Sunday, April 6, 2025

ဖလော်ဒါဟန် - ငလျင်နဲ့ မအလ

ဖလော်ဒါဟန် - ငလျင်နဲ့ မအလ

မိုးမခ၊ ဧပြီ ၆ ၊ ၂၀၂၅


ဒီကနေ့ မနက်ပိုင်း နေမပြင်းခင် အချိန်လေးမှာ ကျွန်မ စက်ဘီးလေးနဲ့ စားစရာအချို့ သွားဝယ်ခဲ့တယ်။

ကျွန်မ နေတဲ့အရပ်က တောရွာလေးဆို‌ပေမဲ့ မန္တလေးနဲ့ အဝေးကြီးတော့ မဟုတ်ပါဘူး။ လမ်းဘေး မနက်ခင်း ဈေးလေးမှာ ဈေးသည် ဆိုတာကလည်း လက်ချိုးရေလို့ရတဲ့ အနေအထားပါ။

ကျွန်မလည်း လိုအပ်တဲ့ ခရမ်းချဉ်သီး တပိဿာ ဝယ်လိုက်တယ်။

ငလျင်မတိုင်ခင်ရက်က ခရမ်းချဥ်သီး တပိသာ ၇၅၀ ကျပ်တန်က ၄၀၀၀ ကျပ် ဖြစ်သွားတယ်။

ဒါနဲ့ ကျွန်မလည်း စားလို့ရ၊ တိလေးတွေလည်း အဆင်ပြေမယ့် ငါးခြောက်ကလေး ၃ ထုပ် ဝယ်လိုက်တယ်။

အမှန်ပြောရရင် ကျွန်မဘဝမှာ ငါးရံ့ခြောက်နဲ့ အာဗြဲခြောက်ပဲ ကျွန်မအမေက ဝယ်ချက်ကျွေးခဲ့တာပါ။

အခု ကျွန်မ ဝယ်ခဲ့တာ ဘာငါးခြောက်လဲ မသိပါဘူး။ ၃ ထုပ်ကို ၅၀၀၀ ကျပ်ပေးရပါတယ်။

ကျွန်မလည်း မဖြစ်မနေ ဝယ်ရမယ့် စားစရာလေးတွေ ဝယ်ပြီးချိန် ကျွန်မ ဝယ်နေကျဆိုင်လေးမှာစက်ဘီးကို ရပ်လိုက်ပါတယ်။

ပြောရရင် ကျွန်မ အဲဒီဆိုင်လေးကို သဘောကျပါတယ်။

ဈေးမှန်တယ်။ လူတယောက် အသုံးအဆောင်ကို အပိုအလိုမရှိ ရောင်းတယ်။

ဒီကနေ့တော့ ဆိုင်မှာ လူတွေ ပြည့်နေပါတယ်။

ပြည်သူ ဆိုတာကလည်း ကပ်ဘေးတခုခုဆို စားစရာလေးတွေ ဝယ်စုတတ်ကြတာ မြန်မာတွေရဲ့အလေ့လို ဖြစ်နေပါပြီ။

ကျွန်မလည်း လိုအပ်တာလေးတွေ ဝယ်ရင်း ပစ္စည်းလေးတွေ ဈေးတွက်ချိန် ဘာတခုမှ ဈေးတက်မရောင်းဘဲ ပုံမှန်အတိုင်း ရောင်းပေးနေတာပါပဲ။

ကျွန်မအတွက်ရော လာ‌ရောက်ဝယ်သူတွေအတွက် အတော်ကို အဆင်ပြေပါတယ်။

အချို့ဆိုင်တွေဆို ဈေးတက်ရောင်းကြတယ်။

ဒါကလည်း ပြည်သူကို ပြည်သူ ကူညီတာဖြစ်လို့ ကျွန်မ အဲဒီဆိုင်လေးက ဆိုင်ရှင်တွေရဲ့ စိတ်ထားကို လေးစားခဲ့ရပါတယ်။

တခုတော့ ရှိတာပေါ့လေ၊ သူတို့အချိန်ကို ကန့်သတ်ရောင်းပေးပါတယ်။

ဒါကလည်း သူတို့မှာ လူအင်အားလည်း မလုံ‌လောက်သလို နောက်တနေ့ ပြည်သူတွေအတွက် မျှဝေရောင်းပေးတာမျိုးလည်း ဖြစ်ပါလိမ့်မယ်။

အမျိုးမျိုးသော ပြည်သူတွေရဲ့ဘဝမှာ ဒုက္ခဆိုတာ အရောင်ဆိုးထားတာထက် ပိုဆိုးပါတယ်။

ငလျင်ဒဏ်က တမျိုး၊ စစ်ဒဏ်က တဖုံ။ စစ်မှုထမ်းဥပဒေကဆို ငလျင်ဒဏ်ကြားမှာ အစဉ်အလာမပျက် ငွေကောက်နေတာဆို ရုပ်ဆိုးအကျည်းတန်တဲ့ စကစ ကျွန်ခံများ မျက်နှာပြောင်တိုက် တောင်းနေကြတာဆို စက်ဆုပ်ဖွယ် လုပ်ရပ်ပါပဲ။

ပြည်သူကလည်း ငလျင်ဒဏ်နဲ့ ပတ်သက်လို့ အထောက်အပံ့ ဆိုတာ ငါတို့နဲ့ အဝေးကြီး အချိန်တန် အာဏာပိုင်တွေပဲ သိမ်းသွားကြတာ ခေတ်အဆက်ဆက် ဆိုတော့ ဘာကိုမှ မျှော်လင့်မနေကြပါဘူး။

ကျွန်မကတော့ ယနေ့အချိန်မှာ ပြည်သူ‌တွေရဲ့ စိတ်နေစိတ်ထား ရပ်ရွာလူထုရဲ့ ခံယူချက်တွေကိုကွက်ကွက်ကွင်းကွင်း မြင်ခွင့်ရသလို ပြည်သူထဲက ပြည်သူတွေမှာလည်း အခုလို ဘေးကြုံလာချိန်စေတနာ့ဝန်ထမ်းစိတ်ဖြင့်‌ လျှောက်လှမ်းသူ‌တွေ ရှိသလို မိမိအပူကို မိမိတို့ကိုယ်တိုင် ဖြေရှင်းကြရင်း မအလရဲ့  ၄ နှစ်တာ စနစ်ဆိုးအောက်မှ ရုန်းထွက်နိုင်ဖို့ ဆက်လက်ကြိုးစားသွားကြမယ် ဆိုတာ ယုံကြည်လျက်။

ဖလော်ဒါဟန်၁.၄.၂၀၂၅


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar