Sunday, March 23, 2025

စောဝေ - အရေးမပါတဲ့နေ့များ

စောဝေ - အရေးမပါတဲ့နေ့များ

မိုးမခ ၊ မတ် ၂၃ ၊ ၂၀၂၅


မွေးနေ့တဲ့ မပျော်တာ

ကမ္ဘာကြီးပေါ် လူသတ်နေကြ

မရပ်ဘူး။

လူ့အခွင့်ရေးနေ့တဲ့

ကလေးသူငယ်တွေကို

ချောဆွဲ စစ်ထဲသွင်းနေတာ

မရပ်ဘူး။

ကမ္ဘာ့ကဗျာနေ့တဲ့

ပြည်တွင်းက ကဗျာဆရာတွေ

ဖမ်းဆီး သတ်ဖြတ်ခံနေရတာ

မရပ်ဘူး။

အမျိုးသမီးများနေ့တဲ့

ဖမ်းဆီးနှိပ်စက် မုဒိမ်းကျင့်

သတ်ဖြတ်နေကြတာ

မရပ်ဘူး။

တောင်သူလယ်သမားနေ့တဲ့

လယ်တွေ၊ ယာတွေ၊ ရွာတွေ

မီးရှို့ဗုံးကြဲနေတာ

မရပ်ဘူး။

မေတ္တာအခါတော်နေ့တဲ့

ဘုန်းကြီးအချို့က လူသတ်သမားတွေကို

အခါပေးနေတာ

မရပ်ဘူး။

လွတ်လပ်ရေးနေ့တဲ့

ချုပ်ချယ်ကန့်သတ်

ပိတ်ပင်တားဆီးနေတာတွေ

မရပ်ဘူး။

အာဇာနည်နေ့တဲ့

အာဇာနည်ကြီးရဲ့သမီးကို

ဖမ်းဆီးထောင်ချတာ

မရပ်ဘူး။

ငြိမ်းချမ်းရေးနေ့တဲ့

လူသတ် စစ်လက်နက်ပစ္စည်းတွေ

ထုတ်လုပ်နေတာ

မရပ်ဘူး။

ဒီမိုကရေစီနေ့တဲ့

အာဏာရသွားတာနဲ့

လူ့ရပိုင်ခွင့်တွေကို ပိတ်သိမ်းတဲ့

အမိန့်တွေ ထုတ်ပြန်တာ

မရပ်ဘူး။

အ​ရေးမပါတဲ့ ​နေ့​လေးတ​နေ့မှာ​

မွေးခဲ့တဲ့လူတ​ယောက်ဟာ

နှလုံးနာနာနဲ့

အ​ရေးပါတဲ့ မျက်ရည်​တွေကျ​နေရတာ

မရပ်ဘူး

မရပ်​တော့ဘူး။ ။

စော​ဝေ

(မိမိ​မွေး​နေ့တွင်မှ မြင့်မြတ်ရာဘုံသို့ ထွက်ခွာသွား​သော သမီးငယ်​လေး ရွှန်းစိမ့်စိမ့်(ခ)အွိ၊ ရွှန်းစိမ့်စိမ့်သက်တံသို့) (7.8.1991-23.3.2025)



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar