(မိုးမခ နိုင်ငံတကာမျက်နှစာ) ဧပြီ ၂၆၊ ၂၀၂၅
စီစဉ် - ကိုနိုင် (မိုးမခ)၊ ဖတ် - ရန်နိုင် (Radio NUG)
တူရကီနိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ အစ္စတန်ဘူလ်မြို့အနားကို ဗဟိုပြုပြီး အင်အား ၆.၂ ပြင်းအားရှိတဲ့ ငလျင်တခု ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်းက လှုပ်ခတ်ခဲ့လို့ မြို့ခံတွေ ထိခိုက်ဒဏ်ရာရမှုတွေ ရှိခဲ့ပါတယ်။
ငလျင်ဗဟိုချက်ဟာ အစ္စတန်ဘူလ်မြို့အနောက်တောင်ဖက် ကီလို ၄၀ အကွာ ပင်လယ်ပြင်အောက် ၆ မိုင်အနက်လို့ အမေရိကန်ငလျင်တိုင်းတာရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ အများပြည်သူ ရုံးပိတ်ရက်လည်းဖြစ်လို့ လူစည်ကားချိန်မှာ အစ္စတန်ဘူလ်မြို့ခံတွေ အထိတ်တလန့် အိမ်ပြင်တွေကို ထွက်ပြေးခဲ့ကြရပြီး ထိခိုက်ဒဏ်ရာရသူ အနည်းဆုံး ၁၅၀ ရှိတယ်လို့ မြို့တော်အုပ်ချုပ်ရေးမှူးရုံးက ပြောဆိုပါတယ်။ လူတွေ ထိတ်လန့်တကြားပြေးလွှားကြလို့ အခုလို ထိခိုက်မိကြတာဖြစ်ပြီး အသက်အန္တရာယ်စိုးရိမ်စရာတော့ မရှိဘူးလို့လည်း ပြောပါတယ်။
တူရကီနိုင်ငံဟာ ကမ္ဘာမှာ မြေငလျင်လှုပ်ခတ်မှုအများဆုံးနိုင်ငံတွေက တနိုင်ငံဖြစ်ပြီးတော့ ၁၉၉၉ ခုနှစ်က အစ္စတန်ဘူလ်မြို့ဟာ ငလျင် အပြင်းအထန် လှုပ်ခဲ့ပါသေးတယ်။ ၂၀၂၃ ခုနှစ်ကလည်း အင်အားပြင်း ငလျင် ၂ ကြိမ် လှုပ်ခတ်ခဲ့လို့ နိုင်ငံအရှေ့တောင်ပိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar