Breaking News

ရက်စက်တဲ့ လူထောင်သောင်းချီ သေဆုံးမှုတွေမှာ ပူးပေါင်းကူညီနေကြတဲ့ ကမ္ဘာနိုင်ငံကြီးတွေ

မြန်မာနွေဦးခရိုနီကယ် - မေ ၁၁ မြင်ကွင်း

မိုးမခ၊ မေ ၁၂ ၊ ၂၀၂၅

ရက်စက်တဲ့ လူထောင်သောင်းချီသေဆုံးမှုတွေမှာ ပူးပေါင်းကူညီနေကြတဲ့ ကမ္ဘာနိုင်ငံကြီးတွေ

ပါလစ္စတိုင်းလူမျိုးတွေ နေထိုင်နေကြတဲ့ ဂါဇာဒေသကို အစ္စရေးလ်စစ်တပ်က ၂ လကျော်ကြာလာသည့်တိုင် ရိက္ခာ၊ လောင်စာဆီ၊ ဆေးဝါး၊ သောက်သုံးရေ တင်သွင်းခွင့်မပြုပဲထားတာကြောင့် ဂါဇာကမ်းမြောင်မှာ နေထိုင်နေကြတဲ့ပါလစ္စတိုင်းလူမျိုး အရပ်သား ၂.၂ သန်းကျော်ဟာ အငတ်ဘေးနဲ့ရင်ဆိုင်နေကြရတဲ့သတင်းတွေ တီဗီမှာ၊ အင်တာနက်ကတဆင့် ကြားသိနေကြရပါတယ်။ ကလေးသူငယ် သောင်းနဲ့ချီ အာဟာရချို့တဲ့တဲ့ ရောဂါခံစားနေကြရပြီး အသက်မသေဆုံးခဲ့ရင်တောင်မှ ဒီအာဟာရချို့တဲ့မှုဟာ ကလေးငယ်တွေရဲ့ဘဝတလျှောက်လုံးကို သက်ရောက်မှုရှိလိမ့်မယ်လို့လည်း ဆိုကြပါတယ်။ အချို့အငတ်ဘေး ရင်ဆိုင်နေကြရသူတွေဟာ ပင်လယ်က မျိုးသုဥ်းနိုင်တဲ့ ရှားပါးလိပ်တွေကို ဖမ်းပြီး သတ်ကာ အသက်ရှင်ဖို့ စားသောက်နေကြရတယ်လို့ ဘီဘီစီ ကမ္ဘာ့အစီအစဥ်မှာ ဖေါ်ပြထားတာတွေ့ရပါတယ်။

နိုင်ငံရေးသမားအချို့ ပညာရှင်အချို့က အစ္စရေးလ်က အရပ်သားတွေကို လနဲ့ချီ ရိက္ခာဖြတ်တောက်ပြီး လူသားအသက်ရှင်သန်မှုကို အန္တရာယ်ကျရောက်စေနိုင်တဲ့ ကျူးလွန်မှုကို ပြင်းပြင်းထန်ထန် ဝေဖန်နေချိန်မှာ အစ္စရေးလ်ကို လက်နက်နဲ့ ငွေကြေးထောက်ပံ့ပေးနေကြတဲ့ အမေရိကန်၊ အနောက်ဥရောပ ဒီမိုကရေစီနိုင်ငံကြီးတွေက ကန့်ကွက်ပြောဆိုခြင်း လုံးဝမရှိကြတဲ့ အပေါ် အံ့အားသင့် စိတ်ပျက်နေကြတာလည်း ဖြစ်ပါတယ်။

အစ္စရေးလ်နိုင်ငံမှာ ဝန်ကြီးချုပ်ရာထူးကို ဆယ်စုနှစ်ချီ ရယူထားတဲ့ နေတန်ရာဟု အစိုးရရဲ့ အခုလိုလုပ်ရပ်တွေကို သတင်းတွေထဲဖတ်ရှုရချိန်မှာ မြန်မာနိုင်ငံမှာ ရခိုင်ပြည်နယ်ကို ရိက္ခာ၊ ဆေးဝါး၊ လောင်စာ သယ်ဆောင်မှုကန့်သတ်ထားတဲ့ အာဏာသိမ်းစစ်ကောင်စီကို စိတ်ထဲပြေးသတိရမိပါတယ်။ အခု အာဏာသိမ်းစစ်ကောင်စီလက်ထက်မှမဟုတ်၊ အရင့်အရင် စစ်အစိုးရတွေဖြစ်တဲ့ မဆလနေဝင်းခေတ်၊ စောမောင်၊ သန်းရွှေ နဲ့ ခင်ညွန့်ခေတ်တွေကလည်း ဖြတ် ၄ ဖြတ် ဗျူဟာနဲ့ တိုင်းရင်းသားဒေသတွေကို စစ်ဆင်ရေးလုပ်ပြီး ပိတ် ဆို့ခဲ့ကြဖူးတဲ့အဖြစ်နဲ့ နှိုင်းယှဥ်စဥ်းစားစရာ ဖြစ်ပါတယ်။

အစ္စရေးလ်နဲ့ ပါလစ္စတိုင်းကိစ္စကို နှစ်နိုင်ငံအကြားဖြစ်ပွားတဲ့ စစ်ပွဲအသွင် အချို့ကမြင်ကြပေမယ့် အချို့သောနိုင်ငံရေးသိပ္ပံပညာရှင်တွေကတော့ ပါလစ္စတိုင်းဟာ အစ္စရေးလ်ရဲ့သိမ်းပိုက်ခံ ဒေသသဖွယ်ဖြစ်နေပြီး အခုအဖြစ်အပျက်ကို ပြည်တွင်းစစ်နဲ့ လူမျိုးခွဲခြားဆက်ဆံအုပ်ချုပ်တဲ့ Apartheid  နည်းနဲ့လုပ်ဆောင်မှုအဖြစ် သတ်မှတ်ကြပါတယ်။ ကုန်လွန်ခဲ့တဲ့ ၂ နှစ်နီးပါးကာလအတွင်း ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးလ်ရဲ့ လေ ကြောင်းတိုက်ခိုက်မှု၊ ဒီဒေသထဲကို ရိက္ခာအကူအညီ သယ်ယူခွင့်ပိတ်ပင်မှုနဲ့ အစ္စရေးလ်လေကြောင်းနဲ့ မြေ ပြင်တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၅ သောင်းကျော်သေဆုံးရတဲ့အတွက် အစ္စရေးလ်ကို လက်နက်နဲ့ ငွေ ကြေးကူညီဖို့ အမိန့်ပေးသူ အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒန်ကို အမေရိကန်ပြည်တွင်းမှာ Genocide Joe လို့ ကြွေးကြော်ဆန့်ကျင်ဆန္ဒပြခဲ့ကြပေမယ့် အစ္စရေးလ်ရဲ့ အရပ်သားတွေသေဆုံးစေတဲ့ စစ်ဆင်ရေးတွေကိုမရပ်ဆိုင်းနိုင်ခဲ့ပါဘူး။ အလားတူပဲ အနောက်ဥရောပနိုင်ငံကြီးတွေဖြစ်တဲ့ ဂျာမဏီ၊ ပြင်သစ်၊ ယူကေ၊ အီတလီတို့ကလည်း နေတန်ယာဟု အစိုးရရဲ့ လူမျိုးရေးခွဲခြား ဖိနှိပ်မှု၊ ကလေးတွေအပါအဝင်အရပ်သား သောင်းနဲ့ချီသေဆုံးမှုတွေမှာ အစ္စရေးလ်ရဲ့ သတ်ဖြတ်မှုတွေကို ကန့်ကွက်တားဆီးခြင်းမရှိခဲ့ကြသလို လက်နက် ငွေ ကြေးထောက်ပံ့ပေးနေခဲ့တာကြောင့် ပူးပေါင်းကူညီတဲ့ နိုင်ငံတွေအဖြစ် စွပ်စွဲသတ်မှတ်ခံနေကြရတာပါ။ ပြီးခဲ့တဲ့ နှစ်နှစ်နီးပါးအတွင်း ပါလစ္စတိုင်း အရပ်သားသောင်းနဲ့ ချီသေဆုံးမှုအတွက် နိုင်ငံတကာရာဇဝတ်ခုံရုံးက အစ္စရေးလ် ဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးတာဝန်ယူခဲ့သူကို ၂ ဦးကို ဝရန်းထုတ် ခဲ့တာလည်းဖြစ်ပါတယ်။ ဒါက ကမ္ဘာ့သတင်းတွေ ကြည့်ရှုသူတိုင်း အနည်းနဲ့အများသိရှိပြီးဖြစ်တဲ့အကြောင်းအရာတွေ နေ့စဥ်နိုင်ငံ တကာ သတင်းတွေမှာ နေရာယူထားတဲ့ သတင်းအကြောင်းအရာတွေဖြစ်ပါတယ်။

 မြန်မာနိုင်ငံမှာလည်း စစ်တပ်က လက်နက်ကိုင်ပုန်ကန်တဲ့ အခြားသောအဖွဲ့တွေနဲ့  တိုင်းရင်းသားလက်နက် ကိုင်တွေအပေါ် ဖြတ် ၄ ဖြတ်လုပ်ခဲ့တာ ဆယ်စုနှစ်နဲ့ချီတဲ့သမိုင်းရှိပြီး လက်ရှိမှာလည်း ဧရိယာအားဖြင့် အကျယ်ပြန့်ဆုံး အတိုင်းအတာနဲ့ ရခိုင်ပြည်နယ်တခုလုံးကို လုပ်ထားတာ ဖြစ်ပါတယ်။ အခြားတဖက်မှာ အစ္စရေးလ်နဲ့ အသွင်သဏ္ဍာန်တူတဲ့အချက်က လေကြောင်းတိုက်ခိုက်မှုဖြစ်ပါတယ်။ ဂါဇာ ကမ်းမြောင်ဒေသကို အစ္စရေးလ် လေတပ်နဲ့ ကြည်းတပ်ရဲ့ စစ်ဆင်ရေးတွေ ဖျက်ဆီးမှုတွေက မြန်မာနိုင်ငံနဲ့အဆများစွာ ဆိုးရွားစွာပျက်စီးထိခိုက်စေတာ တွေ့ရမှာပါ။ မြန်မာနိုင်ငံမှာလည်း ၂၀၂၁ ခုနှစ်စစ်အာဏာသိမ်းမှုနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုတွေက ဘယ်ခေတ်ကာလနဲ့မှ မနှိုင်းယှဥ်လောက်အောင် လုပ်ဆောင်ခဲ့ပြီး အရပ်သားသေဆုံးမှုနဲ့ ပျက်စီးမှုတွေ ဖြစ်ပေါ်စေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင်းက ဖြတ် ၄ ဖြတ် နဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားသေဆုံးမှုတွေ ပြည် တွင်းသတင်းတွေမှာ နေ့စဥ်လိုလိုပါရှိနေကြပေမယ့် နိုင်ငံတကာ သတင်းတွေမှာတော့ ပဇီကြီးရွာ အဖြစ် အပျက်လို ဖြစ်ရပ်တွေကလွဲရင် နေ့စဥ်ဗုံးကြဲ တိုက်ခိုက်မှုတွေ၊ လရှည်ကြာ ဖြတ်တောက်မှုတွေက နိုင်ငံတကာ သတင်းခေါင်းစဥ်တွေ မဖြစ်တော့ပါဘူး။

မြန်မာနိုင်ငံက ယူကရိန်း-ရုရှား စစ်ပွဲ၊ ပါလစ္စတိုင်းနဲ့ အစ္စရေးလ် ပဋိပက္ခတွေလို နိုင်ငံတကာမှာ အာရုံစိုက်ခံရတဲ့ ဖြစ်ရပ်တခုမဟုတ်တဲ့အချက်၊ မြန်မာနိုင်ငံမှာဖြစ်ပွားတဲ့အဖြစ်အပျက်ရဲ့ ထိခိုက်သေဆုံးမှု ပမာဏက အဆို ပါဖြစ်ရပ် ၂ ခုမှာလို ထိခိုက်သေဆုံးမှုနဲ့ ပျက်စီးမှု ပမာဏကို မမှီတာကြောင့်လည်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ အစ္စရေးလ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပါလစ္စတိုင်း အရပ်သားသေဆုံးမှုတွေအတွက် လက်နက်ခဲယမ်းနဲ့ ငွေကြေးထောက်ပံ့နေတဲ့ အမေရိကန် ပြည်ထောင်စုက တက္ကသိုလ်ကျောင်းသားတွေ၊ လူထုတွေ ဆန္ဒပြတာ ကန့်ကွက်တာတွေ လုပ်ဆောင်နေပေမယ့်လည်း သမ္မတ ၂ ဆက်ပြောင်းသွားသည် အထိ အစ္စရေးလ် အစိုးရရဲ့ တိုက်ခိုက်မှုတွေကို ဆက်လက်ကူညီနေဆဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ပြည်တွင်းစစ်ပွဲမှာ အာဏာသိမ်း စစ်အစိုးရက နေ့စဥ် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နိုင်ဖို့ လေယာဥ်တွေ လက်နက်ခဲယမ်းတွေကိုဘယ်နိုင်ငံတွေထံကဝယ်ယူရရှိနေပါသလဲလို့ဆန်းစစ်ရင် အဓိကအားဖြင့် ရုရှားနိုင်ငံထံက ဖြစ်ပြီး ဒုတိယက တရုတ်နိုင်ငံ ဖြစ်ပါလိမ့်မယ်။

အစ္စရေးလ်က ဂါဇာကို ရိက္ခာ၊ လောင်စာဆီ၊ ဆေးဝါး ပိတ်ဆို့ထားခြင်းကြောင့် ဂါဇာကမ်းမြောင်က ပါလစ္စတိုင်းတွေ အဟာရချို့တဲ့တဲ့ ဝေဒနာဆိုးရွားစွာ ခံစားနေကြရသလို အငတ်ဘေးနဲ့ အသက်ဆုံးရှုံးသူတွေလည်း မကြာခင်ရှိကောင်း ရှိလာနိုင်ခြေရှိနေပါတယ်။

မြန်မာနိုင်ငံမှာလည်း စစ်ကောင်စီရဲ့ ပိတ်ဆို့မှုကြောင့် စစ်တွေ နဲ့အချို့သော ဒေသတွေမှာ အခြားဒေသကို ရွှေ့ပြောင်းနေထိုင်ဖို့ ငွေကြေးမပြည့်စုံတဲ့ အရပ်သားတွေ ကုန်စျေးနှုန်းကြီးမြင့်တဲ့ ဒဏ်၊ အသက်မွေးဝမ်းကျောင်း လုပ်ဖို့ အခြေအနေမရှိလို့ ဝင်ငွေမရှိတဲ့ ဒဏ်တွေကို ခံစားနေကြရတာ ဖြစ်ပါတယ်။

အခုလို ကမ္ဘာ့အခြေအနေနဲ့ မြန်မာ့အခြေအနေ နှိုင်းယှဥ်သုံးသပ်ကြည့်ရင် မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်၊ လက်နက်ကိုင်ပဋိပက္ခနဲ့ ဖက်ဒရယ် ပြည်ထောင်စုထူထောင်ရေး လူမျိုးစုတန်းတူအခွင့်အရေးရရှိရေး၊ သယံ ဇာတတွေ မျှတစွာခွဲဝေခံစားခွင့်တွေ ရရှိဖို့ အင်အားကြီးနိုင်ငံတွေရဲ့ ဖိအားအကူအညီတွေကို မျှော်လင့်ဖို့ မဖြစ်နိုင်ပါဘူး။ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ လူနည်းစုအခွင့်အရေးတန်းတူညီမျှရေးတွေနဲ့ ပတ် သက်လို့ နှစ်မျိုးသောစံနှုန်းတွေကိုင်စွဲထားကြတဲ့ အင်အားကြီးနိုင်ငံတွေအနေနဲ့ ၄င်းတို့နိုင်ငံအကျိုးစီးပွား၊ ကမ္ဘာလုံးဆိုင်ရာလွှမ်းမိုးချုပ်ကိုင်နိုင်ဖို့ မဟာဗျူဟာစတာတွေက အဓိကဦးစားပေးရွေးချယ်ကြတဲ့အခြေ အနေမျိုးမှာ မြန်မာနိုင်ငံအနေနဲ့ မိမိတို့ပြဿနာကို မိမိတို့အင်အားနဲ့ ဥာဏ်ပညာနဲ့ အမြော်အမြင်တွေကိုသာ အား ကိုးအားထားပြု ဖြေရှင်းကြရမယ့်အဖြစ်ကို နားလည်ထားဖို့ အရေးကြီးတာလည်း ဖြစ်ပါတယ်။

-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar