Friday, May 9, 2025

မိုးသစ်ဝေ - ရင်ဆိုင်ခြင်းရဲ့ရည်ရွယ်ချက်

Art by Than Htay Maung

ရင်ဆိုင်ခြင်းရဲ့ရည်ရွယ်ချက်
မိုးသစ်ဝေ
(မိုးမခ) မေ ၉၊ ၂၀၂၅

သရဲရဲ့နောက်မှာ
တစ္ဆေက စောင့်နေတယ်။ 

ဘီလူးရန် ကင်းတဲ့အခါ
သဘက်ရန် ရှင်းဖို့ကျန်မယ်။

ဓားတောင်ကိုကျော်လို့မပြီးခင်
လှံတောင်ကြီးကို ဆီးတွေ့ရတယ်။ 

မီးပင်လယ်ကိုလွန်မြောက်တဲ့အခါ
နှင်းသမုဒ္ဒရာကို ဖြတ်ရဦးမယ်။ 

ရင်ဆိုင်ခြင်းရဲ့ရည်ရွယ်ချက်မှာ
နောက်ဆုတ်ဖို့ လုံးဝမပါ
ကျော်ဖြတ်ဖို့သာဖြစ်ရဲ့။ 

၇၊ မေ၊ ၂၀၂၅
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar