Tuesday, April 15, 2025

ကိုအောင်မှိုင်း - သင်္ကြန် ဆုတောင်း



ကိုအောင်မှိုင်း - သင်္ကြန် ဆုတောင်း
(မိုးမခ) ဧပြီ ၁၅၊ ၂၀၂၅

အလွမ်းတွေ အခါခါဆင့်သမို့
ပိတောက်တွေတခါ မပွင့်နိုင်ဘူး
ဒီနှစ်ရူးရဲ့ သင်္ကြန်အခါတော်။


ပျော်ချင်သူတို့ ပျော်ကြစေ
မော်ချင်သူတို့ မော်ကြစေ။


ပိတောက်တေလေ
ဒဏ်ရာတွေကြား
တူးပို့သံချို မဆိုရက်သမို့
ဗုံးဒဏ် ငလျင်ဒဏ်
သဘာဝဘေးဒဏ် စစ်ဘေးဒဏ်
ငိုကြွေးရှိုက်သံတွေ နာခံရင်း
ကြိမ်စာသင့်ခံရ မွေးရပ်မြေ။


လေယဥ်သံတွေ ဗုံးကြဲသံတွေ
စက်သေနတ်သံတွေ ကြိမ်းမောင်းသံတွေ
မိစ္ဆာသံတွေကို ဂီတသံတွေအဖြစ်ပြောင်း
တိုက်ပွဲတရာ အောင်စေကြောင်း
အမိမြေ လွတ်မြောက်စေကြောင်း
ရင်ထဲက ပိတောက်တွေ
အကြိမ်ကြိမ်ပွင့်စေကြောင်း သင်္ကြန်ဆုတောင်း။


( ဗုဒ္ဓါနံ ဇီဝိတဿ နသက္ကာ ကေနစိ
အန္တရာယော ကာတုံ၊ တထာ မေ ဟောတု )





Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar