မြန်မာနွေဦးခရိုနီကယ် - မေ ၃၀ မြင်ကွင်း
(မိုးမခ) မေ ၃၁ ၊ ၂၀၂၅
ငလျင်ဘေးက ပြန်လည်ထူထောင်နိုင်ဖို့ စစ်ကောင်စီ အမှန်တကယ် အားစိုက်နေရဲ့လား
ငလျင်ဘေး ကျရောက်ပြီး ၂ လ ကျော်လာချိန်မှာ အပျက်အစီးတွေ ရှင်းလင်းဖယ်ရှားတာတွေ မပြီးစီးသေးသလို နေစရာ အိမ်မရှိသေးတာကြောင့် ဘာသာရေး အဆောက်အဦတွေ၊ ကွက်လပ်တွေမှာ ယာယီတဲ ထိုးနေထိုင်နေကြရသူတွေ ရှိနေဆဲ ဖြစ်သလို ပျက်စီးသွားတဲ့ အဓိကကျတဲ့ အဝေးပြေးကားလမ်းတွေ တချို့ အပိုင်းလိုက် ပြတ်နေဆဲလည်း ဖြစ်ပါတယ်။ မန္တလေးမြို့မှာ အဆောက်အဦတလုံးထည်း တနေရာထည်းမှာ အသေအပျောက် နဲ့ ပျက်စီးမှု အများဆုံး နဲ့ ဖြစ်ပွားခဲ့တဲ့ စကိုင်းဗီလာ ကွန်ဒိုအဆောက်အဦ နေရာမှာလည်း ယခုထက်တိုင် ရှင်းလင်းနေဆဲ သေဆုံးသူရုပ်အလောင်းတွေ ထပ်ပြီး ဖော်ထုတ်တွေ့ရှိနေဆဲလည်း ဖြစ်ပါတယ်။ မန္တလေးလိုပဲ ပျက်စီးမှု များပြားတဲ စစ်ကိုင်း၊ ပျဥ်းမနားနဲ့ မန္တလေးတိုင်းထဲက အခြားသောမြို့တွေမှာလည်း အပျက်အစီး ရှင်းလင်းရေးတွေ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။
ပျက်စီးဆုံးရှုံးမှုတွေနဲ့ ပတ်သက်လို့ ဆုံးရှုံးမှု ပမာဏ ခန့်မှန်းတွက်ချက်မှုတွေ လည်း မကြာသေးတဲ့ ရက်ပိုင်းက ပေါ်ထွက်လာရာမှာ ကျပ်ဘီလျံ ၃၆၀၀ ကျော် ဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန်ထားပြီး ပြန်လည်ထူထောင်ရေး ဘယ်လို လုပ်ဆောင်မလဲ လိုအပ်တဲ့ ဘတ်ဂျက်ငွေကြေး ဘယ်လို ရရှိမလဲဆိုတဲ့ အပိုင်းတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီက မေလ ၃၀ ရက်နေ့က ဆွေးနွေးပွဲ ဖိုရမ်တခု ကျင်းပခဲ့ပါတယ်။
ဆွေးနွေးပွဲ ဖိုရမ် အမည်ကို ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနဲ့ ပြန်လည်ထူထောင်ခြင်းလို့ အမည်ပေးထားပြီး ဒီဖိုရမ်ကို ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) နဲ့ မြန်မာ့ပုံရိပ်ဖေါ်ညွှန်းရေးအဖွဲ့ Myanmar Narrative Think Tank တို့က ကမကထ လုပ်ကျင်းပကြတယ်လို့ ယူဆရပြီး စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင်တက်ရောက်တာ တွေ့ရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ကမ္ဘာ့ဘဏ်ရဲ့ ခန့်မှန်းတွက်ချက်မှုမှာတော့ ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှု ပမာဏကို ဒေါ်လာ ၁၀ ဘီလျံကျော်ရှိတယ်လို့ ဖေါ်ပြခဲ့တာ ဖြစ်ပါတယ်။ စစ်ကောင်စီ အစိုးရရဲ့ ခန့်မှန်းတွက်ချက်မှုနဲ့ အဆများစွာ ကွာခြားနေတာလည်း တွေ့ရပါတယ်။ ဆွေးနွေးပွဲအတွင်း ဆွေးနွေးချက်တွေမှာ ၂၀၀၈ ခုနှစ် ဆိုင်ကလုန်း နာဂစ် ဒဏ်ခံရပြီးနောက် ပြန်လည်ထူထောင်ရေး၊ ၂၀၁၀ ခုနှစ်နောက်ပိုင်း စီးပွားရေး အရှိန်အဟုန်နဲ့ တိုးတက်လာတဲ့ သာဓက တဖန် ကိုဗစ်ကာလ စီးပွားရေး တုံ့ဆိုင်းမှုနဲ့ ၊ ၂၀၂၁ ခုနှစ် နောက်ပိုင်း မိုခါမုန်တိုင်း နဲ့ ရာဂီမုန်တိုင်း အကျိုးဆက် ရေကြီးမှုတွေကနေ ပြန်လည်ထူထောင်ရေးတို့ကို သာဓကအဖြစ် နှိုင်းယှဥ်ဆွေးနွေးခဲ့ကြတာ တွေ့ရပါတယ်။
ဆွေးနွေးမှုတွေမှာ လက်နက်ကိုင်တိုက်ပွဲ နဲ့ ပြည်တွင်းစစ်ပွဲတွေရဲ့ သက်ရောက်မှုတွေကို ရှောင်ကွင်းပြီး ပြောဆိုကြသွားတဲ့ အနေအထားလည်း သတိပြုမိပါတယ်။
၂၀၀၈ ဆိုင်ကလုန်း နာဂစ်အပြီး ၂၀၁၀ နောက်ပိုင်း စီးပွားရေး တိုးတက်မှုတွေဟာ နိုင်ငံရေး ပြဿနာတွေ ကြီးကြီးမားမား သက်ရောက်မှုမရှိဘဲ နိုင်ငံတကာက မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းမှုကို ကူညီဖို့ စိတ်အားထက်သန်နေတဲ့ ကာလဖြစ်ခြင်းက အဓိက ကျတဲ့အချက်တွေ ဖြစ်ပြီး ၂၀၂၁ နောက်ပိုင်း မိုခါမုန်တိုင်းနဲ့ ရာဂီမုန်တိုင်း ရဲ့ ရေကြီးမှုတွေကြောင့် ထိခိုက်မှုတွေက ပြန်လည် ထူထောင်နိုင်တဲ့ အနေအထားမဟုတ်သေးတဲ့ အခြေအနေကိုတော့ ဆွေးနွေးသွားတာ မတွေ့ရပါဘူး။
စစ်ကောင်စီ အနေနဲ့ အလှူငွေ လက်ခံတဲ့ ပွဲတွေကို ငလျင်ဘေး ကျရောက်ပြီး ၂ လတာအတွင်း ၂ ကြိမ်ကျင်းပခဲ့ရာမှာ တကြိမ်ကို ကျပ် ဘီလျံ ၁၀၀ ကျော်စီ ရရှိခဲ့တာတွေ့ရပါတယ်။ တမြန်နေ့က ကျင်းပတဲ့ ဒုတိယအကြိမ် အလှူငွေ လက်ခံပွဲမှာ ကျပ် ၁၂၅ ဘီလျံနဲ့ အမေရိကန် ဒေါ်လာ ၂ သန်းကျော် ရရှိခဲ့တယ်လို့ ဆိုပါတယ်။ အခုလို အလှူငွေတွေအပြင် နိုင်ငံတကာ အစိုးရအချို့ရဲ့ အကူအညီတွေ အဖြစ် ကန်ဒေါ်လာ သန်း ၂၀၀ နီးပါး ကူညီဖို့ ကတိပြုတာ၊ ပေးအပ်ပြီး ပမာဏတချို့ လည်းတွေ့ရမှာပါ။ နိုင်ငံအနေနဲ့ တရုတ်နိုင်ငံက အများဆုံးအကူအညီ ပေးခဲ့ပြီး အရေးပေါ် ကယ်ဆယ်ရေးကာလ ဒေါ်လာသန်းဆယ် ဂဏန်းအပြင် လူသားချင်းစာနာမှု အကူအညီ အနေနဲ့ ယွမ် ၁ ဘီလျံ (ကန်ဒေါ်လာ ၁၃၈ သန်း နီးပါး) ကူညီဖို့ ကတိပြုခဲ့ပါတယ်။
ဆုံးရှုံးမှု ပမာဏနဲ့ နိုင်ငံတကာက ပေးအပ်မယ့် အကူအညီ၊ ပြည်တွင်း လုပ်ငန်းရှင်တွေကို ထည့်ဝင်ကြဖို့ တိုက်တွန်းမှုကြောင့် ရရှိတဲ့ အလှူငွေ ကျပ် ဘီလျံ ၂၅၀ နီးပါးဟာ လုံလောက်တဲ့ ပမာဏတော့ မဟုတ်ပါဘူး။ ဒီငွေပမာဏကို ဘယ်လို စီမံခန့်ခွဲမလဲ ဆိုတာကလည်း အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။
ပြန်လည်ထူထောင်ရေး လုပ်ဆောင်ရမယ့် ဒေသတွေထဲမှာ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတချို့လည်း ပါဝင်နေတာတွေ့ရမှာ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း နဲ့ မန္တလေးတိုင်းထဲက ထိခိုက်ခံစားရတဲ့ ဒေသတချို့မှာ လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ သာဓကအနေနဲ့ ပြရရင် မင်းကွန်းဒေသလိုမျိုး ငလျင်ဒဏ်လည်း ဆိုးဆိုးရွားရွား ခံစားရသလို လက်နက်ကိုင်ပဋိပက္ခဒဏ်လည်း ခံစားနေရတဲ့ ဒေသတွေဖြစ်ပါတယ်။
ငလျင်ဘေးကျရောက်နေချိန်မှာ မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်မီးတောက်ထဲ ကျရောက်နေချိန် ကုလသမဂ္ဂ၊ အာဆီယံနဲ့ နိုင်ငံတကာက အပစ်ရပ်ဖို့ တိုက်တွန်းခဲ့ကြပြီး စစ်ကောင်စီ၊ NUG၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့တို့က တဖက်သတ် ထိုးစစ်ရပ်တယ်ဆိုတဲ့ ထုတ်ပြန်ချက်တွေ ထုတ်ပြန်ခဲ့ကြပေမယ့် လက်တွေ့မှာ စစ်ကောင်စီကိုယ်၌က လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။
ဒီအနေအထားတွေကိုကြည့်ရင် ငလျင်ဘေး ကူညီကယ်ဆယ်ရေး အရေးပေါ်ကာလလို အချိန်မျိုးမှာတောင် လက်နက်ကိုင်တိုက်ပွဲတွေ လျော့နည်းသွားမယ့် အခြေအနေမတွေ့ရတာကြောင့် ပြန်လည်ထူထောင်ရေး ကာလမှာလည်း စစ်ပွဲတွေ လျော့နည်းသွားမယ့် အနေအထားမမြင်ရပါဘူး။
စစ်ပွဲတွေ၊ လမ်းပန်းဆက်သွယ်ရေး မှာ အတားအဆီးတွေ၊ ဖြတ်သန်းသယ်ယူတဲ့ ကုန်စည်အမျိုးအစား ကန့်သတ်တာတွေ၊ ကြီးလေးတဲ့ အခွန်အကောက်တွေက ပြန်လည်ထူထောင်ရေးကို ထိခိုက်စေမှာ အသေအချာဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ပြန်လည်ထူထောင်ရေး ဘတ်ဂျက်အသုံးစရိတ် ပမာဏက ဘီလျံရာဂဏန်းမျှသာ လျာထားပြီး တနှစ်မှာ ဘီလျံပေါင်း ၅ ထောင်ကျော် သုံးနေတဲ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အသုံးစရိတ်နဲ့ နှိုင်းယှဥ် ကြည့်ရင် စစ်ကောင်စီအနေနဲ့ ငလျင်ဘေးပြန်လည်ထူထောင်ရေးကို မည်ရွေ့မည်မျှ အလေးထားသလဲ ဆိုတာ ထင်ရှားလှပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar