြစ်နေပြီး လက်ဝယ်ရှိတဲ့ ငွေကြေး၊ ကုန်ပစ္စည်းကို ခြစ်ခြုတ်သုံးစွဲရမယ့် အနေအထားမျိုး ရောက်ရှိစေတာလည်း ဖြစ်ပါတယ်။ 

အခုအခြေအနေမှာ စစ်အောင်နိုင်ရေးသည်သာ အဓိက၊ ကျန်တဲ့အချက်အလက်တွေ အကြောင်းအရာတွေက သာမညလို့ ဆိုကောင်းဆိုပေမယ့် လူထုရဲ့ ခံစားနေရတဲ့ ဒုက္ခ အခက်အခဲတွေကို ဖြေရှင်းပေးနိုင်ဖို့ နည်းလမ်းရှာဖွေကာ လက်ရှိ အနေအထားနဲ့ ဖြေရှင်းနိုင်တဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့က လူထုကို မျက်နှာမူတဲ့ အဖွဲ့အစည်းတိုင်းရဲ့ တာဝန်လည်း ဖြစ်ပါတယ်။





Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar