Monday, June 30, 2025

မောင်လူမွှေး - တောပန်းကလေးတွေ

မောင်လူမွှေး - တောပန်းကလေးတွေ

မိုးမခ ၊ ဇွန် ၃၀ ၊ ၂၀၂၅

တစ်နေ့က လိုင်းပေါ်ကနေ  လူငယ်ကျောင်းဆရာလေးတစ်ယောက်ကို လှမ်းစကားပြောဖြစ်တယ်။ သူဟာ ပြီးခဲ့တဲ့နှစ် မောင်လူမွှေးရောက်ဖူးတဲ့ကျောင်းတွေထဲက အကောင်းဆုံးကျောင်းလို့ ယူဆ ရတဲ့ အထက်တန်းကျောင်းက ဆရာလေးတစ်ယောက်ဖြစ်တယ်။ သူ့ကို စကားစပြောပြောချင်းပဲ " ကျောင်းသင်ကြားရေးအခြေအနေ ဘယ်လိုရှိလဲ" လို့ မေးတော့ " ကျနော် စင်္ကာပူကို ရောက်နေပြီဆရာ" တဲ့။ နောက် သူနဲ့အတူ လုပ်ဖော်ကိုင်ဖက် လူငယ်ဆရာတစ်ယောက်အကြောင်းကို မေးတော့ " သူလည်း ပြည်ပမှာပဲ ဆရာရေ၊ အင်္ဂလိပ်သင်တဲ့ ဆရာမတစ်ယောက်လည်း သင်ကြားရေးကနေ နားသွားတယ်ဗျ" လို့ သူက ပြောပြပါတယ်။ မောင်လူမွှေးတို့ဟာ ပညာရေးအရင်းအမြစ်တွေကို ဒီလို ဆုံးရှုံးရပါတယ်။

ပြီးခဲ့တဲ့အပတ် စစ်ရှောင်ကျောင်းက ဆရာ၊ ဆရာမလေးတွေကို ဘာသာရပ်ပို့ချရင်း၊ ဆွေးနွေးရင်း မောင်လူမွှေးရင်ထဲက စကားကို ပြောဖြစ်ခဲ့တယ်။

" ဆရာ၊ ဆရာမလေးတို့ဟာ စစ်ရှောင်ကျောင်းမှာ ခက်ခက်ခဲခဲကြားက ကလေးတွေကို ကြိုးစားပမ်းစား စာသင်ပေးနေတဲ့အတွက် အလိုလိုကို အထက်တန်းစားဆရာမတွေ ဖြစ်နေပြီးသားဖြစ်တယ်။ ဆရာ၊ ဆရာမလေးတို့ ပညာတွေ ပိုတော်လာရင် လုံးဝအထက်တန်းစားဆရာမတွေပဲ" လို့  ပြောဖြစ်ခဲ့တာပါ။

ကျေးရွာတွေမှာ ဆရာ၊ ဆရာမ လုပ်တာတောင် လခက မုန့်ဖိုးလောက်သာ ရကြတယ်။ ဒီနှစ်ထဲ စစ်ကောင်စီရဲ့ လေကြောင်းအန္တရာယ်ပါ စိုးရိမ်လာရတော့ ဆရာ၊ ဆရာမ အလုပ်ကို စွန့်ခွာသွားကြသူတွေ တော်တော်များပါတယ်။ ဒီလိုအဖြစ်ပျက်တွေကြား စစ်ရှောင်စခန်းမှာ ဆရာမ လုပ်ဖို့ဆိုတာ ဒုလ္လဘတရားလို့တောင် ဆိုရမှာပါ။

စစ်ရှောင်စခန်းမှာ ဆရာ၊ ဆရာမ လခအဖြစ် ငါးသောင်းရကြတယ်။ လကုန်ရင် ချက်ချင်းရတာမဟုတ်ပါဘူး။ ကျောင်းသူကျောင်းသားတွေရဲ့ ထောင်ဂဏန်း လခလေးစုံမှ ဆရာ၊ ဆရာမတွေ ရကြတာ ဖြစ်ပါတယ်။ မောင်လူမွှေးရဲ့ အမေရိက က ဆရာတွေ ချိတ်ဆက် ပံ့ပိုးပေးမှုနဲ့ ဆရာ၊ဆရာမလေးတွေကို တစ်လကို သုံးသောင်း ပေးနိုင်လို့ သူတို့ ရှစ်သောင်းရကြမယ်။

 ဆရာ၊ ဆရာမ ငါးယောက်ထဲမှာ ဆရာမတစ်လေးတစ်ယောက်က ခပ်လှမ်းလှမ်းကျေးရွာကနေ လာပြီး သင်ကြားပေးသူ ဖြစ်တယ်။ သူက ဆိုင်ကယ်နဲ့လာရတော့ အနည်းဆုံး နှစ်ရက်ကို ဓာတ်ဆီ တစ်လီတာဘူး တစ်ဘူးတော့ကုန်မယ်။ ဓာတ်ဆီတစ်ဘူးကို ခြောက်ထောင်။ တစ်ရက်ကို သုံး ထောင်နှုန်းနဲ့တွက်ရင် သူ့ရဲ့ ကျောင်းလာတဲ့ဆိုင်ကယ်ဆီဖိုးဟာ တစ်လကို ကိုးသောင်းကုန်မှာ ဖြစ်တယ်။ တစ်လကို ကိုးသောင်း ဆီဖိုးအကုန်ခံပြီး ထောက်ပံ့ကြေးနဲ့မှ တစ်လရှစ်သောင်းရတဲ့ စာသင်ကျောင်းကို စာလာသင်ပေးတဲ့ ဆရာမလေးကို မလေးစားရင် မောင်လူမွှေး ဘယ်သူ့လေးစားမလဲဗျာ။

သနပ်ခါး ပါးကွက်ကြားနဲ့ စစ်ရှောင်ကျောင်းရဲ့ တစ်ဦးတည်းသော ဆရာလေးကို သူ့ကို ဖတ်ဖို့၊ ကြည့်ဖို့ပြောထားတဲ့ စာတွေအတွက် စတားလင့် မသွားဘူးလားဆိုတော့ " စတားလင့်ဖိုး မရှိသေးလို့ဆရာ၊ ဘိုင်ပြတ်နေတယ်" လို့ ဆိုပါတယ်။ စတားလင့်က တစ်နာရီ တစ်ထောင်ပေးရတယ်။ စတားလင့် ရှိတဲ့နေရာနဲ့ စစ်ရှောင်စခန်းနဲ့က အနည်းငယ်ဝေးသေးတယ်။ ဆိုင်ကယ်နဲ့ သွားရမှာမို့ ဓာတ်ဆီဖိုးရှိသေးတယ်။ စတားလင့် တစ်ရက်ကို တစ်နာရီပဲ သုံးတယ်ထား ဆိုင်ကယ်ဆီဖိုးနဲ့ တစ်လ ခြောက်သောင်းအထက်ကုန်မယ်။ သူတို့ လိုအပ်တာတွေအတွက် မောင်လူမွှေးနဲ့ မစ်စမွှေးပဲ ဒေါင်းလုတ်ဆွဲပြီး တစ်ပတ် တစ်ခါ ယူခဲ့ကြဖို့ ဆုံးဖြတ်ကြရပါတယ်။

မောင်လူမွှေးဟာ စစ်ရှောင်ကျောင်းက ဆရာ၊ ဆရာမလေးတွေကို ပညာတော်စေချင်တယ်။ သူတို့တော်မှ ကလေးတွေ တော်မှာကိုး။  သူတို့မှာ သည်းခံမှု၊ စိတ်ရှည်မှု၊ အနွံအတာခံမှုတွေက မောင်လူမွှေးထက်တောင် သာပြီးသားဖြစ်တယ်။ ဒီတော့ တောပန်းကလေးတွေ မွှေးဖို့အရေး မောင်လူမွှေးနဲ့ မစ်စမွှေးတို့ကြိုးစားကြပါတယ်။ မစ်စမွှေးက သင်ကြားမှုနည်းနာနဲ့ ကလေးစိတ်ပညာကို အပတ်စဥ်ဆွေးနွေးပို့ချတယ်။မောင်လူမွှေးက မြန်မာစာ၊ အင်္ဂလိပ်စာနဲ့ အထွေထွေဗဟုသုတတွေပြောတယ်။ ဒီလို ပြောပြဆွေးနွေးတဲ့အချိန်မှာ ဆရာ၊ ဆရာမလေးတွေရဲ့ မျက်လုံးလေးတွေ အရောင် လက်နေတာဟာ မောင်လူမွှေးတို့နှစ်ယောက်အတွက် "အား" ဖြစ်တယ်။ စစ်ရှောင်ကလေးတွေအတွက် အနာဂတ်ဖြစ်တယ်။

ပန်းဆိုတာ ရနံ့ရှိမှ တင့်တယ်မယ်။ ဆရာ၊ ဆရာမတွေအဖို့ ပညာ ထိုက်သင့်သလောက်ပြည့်မှ ဖြစ်မယ်။ မောင်လူမွှေးတို့လည်း သိပ်တော်၊ သိပ်တတ်နေတာမျိုးတော့ မဟုတ်ပါဘူး။ ကိုယ့်နောက်က မျိုးဆက်သစ်ဆရာ၊ ဆရာမလေးတွေကို ကိုယ်တတ်စွမ်းသမျှ ဖြည့်ဆည်းပေးတာမျှသာဖြစ်တယ်။

စစ်ရှောင်စခန်းက ဆရာ၊ ဆရာမလေးတွေဟာ ရှားပါးတဲ့ တောပန်းကလေးတွေ ဖြစ်တယ်။  ဝါသနာ၊ စေတနာ၊ အနစ်နာ အရောင်အသွေးတွေနဲ့ မေတ္တာရနံ့သင်းတဲ့ ပန်းကလေးတွေ ဖြစ်တယ်။

အဲဒီလို တောပန်းကလေးတွေကို တန်ဖိုးထားပြီး နီးစပ်ရာစွမ်းနိုင်သူတွေက ပညာအား၊ ဥစ္စာအားနဲ့ ကူညီကြပါလို့ မောင်လူမွှေး တိုက်တွန်းချင်တယ်။ မောင်လူမွှေးတို့ရဲ့ ကလေးတွေ ပညာရေးကို တောပန်းကလေးတွေကပဲ အဓိကစွမ်းဆောင်နေကြတာ ဖြစ်ပါတယ်ခင်ဗျာ။

-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar



နွေဦးတော်လှန်ရေး ရဲ့ အောင်ပွဲ မျှော်လင့်ချက်နဲ့ လူထုတွေရဲ့ ဒုက္ခအထွေထွေ

မြန်မာနွေဦးခရိုနီကယ် - ဇွန် ၂၉ မြင်ကွင်း

(မိုးမခ) ဇွန် ၃၀၊ ၂၀၂၅

နွေဦးတော်လှန်ရေး ရဲ့ အောင်ပွဲ မျှော်လင့်ချက်နဲ့ လူထုတွေရဲ့ ဒုက္ခအထွေထွေ

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြမှုတွေက ရက်ပိုင်းအတွင်း ပေါ်ထွက်လာခဲ့ပါတယ်။ အထွေထွေသပိတ်ကော်မတီ၊ အချို့သောအလုပ်သမားသမဂ္ဂတွေ၊ ကျောင်းသားသမဂ္ဂနဲ့ တက်ကြွလှုပ်ရှားသူတွေက လမ်းပေါ်ဆန္ဒပြမှုတွေကို ဦးဆောင်ခဲ့ကြပြီး ရှေ့ဆင့်နောက်ဆင့် ဆိုသလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးစီးပြီး လုပ်ဆောင်တဲ့ ဆန္ဒပြမှုတွေ၊ အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM မှာပါဝင်ကြတဲ့ ဝန်ထမ်းတွေ နယ်ပယ်အစုံက ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြပြီး နွေဦးတော်လှန်ရေးလို့ ခေါင်းစဥ်ပေးခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီကာလက နွေဦးတော်လှန်ရေးဆိုတာ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ ဖက်ဒရယ်စနစ်နဲ့ ပြည်ထောင်စု တည်ဆောက်ရေး၊ လူနည်းစု၊ ကျားမ ရေးရာ ခွဲခြားဆက်ဆံမှု၊ လူမျိုးရေး ဘာသာကိုးကွယ်မှုအပေါ် အခြေခံပြီး ခွဲခြားဆက်ဆံမှု စတဲ့ လူ့အခွင့်အရေး၊ တန်းတူညီမျှတဲ့ အခွင့်အရေးတွေအတွက်ပါ တပါတည်း တောင်းဆိုခဲ့တဲ့ လှုပ်ရှားမှု ဖြစ်ပါတယ်။ အဲဒီကာလမှာ နွေဦးတော်လှန်ရေးဟာ မြို့တွေနဲ့ ရွာတွေအထိ ဖြစ်ပွားခဲ့တဲ့ လှုပ်ရှားမှုဖြစ်ပြီး လက်နက်ကိုင် တော်လှန်ရေး၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ပူးပေါင်းလှုပ်ရှားမှု အဆင့်တွေကို မရောက်သေးဘူးလို့ဆိုရမှာပါ။

၂၀၂၁ ခုနှစ် ဧပြီလနဲ့ မေလတွေမှာတော့ အကြမ်းမဖက် ဆန္ဒပြလှုပ်ရှားမှုကနေ လက်နက်ကိုင် ခုခံတိုက်ခိုက်တဲ့ လမ်းကြောင်းကို စတင်ပြောင်းလဲလာခဲ့ပြီး နယ်အချို့မှာ အသစ်ပေါ်ထွက်လာတဲ့ တူးမီးသေနတ်နဲ့ စတင်တဲ့ လက်နက်ကိုင် အဖွဲ့တွေ ပေါ်ထွက်လာသလို မြို့ပေါ်မှာ ပြောက်ကျား လှုပ်ရှားမှုတွေ စတင်လာခဲ့တဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်တဲ့ လှုပ်ရှားမှု၊ စစ်အာဏာရှင်စနစ် ဖယ်ရှားရေး လှုပ်ရှားမှုနဲ့ ဖယ်ဒရယ်ဒီမိုကရေစီလှုပ်ရှားမှုအဖြစ် တဖြည်းဖြည်း အသွင်ပြောင်းလာတဲ့ ဒီအဖြစ်အပျက်တွေက လူအများသိပြီး ဖြစ်ရပ်တွေ ဖြစ်ပါတယ်။ ပြန်လည် အစပျိုး ပြောဆိုရတဲ့ ရည်ရွယ်ချက်က နွေဦးတော်လှန်ရေးရဲ့ အဆင့်ဆင့် အသွင်ပြောင်းလဲလာခြင်းကို မီးမောင်းထိုးပြလိုတဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ၄ နှစ်ကျော်ကြာမြင့်လာချိန်မှာ နွေဦးတော်လှန်ရေးလို့ဆိုလိုက်ရင် လက်နက်ကိုင် တော်လှန်ရေး၊ နယ်အသီးသီး ကျေးရွာအသီးသီးမှာ ဖွဲ့စည်းထားကြတဲ့ ရာနဲ့ချီသော လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှု၊ မြို့တွေမှာ ကျန်ရှိနေသေးတဲ့ မြို့ပြပြောက်ကျား အဖွဲ့အချို့ ၊ ဒီအဖွဲ့အစည်းတွေထဲက ရာခိုင်နှုန်းအချို့ကို ဦးဆောင်ကာ အမိန့်ပေး တာဝန်ခံတဲ့ အမျိုးသားညီညွတ်ရေး အစိုးရ တို့လို့ ဆိုနိုင်ပါတယ်။

ဒီနေရာမှာ ဆယ်စုနှစ်များစွာ လက်နက်ကိုင်တိုက်ခိုက်ခဲ့ကြတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တွေ၊ ၂၀၂၁ ခုနှစ် နောက်ပိုင်းမှ ပေါ်ပေါက်လာပေမယ့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အမည်နဲ့  သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးလွတ်မြောက်ရေး ကို ဦးတည်တဲ့ လက်နက်ကိုင် အဖွဲ့တွေက နွေဦးတော်လှန်ရေးနဲ့ ဘုံရန်သူတူညီကြပေမယ့် အလုံးစုံသော ရည်မှန်းချက် တူညီချင်မှ တူညီကြမှာ ဖြစ်ပါတယ်။

အဆိုပါ အချက်က နွေဦးတော်လှန်ရေး နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ရဲ့  ဘုံရန်သူ အာဏာသိမ်း စစ်တပ်၊ စစ်အာဏာရှင်က အတူတူဖြစ်ပေမယ့် အနာဂတ် မြန်မာနိုင်ငံကို ဘယ်လို ပုံဖေါ်ကြမလဲဆိုတဲ့ အပိုင်းမှာ စိတ်ကူးရည်မှန်းချက် ရာနှုန်းပြည့် ထပ်တူကျမနေကြပါဘူး။

ဒီလို ကွဲလွဲမှုတွေ မတူညီမှုတွေ ရှိနေကြတာ သဘာဝ ဖြစ်ပါတယ်။ သို့ပေမယ့် ဘုံရန်သူကို အမြန်ဆုံး ဖယ်ရှားဖို့၊ အနိုင်ရဖို့ အရေးမှာတော့ မတူညီမှုတွေ ကွဲပြားမှုတွေကို အတိုင်းအတာတခုထိ လျော့ချနိုင်ဖို့ ဘုံသဘောတူညီမှုတွေ အကျယ်ပြန့်ဆုံး ရရှိဖို့ ဆွေးနွေး ညှိနှိုင်းနိုင်ကြဖို့ အရေးတကြီး လိုအပ်မှာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချင်းချင်းအကြား၊ အမျိုးသားညီညွတ်ရေး အစိုးရလက်အောက်က မဟုတ်တဲ့ အညာဒေသ၊ ပဲခူးတိုင်း၊ တနင်္သာရီ၊ ဧရာဝတီတိုင်းတို့မှာ ရှိတဲ့ လက်နက်ကိုင် အဖွဲ့တွေ အကြား စစ်ရေး အောင်မြင်မှု အမြန်ရဖို့ ဘုံသဘောတူညီချက် ရရှိဖို့ ၊ စစ်ရေးအရ ပူးပေါင်းလှုပ်ရှားမှုတွေ ရှိဖို့ အရေးကြီးပါတယ်။

အဲလို အခြေအနေမျိုး မဖေါ်ဆောင်နိုင်ခဲ့ရင် မတည်ဆောက်နိုင်ခဲ့ရင် ဘာဖြစ်နိုင်လဲလို့ မေးရင် စစ်အာဏာရှင်စနစ် အပြီးတိုင် အဆုံးသတ်ဖို့ ခက်ခဲနေဦးမယ်လို့ ဆိုရမှာဖြစ်ပါတယ်။ စစ်အာဏာရှင် တပ်တွေက တိုင်းပြည်ရဲ့ သယံဇာတ၊ အခွန်အကောက်တွေနဲ့ ရှိနေတဲ့ အရင်းအမြစ်တွေကို အသုံးချပြီး ရသမျှ နယ်မြေ၊ မြို့တွေမှာ ဆက်လက် ရှင်သန်နေနိုင်တာ ဖြစ်ပါတယ်။ အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ အားပေးထောက်ခံမှု၊ ရုရှား၊အိန္ဒိယလို ကမ္ဘာ့အင်အားကြီး နိုင်ငံအချို့ရဲ့ အသိအမှတ်ပြုမှုကို ဆက်လက်ရရှိပြီး အသက်ရှင်နေနိုင်တဲ့ အနေအထားလည်းဖြစ်ပါတယ်။

စစ်မက်ဖြစ်ပွားတဲ့ ဒေသတွေက ပြည်သူလူထုတွေအဖို့ နေအိမ်၊ ပိုင်ဆိုင်မှု၊ ရိက္ခာ၊ အသက်မွေးဝမ်းကျောင်း အလုပ်တွေကို အားလုံးထားရစ်ခဲ့ပြီး စစ်ဘေးရှောင်ရတာ နှစ်နဲ့ချီရှိလာတဲ့ ဒေသတွေရှိသလို အချို့ဒေသတွေမှာတော့  မကြာခဏ တိမ်းရှောင်လိုက် ပြန်လာလိုက်၊ နေအိမ်ပိုင်ဆိုင်မှုတွေ မီးရှို့ဖျက်ဆီးခံရတာကြောင့် ဖြစ်သလို တဲထိုးနေထိုင်ကြရတဲ့ ဘဝတွေမှာ နေထိုင်ကြရပါတယ်။ စစ်ပွဲတွေကြောင့် အသက်မွေးဝမ်းကျောင်း အလုပ်တွေ မလုပ်ကိုင်နိုင်တာကြောင့် ထမင်း နပ်မှန်အောင် မစားရတဲ့ အနေအထား၊ အသက်မသေဖို့ စားသောက် ရှင်သန်ဖို့ စားစရာ၊ ဆေးဝါး၊ လူသုံးကုန်စတာတွေကိုလည်း တသက်မှာ မကြုံဖူးတဲ့ စျေးနှုန်းတွေနဲ့ ပေးဝယ်နေကြရတဲ့ အနေအထားက လူထုတွေရဲ့ ခံနိုင်ရည်ကို အဆုံးထိ စမ်းသပ်နေသလို ဖြစ်နေတာပါ။

ဒီလို အနေအထားမှာ ရောက်ရှိနေကြသူတွေ မြန်မာနိုင်ငံမှာ သန်းနဲ့ ချီရှိနေပြီဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ စာရင်းတွေအရ ပင်လျင် ၄ သန်းကျော်ထိ ရောက်ရှိနေကြပြီး စစ်ဘေးမရှောင်တိမ်းရသည့်တိုင် စစ်မှုထမ်း အဖြစ်အတင်းအဓမ္မ ဆွဲသွင်းခံရတာ၊ ရာဇဝတ်မှု၊ ဖမ်းဆီးငွေညှစ်တာ၊ မတန်တဆ အခွန်ကောက်တဲ့ ဒဏ်တွေကို ခံစားနေကြရသူတွေက သန်းဆယ်ဂဏန်းနဲ့ ချီရှိနေကြပါတယ်။

အခုလို ပြည်သူလူထု ခံစားနေရတဲ့ မသေရုံတမယ် ကျော်ဖြတ်နေရတဲ့ ဒုက္ခတွေကို အတိုင်းအတာတခုထိ လျှော့ချပေးဖို့လည်း ပြည်သူလူထုကို မျက်နှာမူတဲ့ လက်နက်ကိုင် အဖွဲ့တွေ အုပ်ချုပ်ရေး အာဏာကို ထိန်းချုပ်စိုးမိုးထားတဲ့ အဖွဲ့တွေ အနေနဲ့ စဥ်းစားပေးဖို့ လိုအပ်ပါတယ်။

တော်လှန်ရေးကာလ ဖြစ်လို့ လူထုအနေနဲ့ ဒုက္ခတော့ ခံစားကြရမှာပဲဆိုတဲ့ ဖြေသိမ့်တဲ့ စကားမျိုး၊ မကြာခင် အောင်ပွဲရတော့မှာမို့ အောင့်အည်း သည်းခံဖို့ ဆိုတဲ့ ဖြေသိမ့်မှုမျိုးထက် လက်တွေ့ကျတဲ့ လုပ်ဆောင်မှု၊ တတ်နိုင်သမျှ စွမ်းဆောင်မှုတွေ လူထုအနေနဲ့ မျှော်လင့်နေကြမှာ အသေအချာဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar



စာရေးဆရာ ဝင်းတင့်ထွန်း၏ ဦးညွတ်လိုက်မိ လွှမ်းမောမိတဲ့ ရုပ်ပုံတွေ - ရုပ်ပုံလွှာပေါင်းချုပ် စာအုပ် ထွက်ပြီ



စာရေးဆရာ ဝင်းတင့်ထွန်း၏ ဦးညွတ်လိုက်မိ လွှမ်းမောမိတဲ့ ရုပ်ပုံတွေ - ရုပ်ပုံလွှာပေါင်းချုပ် စာအုပ် ထွက်ပြီ

(မိုးမခ) ဇွန် ၃၀၊ ၂၀၂၅


မြန်မာပြည်ခေတ်ပြိုင်သမိုင်းနဲ့ စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေး တော်လှန်ရေးသမားများ၏ ရုန်းကန်လှုပ်ရှားမှုတို့ကို အစဉ်တစိုက် မှတ်တမ်းတင်ရေးသားသူ စာရေးဆရာ ဝင်းတင့်ထွန်း ရဲ့ ရုပ်ပုံလွှာ စာအုပ် တအုပ် ဖြစ်ပါတယ်။ မိုးမခမှာ ၂၀၂၄ ခုနှစ်အတွင်း အခန်းဆက် ဖော်ပြခဲ့ပါတယ်။ 


ကျွန်းပြန် မြင်းခြံ ဦးဖေတင်၊ အရုဏ်ဦးခရီးသည် ရဲဘော်ငွေ၊ ရဲဘော်ချစ်အောင်၊ ရဲဘော် ကျော်မြ၊ ကျွန်းပြန် ဦးတင်အောင်၊ စစ်ကိုင်းဦးထွန်း၊ ဦးလှချို၊ မြင်းခြံဦးအောင်သူ၊ ဘိုကလေး လှရွှေ၊ ကိုဝင်းသူ၊ ကိုစိုးမြင့်၊ ဆရာ ဂျက်၊ ကိုမြင့်ဦးသစ်၊ ဗိုလ်သံမဏိ၊ ကိုတင်အေးကြူ၊ ဗိုလ်ဓမ္မ၊ ရဲဘော်ထွန်း စတဲ့ ရဲရင့်တဲ့ တော်လှန်ရေးသမားများ၏ ဘ၀ကို စာရေးသူကိုယ်တိုင် အတူ ဖြတ်သန်းမှုနဲ့ ယှဉ်တွဲ မှတ်တမ်း တင်ထားတာ ဖြစ်ပါတယ်။


ပုံနှိပ်စာအုပ် စာမျက်နှာ ၃၀၄ မျက်နှာ ရှိပါတယ်။ ခေတ်ပြိုင်ဖြတ်သန်းမှု ဆိုပေမယ့် ၁၉၆၂ နောက်ပိုင်း မဆလတပါတီ အာဏာရှင်စနစ်ကို မြေပေါ် မြေအောက်၊ လက်နက်ကိုင်လမ်းစဉ် ဘက်ပေါင်းစုံကနေ ဆန့်ကျင်တိုက်ခိုက် စွန့်လွှတ်ခဲ့ကြတဲ့ လက်ဝဲဝါဒီ တော်လှန်သူတွေအကြောင်း လို့ ဆိုနိုင်ပါတယ်။ မြန်မာပြည်၏ စစ်အာဏာရှင် ဆန့်ကျင်ရေးမှာ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ၎င်းရဲဘော်များ၏ ယုံကြည်မြုပ်နှံ ပေးဆပ်မှုတွေကို ဖတ်ရူမှတ်သားရမှာ ဖြစ်ပါတယ်။


ပုံနှိပ်စာအုပ်ကို အကန့်အသတ်နဲ့သာ ရိုက်ပါတယ်။ တအုပ်ကို ဒေါ်လာ ၄၀ နဲ့ မှာယူနိုင်ပါတယ်။ မိုးမခ၏ နွေဦးစာနယ်ဇင်းရန်ပုံငွေ အလှူရှင်တွေဆီကိုတော့ မေတ္တာလက်ဆောင် ပို့ပေးပါတယ်။ မကြာခင်မှာ အီးဘုတ် ထွက်ပါမယ်။ အီးဘုတ်ကတော့ ဒေါ်လာ .၉၉ နဲ့ တိုက်ရိုက် ဝယ်ယူ ဒေါင်းလုပ် သိမ်းဆည်း နိုင်ပါလိမ့်မယ်။


https://www.paypal.com/ncp/payment/JLUB6CZY93EMY


သည်လင့်ကနေ မှာပါ။





Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar



မောင်လူမွှေး - ပျူစောထီး ဆိုတာ ဘယ်လိုလူတွေလဲ

မောင်လူမွှေး - ပျူစောထီး ဆိုတာ ဘယ်လိုလူတွေလဲ

မိုးမခ ၊ ဇွန် ၃၀ ၊ ၂၀၂၅

"ပျူစောထီး၊ ပျူစောထီး" တဲ့။ လေးနှစ်အရွယ် ကလေးငယ်လေးကို ခေါ်စကြတာ။ ကလေးကလည်း သူ့ကို ဒီလို ခေါ်စတာကို မကြိုက်လို့ လိုက်ရိုက်နေတယ်။  မောင်လူမွှေးရဲ့ မိတ်ဆွေ လေးနှစ်အရွယ် ကလေးငယ်လေးကို ဘာကြောင့် ပျူစောထီးလို့ ခေါ်ပြီးစကြတာလဲလို့ မေးတော့ အဖြစ်က ဒီလိုပါ။

ပြီးခဲ့တဲ့ရက်ပိုင်းက သူဟာ မိဘတွေ အိပ်နေတုန်း မီးနဲ့ သွားဆော့တယ်။ တာယာကွင်းတွေကို မီးသွားရှို့မိရာက မီးတောက်ဟာ ကြီးလာပြီး နေအိမ်ကိုပါ မီးကူးမလို ဖြစ်ခဲ့တယ်။ သူ့အဖေ၊ အမေ နှစ်ယောက်လုံး မီးတောက်သံကြောင့် နိုးလာလို့သာ နေအိမ်ကို မီးမကူးတာဖြစ်တယ်။ နေအိမ်ကို မီးလောင်ခါနီးထိ ဆော့တဲ့ သူ့ကို ကလေးအချင်းချင်း စကြတာ "ပျူစောထီး" တဲ့။ ပျူစောထီး ဆိုတာ အိမ်ကို မီးရှိူ့ဖျက်ဆီးသူလို့ ကလေးတွေက သိကြတယ်။

"ပျူစောထီးဆို ပိုကြောက်ရတယ်" တဲ့။ စစ်ကောင်စီလက်အောက်မှာ နေနေရတဲ့သူတွေ၊ စစ်ကောင်စီဂိတ်ကို ဖြတ်သန်းခဲ့ရသူတွေဆီက ကြားရတယ်။ ပျူစောထီးတွေဟာ သတ်တဲ့၊ ဖြတ်တဲ့နေရာမှာစံတင်ရလောက်သူတွေဖြစ်တယ်။ ပျူစောထီးတွေဆိုတာ ဘယ်ဒေသမှာပဲဖြစ်ဖြစ် ဒေသ ခံတွေဖြစ်တယ်။ သူတို့ရဲ့မတရားလုပ်ရပ်တွေကိုကောင်းကောင်းသိတဲ့သူတွေ မှတ်ထားမယ့်သူတွေ၊ ဆန့်ကျင်မယ့်သူတွေဆို တရွာတည်းသားချင်းတောင်သတ်ဖြတ်ဖို့ ဝန်မလေးသူတွေဖြစ်တယ်။ 

" ပညာလည်းမတတ်၊ ပိုက်ဆံလည်း မရှိ၊ ကိုယ်ကျင့်လည်း မကောင်းတဲ့သူတွေ များတယ်။ သူတို့တွေ ပျူစောထီးဖြစ်လာတော့ သူတို့အပြင် သူတို့မိန်းမတွေကိုပါ ကြောက်ရတာ" လို့ ပျူစောထီးကျေးရွာကနေ ထွက်ပြေးလာတဲ့ စစ်ရှောင်အမျိုးသမီးတစ်ဦးက မောင်လူမွှေးကို ပြောပါတယ်။

ပညာမရှိ၊ ကိုယ်ကျင့်တရားချို့တဲ့ပြီး သူတစ်ပါးရဲ့ အထင်အမြင်သေးမှုကို အမြဲခံခဲ့ရသူအချို့ဟာ ပျူစောထီး ဖြစ်လာတော့ မောက်မာလာကြတယ်။ ရွာက လူကြီးလူကောင်းတွေအပေါ် လက်နက်နဲ့ အနိုင်ကျင့်ပြီး အရသာပြန်ခံကြတယ်။ ဒီလိုလူတွေကို စစ်တပ်က ပျူစောထီးအဖြစ် လက်နက်ပေးကိုင်ပြီး ပြည်သူကို ဖိနိုပ်ခိုင်းထားတာဖြစ်တယ်။

"လစာဆိုလည်း သူတို့ဘာမှမရဘူး။ တစ်လမှ သုံးလေးသောင်း။ ဒါတောင် သုံးလမှတစ်ခါရတာမျိုးရှိသေးတာ။ သူတို့ကလည်း လစာကို မမျှော်ကိုးဘူး။ ရွှေတွေကစ သူတို့လုယက်ပြီးရနေတာကိုး" လို့ သူမြင်တွေ့ခဲ့ရတာတွေကို စစ်ရှောင်အမျိုးသမီးက ပြောပြတယ်။ ဒီတော့ ပျူစောထီးလုပ်တဲ့သူတွေရဲ့ ရည်ရွယ်ချက်က ပြည်သူတွေရဲ့ ပစ္စည်းကို ပျူစောထီးလိုင်စင် ကိုင်ပြီး ဓားပြတိုက်ခွင့်ရဖို့ ဖြစ်တယ်။

ပျူစောထီး ဖြစ်သွားသူတွေဟာ နိုင်ငံရေး ယုံကြည်ချက်ကြောင့် မဟုတ်သလို ဘာသာရေး ယုံကြည်ချက်ကြောင့်လည်း မဟုတ်ပါဘူး။ အမျိုးသားရေး၊ ဘာသာရေး ဗန်းပြပြီး စစ်အာဏာရှင် ခိုင်းတဲ့အတိုင်း လုပ်နေရသူတွေသာ ဖြစ်တယ်။ စစ်အာဏာရှင် ခိုင်းတာလုပ်ရင်း ပြည်သူတွေကို အထက်စီးကနေ မိုက်မိုက်ရိုင်းရိုင်းဆက်ဆံ၊ လိုချင်တဲ့ပစ္စည်း ယူနေတဲ့ လူမိုက်ဂုဏ်းဝင်တွေသာဖြစ်တယ်။

ပျူစောထီးတွေထဲမှာ အရင်သူတို့မိဘတွေလက်ထက်ကစ စစ်အာဏာရှင်တွေကို အားပေး ထောက်ခံခဲ့တဲ့ မ.ဆ.လ လက်ဟောင်းမျိုးဆက်အချို့ ပါဝင်နေတာကိုလည်း တွေ့ရတယ်။ မောင်လူမွှေးတို့ရွာအပြောနဲ့ဆိုရင် သူတို့ဟာ " ကမ္ဘာရှားတွေ" ပဲ။ ပြည်သူတရပ်လုံးက ဆန့်ကျင်တဲ့ စစ်တပ်ကို တလျှောက်လုံး အထင်ကြီးထောက်ခံလာကြသူတွေ ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီလိုလားသူတွေကို အလကားနေရင်း မျက်မုန်းကျိုးနေတဲ့သူတွေ ဖြစ်တယ်။

အချို့ဒေသက ကျေးရွာတွေဟာ ကိုယ့်ရွာက ဘုန်းတော်ကြီးကြောင့် ပျူစောထီး ဖြစ်ကြရတယ်။ စစ်အာဏာရှင်တစ်စုက သူတို့အကျိုးစီးပွားကို ကာကွယ်ဖို့ ကျေးရွာက ဆရာ ဒကာတွေကို အမျိုး ဘာသာ၊ သာသနာနဲ့ လှည့်စားခိုင်းစေထားတာဖြစ်တယ်။။ ဦးဝါသဝ အပါအဝင် အချို့သင်္ကန်းဝတ်တွေဆိုရင် ပျူအဖွဲ့ကိုကိုယ်တိုင်ဦးဆောင်နေတဲ့အတွက်၊ လူသတ်စစ်တပ်ကို တရားဝင်အားပေး ထောက်ခံနေတဲ့အတွက် သာသနာတော် ညှိုးနွမ်းရပါတယ်။

ပျူစောထီး ဆိုတာ ပုဂံခေတ် ဒဏ္ဍာရီလာ မင်းတစ်ပါးဖြစ်ပြီး တောဝက်၊ စွန်ရဲ စတဲ့ တိရစ္ဆာန်တွေကို နိုမ်နင်းပြီး ပြည်သူတွေကို ကာကွယ်ခဲ့သူလို့ မောင်လူမွှေးတို့ သင်ခဲ့ရတယ်။ ဒီဒဏ္ဍာရီကို သမိုင်းဖတ်စာထဲ ထည့်ပြီး မောင်လူမွှေးတို့ငယ်ငယ်က အသင်ခံခဲ့ရပါတယ်။ အသက်ကြီးလာတော့ ပျူစောထီးမင်း တကယ်ရှိခဲ့တယ်လို့ မောင်လူမွှေးတို့ ဘယ်ယုံပါ့မလဲ။ မောင်လူမွှေးတို့ နိုင်ငံမှာ ပျူစောထီး တကယ်ရှိခဲ့တာက ၁၉၅၅ ခုနှစ်မှ ဖြစ်ပါတယ်။

စစ်တပ်ကို ပြင်ပကနေ အထောက်အကူပေးဖို့ ပျူစောထီးအဖွဲ့ကို ဖွဲ့ခဲ့ကြတာ ဖြစ်ပါတယ်။ စဖွဲ့ကတည်းက မိုက်မိုက်ကန်းကန်းသောင်းကျန်းဖို့ဝန်မလေးတဲ့ လူမိုက်တွေနဲ့ ဖွဲ့စည်းခဲ့ကြတယ်။ မျက်ကန်းမျိုးချစ်တွေကို သက်ဆိုင်ရာဒေသရဲ့ ခေါင်းဆောင်အဖြစ် ခန့်ကြတယ်။  ဒါကြောင့် ပျူ စောထီးအဖွဲ့ဟာ စကတည်းက ပြည်သူတွေရဲ့  ရွံရှာခြင်းကို ခံခဲ့ကြရတယ်။ စစ်တပ်က အာဏာ သိမ်းပြီးနောက် သူတို့ ကိုယ်စား ပြည်သူတွေကို ဖိနှိပ်ဖို့ " ပြည်သူ့စစ်အဖွဲ့" ကို ဖွဲ့တယ်။ ပြည်သူတွေက " ပျူစောထီး" လို့ တစ်ခါတည်း နာမည်ပေးလိုက်ကြတော့တာပါပဲ။ 

ခုတော့ မောင်လူမွှေးတို့ငယ်ငယ်ကလို ဒဏ္ဏာရီလာ ပျူစောထီးမင်းအကြောင်းကို ကလေးတွေကို သင်လို့ရတော့မှာမဟုတ်ဘူး။ လူငယ်မျိုးဆက်တွေရဲ့အသိမှာ  ပျူစောထီးဆိုတာ "လူသတ်သမားတွေ၊ လုယက်သူတွေ၊ ယုတ်မာသူတွေ၊ လူ့ကျင့်ဝတ် နားမလည်သူတွေ" လို့ အမှတ်အ သားရှိသွားပြီဖြစ်တယ်။

နွေဦးတော်လှန်ရေးသမိုင်းကို ကလေးတွေကို သင်ကြားကြရတဲ့အခါ ပျူစောထီးတွေရဲ့ အသိဉာဏ်မဲ့ ရက်စက်မှုတွေကို ချန်ထားခဲ့လို့မရပါဘူး။ နောက်နောင်မှာ ကိုယ့်နိုင်ငံက မျိုးဆက်တွေ အာဏာရှင်ရဲ့ လက်ကိုင်တုတ်ဘဝ မရောက်ရှိစေဖို့ ပျူစောထီးတွေရဲ့ အော့နှလုံးနာဖွယ် သမိုင်းကိုလည်း သင်ကြားပေးကြရမှာ ဖြစ်ပါတယ်ခင်ဗျာ။

-

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar



Sunday, June 29, 2025

ဖလော်ဒါဟန် - အာဏာနဲ့ အလုပ် ဒွန်တွဲနေသည့် စကစ

အာဏာနဲ့ အလုပ် ဒွန်တွဲနေသည့် စကစ

ဖလော်ဒါဟန်

မိုးမခ ၊ ဇွန် ၂၉ ၊ ၂၀၂၅ 

လူထုခေါင်းဆောင်ရဲ့ မွေးနေ့မှာ တကယ်ရော ပန်းပန်တာနဲ့ မွေးနေ့ဆုတောင်းလို့ မြန်မာ့အသံကဝန်ထမ်းတဦးကို ဖမ်းတယ်ဆိုတာ ဟုတ်ရော ဟုတ်ပါသလား။

ကျွန်မရဲ့ မိတ်ဆွေတွေထဲမှာ ဝန်ထမ်းမိသားစုနဲ့ပတ်သတ်တဲ့ အချို့သော အရင်းခေါက်ခေါက်မိသားစုတွေ ရှိပါတယ်>

အရင်အချိန်န်ကဆို ဖုန်းးစကရင်ပေါ်မှာ ဒေါ်စုအတွက် မွေးနေ့ဆုတောင်းတွေ ပြုခဲ့ကြသူတွေ ရှိခဲ့ကြပါသေးတယ်။

ယနေ့အချိန်မှာ စကစ က နေပြည်တော်ဝန်းကျင် နေထိုင်သူ ဝန်ထမ်းဧရိယာအတွင်း နေထိုင်သူများကို အာဏာရှင်ကို ဆန့်ကျင်တဲ့ လူထုရဲ့ထောက်ခံမှူဟူသမျှကို ဝန်ထမ်းအပါအဝင် မိသားစုအသိုင်းအဝန်းတွေကိုပါ ထိန်းချုပ်လာကြပါတယ်။

ပြည်သူနဲ့တသားတည်း နေထိုင်‌နိုင်ခွင့် အခွင့်အရေးတွေကို သိသိသာသာ စကစက ပိတ်ပင်လာတယ်။

အထူးသဖြင့် နေပြည်တော်ငလျင်နဲ့ပတ်သက်လို့ ဝန်ထမ်းတွေရဲ့အခွင့်အရေးကို သတင်းအမှောင်ဖုံးစေခဲ့တယ်။

တကယ့်အရေးပါလှတဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ ဆုံးရှုံးမှုကိုလည်း ပြည်သူတွေကို မသိစေခဲ့ပါဘူး

နေပြည်တော်ပြတိုက်၊ နေပြည်တော်စာကြည့်တိုက်၊ နေပြည်တော်မော်ကွန်းတိုက်တွေရဲ့ ပျက်စီးမှုအခြေအနေတွေကို ချမပြခဲ့ပါဘူး။

သမိုင်းဝင်မှတ်တမ်း ဖြစ်သလို အမျိုးသားရေးကို ကိုယ်စားပြုတဲ့ မြန်မာနိုင်ငံရဲ့ အမွေအနှစ်တွေရဲ့ပျက်စီးဆုံးရှုံးမှုတွေကို ဖုံးကွယ်ထားကြတယ်။

ဒီလောက် ဝန်ထမ်းတွေဘဝ အခက်အခဲအကျပ်အတည်းမျိုးစုံ စာမျိုးစုံ ထုတ်နေရတဲ့ မအလ ခေတ်စနစ်မှာ ဝန်ထမ်းတဦးတည်း ရွေးချယ်ပြီး ပန်းသပိတ်မှာ ပါဝင်ခြင်း မွေးနေ့ဆုတောင်းခြင်းတို့ကြောင့် ဖမ်းလိုက်တယ် ဆိုတာ အကြောက်တရားနဲ့ ကျော့ကွင်းမှာ ပြည်သူကို ခွင်ဆင်လိုက်တာလား။

အကျယ်ကျယ်နဲ့ နေ မြေဖြန့်ပြီး ဖမ်းဆီးပြစရာ မလို‌တော့ပါ။

စကစ အတွက် လုံခြုံမှုမရှိတဲ့ ပြည်သူတွေထဲကို ခြေချစရာမလိုဘဲ အမျိုးသမီးတယောက်ကို ဖမ်းဆီးပြလိုက်တယ်။

ဒါဟာ ဝန်ထမ်းတယောက်အတွက်အမှန်သတင်းဆိုရင်တော့သူမကို အသိအမှတ်ပြုရမှာပါ။

စကစ ရဲ့ သူရဲဘောင်ကြောင်လှတဲ့လုပ်ကွက်များစွာမှာ ဥပဒအမျိုးစုံ စကားအမျိုးအစုံအောက်မှာ ပြည်သူကို ချနင်းလို့မရတဲ့အချိန်မှာ လက်အောက်ခံဝန်ထမ်းတွေကို ချနင်းထားတာ မဆန်းပါဘူး။

ပြည်သူအစိုးရလက်ထက် ဝန်ထမ်းတွေ ဘယ်လောက်တောင် လွတ်လပ်ကြသလည်း အလုပ်မှာဘယ်လောက်တောင် ပျော်ကြသလဲ ဆိုတာ ထမင်းစားကြတဲ့ ဝန်ထမ်းတိုင်း သိပါတယ်။

(စစ်တပ် လက်အောက်ခံ နဲ့ စစ်တပ်အဖွဲ့အစည်းတွေကတော့ မကြိုက်ကြပါဘူး။ အာဏာနဲ့ငွေ မရွှင်ကြတော့လို့ပါ)

ယနေ့အချိန် ပြည်သူတွေအတွက်သတိထားရမယ့်အချက်က စကစရဲ့ အဝန်းအဝိုင်းဆိုတာ မကျယ်ပြန့်လှပါဘူး

အာဏာနဲ့ အလုပ်ကို ဒွန်တွဲလုပ်နေတဲ့ ခေါင်းဆောင်တယောက် လက်အောက်မှာ တိုးတက်တယ်ဆိုတာ တိုင်းပြည်ဆုတ်ယုတ်ခဲ့တာပဲ ဖြစ်ပါလိမ့်မယ်။

သူ့သဘောသူဆောင်နေသည့်အချိန် ဝန်ထမ်းတဦးကို ဖမ်းတယ်ဆိုတာ အလုပ်မဟုတ်တဲ့ အလုပ်တခုကိုလုပ်ပြတာပါ။

ယနေ့အချိန် ကပ်ဘေးနဲ့ စစ်ဘေးကိုတောင် ရေငုံနှုတ်ပိတ်နေတဲ့ စကစ လက်အောက်ခံအဖွဲ့အစည်းပါ။ အခုလို ပြည်သူ့ထောက်ခံမှု လေးစားမှုရှိတဲ့ အမျိုးသမီးကြီးလူထုခေါင်းဆောင်ကို တန်ဖိုးထားဂုဏ်ပြုခဲ့သူ‌တွေကိုကျ ခြိမ်း‌ခြောက် သတင်းအဖြစ် အကျယ်တဝင့်လုပ်လာတာ အာဏာရှင်ရဲ့လုပ်ကွက်တွေလို့ ထင်မိပါတယ်။

မတရားသောနည်းဖြင့် အကျဉ်းကျခံ ပြည်သူတွေကို ဖမ်းဆီးထားတဲ့ အာဏာရှင်ရဲ့ မတရားတဲ့ လုပ်ရပ်သည် ယနေ့အချိန်အထိ ရပ်တန့်မသွားပါဘူး။

စစ်မှူထမ်းတွေမှာလည်း သေသလား ရှင်သလားမသိ အဆက်အသွယ်မရတဲ့ မိသားစုတွေ အများကြီးပါ။

ဒါနဲ့ ဆက်စပ်ပြီး ပြည်သူတွေ ဖြေရှင်းနေသည့်ပုံစံသည် မိမိတို့သားသမီးများကို စကစ လက်ထဲ မရောက်ဖို့ ငွေနဲ့ဖြေရှင်းနေသည့် နည်းလမ်းသည် ရေရှည်မှာ မဖြစ်နိုင်‌တော့ပါ။

အာဏာရှင်ကို အဓွန့်ရှည်ဖို့သာ ဖြစ်ပါလိမ့်မယ်။

အရှိတရားကို ပြည်သူတိုင်း သိဖို့ လိုသလို မိမိတို့ လုံခြုံလွတ်လပ်ဖို့  မကောင်းသည့်စနစ်ကို ဖြိုဖျက်နိုင်ဖို့လိုပါလိမ့်မယ်။

 ဒါမှသာ ပြည်သူတွေဆီကို အချိန်အခါမရွေး ခေါင်းစဉ်အမျိုးမျိုးတပ် ဖမ်းဆီးနေသည့် ဖက်ဆစ်အကြမ်းဖက်များရဲ့ လက်‌အောက်မှ လွတ်မြောက်နိုင်ကြမယ်ဆိုတာ ထောက်ပြရင်း သတ္တဝါတွေ ဘေးကင်းလုံခြုံကြပါစေ။

-

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar



မောင်နွေနှောင်း - စစ်ရဲ့ကပ်ပါးပိုး

Art- Than Htay Maung

စစ်ရဲ့ကပ်ပါးပိုး
မောင်နွေနှောင်း
(မိုးမခ) ဇွန် ၂၉၊ ၂၀၂၅

                        
                (၁)

တို့ရွာက ပြည်တွင်းစစ် ရန်ကုန်မြို့ကြီးမို့ လွှတ်မယ်မထင်နဲ့။ ကိုယ်ငှားနေတဲ့ အဆောင်အို‌လေးထဲ သောကအပူမီးတွေ သောသောထ လို့။

                 ( ၂)

အဆောင်ရဲ့ပြူတင်းတံခါးကိုဖွင့်ကြည့်မိတော့ ကတ္တရာလမ်းမထက်က လူတွေလူတွေ သူတို့ဈေးခြင်းတောင်းထဲက အမဲသားတပိဿာကျပ်ဂဏန်းလာက်က နှစ်၇၀‌ ကျော် စစ်ရဲ့ကပ်ပါးပိုးကြောင့် သောင်းကြီးကြီးငွေ ဖြစ်ခဲ့ရပေါ့။
ဟောဟိုခလေးလေးရဲ့ ကျောင်းလွယ်အိတ်ထဲမှာ စာအုပ်..ဘောပင်..ခဲတံ ။ အို...အားလုံးမှာ စစ်ရဲ့ကပ်ပါးပိုးတွေ မြင်မကောင်းအောင် တွယ်ကပ်နေတယ်။ လမ်းမထက်က ယမာကာလုလင်
တစ်ယောက်လက်ထဲက ဦးပိုင်ထုတ်အရက်တစ်ပုလင်းက အချိုရည်တစ်ဗူးထက်ဈေးနည်းတယ်။ အဲဒီအရက်ပုလင်းထဲစစ်ရဲ့ကပ်ပါးပိုးတွေလှိုင်းထလို့ လူငယ်တွေရဲ့အနာဂတ်တွေကို စစ်ရဲ့ကပ်ပါးပိုး တွေ ကိုက်ဖဲ့စားသုံးနေကြတယ်။ တို့လမ်းထိပ် နိုင်ငံခြားငွေလဲတဲ့ဆိုင် လေးထဲ စစ်ရဲ့ကပ်ပါး ပိုးတွေ မြန်မာကျပ်ငွေကိုကိုက်ဖဲ့ ပြီး တန်းဖိုးကျမြစ်မထဲ ဖဲ့ဖဲ့သယ်နေကြတယ်။ အို....ရွှေဆိုင်တွေ စိန်ဆိုင်တွေ ကျောက်သံပတ္တမြားဆိုင် တွေလူသုံးကုန်ပစ္စည်းဆိုင်တွေ City Mart ကြီးတွေထဲ နေရာအနှံ မြို့ရောကျေးလက်ပါ စစ်ရဲ့ကပ်ပါးပိုးတွေ မြင်ရက်စာရာမရှိ ပြည့်လို့၊ ညအလင်းပေါက်ဘုံဆိုင်ထဲ KTV ထဲက မိန်းမလှတွေကိုယ်ခန္ဓာလည်း သူတို့ကိုက်ဖဲ့နေကြတယ်။
မာကျူးရီမီးရောင်အောက် နေရောင်အောက် လရောင်အောက် သူတို့ ရှင်သန်‌နေကြတယ်။

""ဟေ့ကောင်ကြီး ဘာတွေတွေးနေလဲ Auto ခေါက်ဆွဲ တွေပွကုန်မယ်၊ အမေနဲ့ ထွေးမြကို ငွေပို့ချင်တာနဲ့ ပုရွတ်ဆိတ်တစ်ကောင်လို့ စွတ်စုမနေဟ..၊ကိုယ်ရုပ်လည်း ကိုယ်ပြန်ကြည့်အုံးလို့ ""

ဟိုတလောက အခန်းဖော် သူငယ်ချင်းက စ နှောက်ခဲ့ဖူးတယ်၊ လမ်းထိပ်က ဆိုက်ကားဆရာ ဦးသာဒွန်းကျော်ကို ရယ်ဒီမိတ်ခေါက်ဆွဲလေးဝယ်ပေးပါလို့ ကျနော်တို့အုပ်စုကခိုင်းတော့ ...
အေးပါ ငါသိပါတယ် Auto ခေါက်ဆွဲကိုပြောတာမလားလို့ ဘကျော်ကပြန်ပြောတာကို ကျ‌နော်တို့အုပ်စု 
အဲဒီတုန်းက တဟားဟားနဲ့ ပွဲကျခဲ့တာ။ အဘက ရခိုင်လူမျိုး၊ ဆိုက်ကားနင်း ငွေစုပြီး အိမ်ကိုပို့ရတာ၊  အခုတော့ အဘကျော် ရဲ့ auto ခေါက်ဆွဲက မြို့ပြယဉ်ကျေးမှုဖြစ်လို့။
ဖျတ်ခနဲ အမေမျက်နှာကို ပြေးမြင်မိတယ်၊
ဟိုတလောက အမေ ကျနော့်ဆီ ဖုန်းဆက်‌သေးတယ်။


                   (၃)

မုံရွာဘက်စစ်‌ရှောင်လာတဲ့အမေ့ခင်မျာ သူ့ကိုယ်သူမပူ၊ မြို့ကသားအတွက်ကို ပူရှာတယ်။
အဆောင်ကို စောစောပြန်၊ မြို့မှာပေါ်တာဆွဲတယ်ဆိုလူလေးရေ၊ ဖက်ဆစ်တပ်အောက် 
ဒူးမ‌ထောက်နဲ့။
မတော်လို့ အဓမ္မစစ်ထဲဆွဲသွင်းခံရရင် ဖက်ဆစ်စစ်သားတော့မလုပ်နဲ့၊ အသက်လုပြေး လူလေးရေ၊ ကံမကာင်း အကြောင်းမလှလို့ သေခဲ့ရင်တောင် ကောက်ရိုးထုံးရှိတယ်။
ကောက်ရိုးထုံးက ဘာလဲအမေလို့မေးမိတော့...
မင်းရည်စား ထွေမြပြောတဲ့စကားလေ၊ တောင်ဘက်ရွာက ကိုရင်သာခင်သား PDF လေး တိုက်ပွဲကျတော့ ငရဲပြည်ကိုခဏရောက်သွားတာ၊ ငရဲသားကဆီပူအိုးထဲပစ်ထည့်လိုက်တိုင်း ကောက်ရိုးတုံးက ပြေးပြေးခံပေးတာ၊ ဘယ်လိုထည့်ထည့် ထည့်မရဘူး၊ နောက်ဆုံးလက် လျှော့ပြီး ယမမင်းဆီဖုန်းဆက်တော့ ယမမင်းက ပြောတယ်။ သူ လူ့ပြည်မှာ ဖက်ဆစ်နဲ့မပေါင်းဘူး။ နတ်ပြည်ပို့လိုက်လို့ ထွေးမြက ငါ့ကို ရှာရှာ ပေါက်ပေါက် ပြောတာ။
ဒီလိုပြောပြီး အမေက ရယ်သေးတယ်။
ဟဲ့...ထွေးမြ။ ငရဲပြည်မှာ ဖုန်းရှိလို့လားလို့ ငါကတောင် မေးလိုက်မိသေးတယ်။
မေး တော့ ..ဪ အရီးလေးကလည်း နိုင်တီးဂွမ်းတီးထဲကရှိတာ အရီးလေးတို့ဗမာပြည်က စစ်အုပ်စုညစ်ပတ်ထားလို့အခုမှရတာတဲ့ အေ။ 

သားလူလေးရေ စစ်ဆိုရင် ရေတောင်စစ်မသောက်ချင်ဘူး။ သွားသတိ လာသတိနော်တဲ့။
အမေက သူ့အသက် သူ မပူဘူး။ မြို့ကသားကိုပူသတဲ့  ။
ချစ်တဲ့ထွေးမြက စစ်ကြီးပြီးရင် တူနှစ်ကိုယ်နီးရမယ်လို့ ဟ...ဟ..ပေးလို့ စာပို့ဖူးတယ်။


                   ( ၄)

ဟိုတနေ့ က လိုင်းတက်ရလို့ ထွေးမြဆီက မက်ဆေ့က ကလောင်ဆိုပြီး တက်လာတယ်။
ဟိုဘက်ရွာဘက် ထွေးမြစာသွားသင်တော့ " ဗုံးခိုကျင်းထဲကလေးတသိုက်ရယ်၊ ဆန်ပြုတ်အိုးကြီးရယ်နဲ့ ရင်တုန်တုန်နဲ့ပျော်ပေါ့။ တခါတလေလည်း ဗလာဟင်းနဲ့ ငပိတို့စာရာနဲ့ မောင်ကြီးတို့ မြို့မှာရော" လို့ ကျနော့်ဆီမက်ဆေ့က စာပို့မေးတော့ ကျနော့်ရင်ထဲ မကောင်း။ 
ထွေးမြကအလယ်တန်းပြ  CDM ကျောင်းဆရာမဘဝရဲ့ အဆင်မပြေမှုပေါင်စုံကို စိတ်မညစ် စစ်ရဲ့ ဒဏ်ရာဒဏ်ချက်ပေါင်းစုံ ကျနော်တို့ ရွာတွေဘက်အတော် ခံရတယ်။ ကျနော်က ထွေးမြ ရင်ထဲပေါ့သွားပါစေတော့ဆိုတဲ့ ဆန္ဒနဲ့အမှိုက်ပုံးထဲ ခေါင်းဆိုက်နေတဲ့ Sticke r ပုံလေးပို့လိုက်တယ်။
‌ခဏနနေတော့ သူစာလေးတက်လာတယ်.
 " နိမိတ်ပုံကဗျာရေးဟန်က မောင်ကြီးက စတာဖြစ်လိမ့်မယ်" တဲ့။ 


မောင်နွေနှောင်း
၂၉.၆.၂၅


*** ကျနော်ဟာ ဒီဝတ္ထူတိုကို ထရံပေါက်က လမင်းကိုချောင်းကြည့်သလို ရေဖွဲ့ချင်တာမျိုးပါ။
မြန်မာပြည်တနံတလျားက တော်လှန်စစ်ကိုဆင်နွဲနေတဲ့ ပြည်သူများကို လေးစားဂုဏ်ပြုလျက်ပါ။

 -

 Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar




၂၀၂၅/၂၀၂၆ မှာ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ လက်နက်ကိုင် ပဋိပက္ခ အရှိန်အဟုန်

မြန်မာနွေဦးခရိုနီကယ် - ဇွန် ၂၈ မြင်ကွင်း

(မိုးမခ) ဇွန် ၂၉၊ ၂၀၂၅

၂၀၂၅/၂၀၂၆ မှာ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ လက်နက်ကိုင် ပဋိပက္ခ အရှိန်အဟုန်

ရွေးကောက်ပွဲလို့ ဆိုခဲ့ရင် မြန်မာနိုင်ငံမှာ ပါလီမန်ဒီမိုကရေစီခေတ် ရွေးကောက်ပွဲတွေလည်း ရှိခဲ့ပြီး ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီး နောက် အခြေခံဥပဒေအသစ်ရေးကာ ၁၉၇၄ ခုနှစ် မှာအတည်ပြုတဲ့ တပါတီစနစ်အောက်က ရွေးကောက်ပွဲတွေလည်း ရှိခဲ့ပါတယ်။ ၁၉၇၄ အခြေခံဥပဒေ အောက်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲတွေကိုတော့ ရွေးကောက်ပွဲမည်ကာမတ္တလို့ဆိုရမှာ ဖြစ်ပါတယ်။ တဖန် ၁၉၈၈ အရေးအခင်းပြီးနောက် ၁၉၉၀ မှာကျင်းပတဲ့ ပါတီစုံရွေးကောက်ပွဲ၊ အာဏာလွှဲအပ်ခြင်း မရှိဘဲ အခြေခံဥပဒေရေးဖို့ ညီလာခံကျင်းပဖို့ လမ်းကြောင်းပေါ် တွန်းတင်ခဲ့ပြီး ၂၀၀၈ ခုနှစ်ကျမှ အခြေခံဥပဒေ အသစ်ကို တဖန်အတည်ပြုခဲ့ပြီး ၂၀၁၀ မှာ ရွေးကောက်ပွဲ ပြန်ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲဟာ စစ်တပ်ရဲ့ စစ်အုပ်ချုပ်ရေးကနေ ၂၀၀၈ အခြေခံဥပဒေအရ ပေါ်လာတဲ့ လွှတ်တော်၊ ရွေးကောက်ခံ အစိုးရအဖွဲ့ရဲ့ အုပ်ချုပ်ရေးတွေက စစ်တပ်ကို အာဏာခွဲဝေပေးပြီး အုပ်ချုပ်တဲ့ စနစ်နဲ့ သွားဖို့ အစီအစဥ်မျှော်မှန်းမှုနဲ့ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဒီအခင်းအကျင်းက ၂၀၁၀ က ရေတွက်ရင် ရွေးကောက်ပွဲ သက်တမ်း ၂ ကြိမ်သာ ခံပြီး စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့ကာ စစ်ပြီးခေတ်၊ လွတ်လပ်ရေးရပြီးခေတ် မြန်မာ့သမိုင်းရဲ့ သမိုင်းတပတ်လည်မှု အဆိုးသံသရာထဲ ကျရောက်ခဲ့ပြန်ပါတယ်။

ခေတ်သစ်မြန်မာ့သမိုင်းမှာ ရွေးကောက်ပွဲတွေက သမိုင်းအလှည့်အပြောင်း အကွေ့တွေမှာ ရှိနေလေ့ရှိပေမယ့် ရွေးကောက်ပွဲ ကျင်းပတိုင်း နိုင်ငံရေးပြဿနာ ပြေလည်မှု ရရှိကြတာတော့မဟုတ်ပါဘူး။ ဒီမိုကရေစီ အသားမကျသေးတဲ့နိုင်ငံတွေမှာတော့ ရွေးကောက်ပွဲ အကြို၊ ပြီးကာစကာလတွေဟာ နိုင်ငံရေး မတည်ငြိမ်မှုကာလတွေအဖြစ် မှတ်ယူကြတာ ဖြစ်ပါတယ်။ အာဏာရထားတဲ့ အစိုးရ၊ စစ်တပ်တွေက ရွေးကောက်ပွဲ မတိုင်ခင်မှာ ရွေးကောက်ပွဲ ကျင်းပစဥ်မှာ အာဏာ အလွဲသုံးကာ ဖိနှိပ်တာ၊ မသမာမှုလုပ်တာ၊ တဖက်နဲ့ တဖက် အပြန်အလှန်တိုက်ခိုက်မှု၊ အမြင့်ဆုံး လုပ်ကြံသတ်ဖြတ်မှုတွေ ဖြစ်ပွားလေ့ရှိတဲ့ ကာလဖြစ်လေ့ရှိပြီး ရွေးကောက်ပွဲပြီးကာစ ကာလတွေမှာလည်း ရလဒ်ကို မကျေနပ်တဲ့ အင်အားစုတွေက မရိုးမသားလုပ်လို့ ဖြစ်စေ၊ မလုပ်ပဲ အနိုင်ရသည် ဖြစ်စေ စစ်တပ်နဲ့ အာဏာသိမ်းတာ၊ လူထုအားနဲ့ ဆန့်ကျင်မှုတွေကနေ မငြိမ်မသက်မှုတွေ ဖြစ်ပေါ်လေ့ရှိတာ ဖြစ်ပါတယ်။

ဒါတွေက ရွေးကောက်ပွဲ ကြို၊ ပွဲကာလ၊ ပွဲကျင်းပပြီးကာလတွေရဲ့ လက္ခဏာရပ် အကျိုးဆက်၊ ဖြစ်လေ့ရှိတဲ့ ပုံစံခွက်တွေ ဖြစ်ပြီး မြန်မာနိုင်ငံကလည်း ၂၀၂၀ မှာ ရွေးကောက်ပွဲအပြီး ရလဒ်ကို မကျေနပ်တဲ့ စစ်တပ်က အာဏာသိမ်းတဲ့ဆီ ကျရောက်ခဲ့ပြီး နောက်တဆင့် ပြည်တွင်းစစ်မီး အရှိန်ညီးညီးတောက်လောင်တဲ့ အဆင့်ကို တက်လှမ်းရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတကာမှာ ဖြစ်လေ့ရှိတဲ့ အခင်းအကျင်း၊ သာဓကတွေထဲက တခုလို့ ဆိုမယ်ဆိုဆိုနိုင်ပါတယ်။

အခုတဖန် ရွေးကောက်ပွဲ ပွိုင့်အမှတ်ကနေ စပြီးဖြစ်ပွားလာတဲ့ နိုင်ငံရေး အကြပ်အတည်း၊ လူ့အသက် ပိုင်ဆိုင်မှု အိုးအိမ် နိုင်ငံသယံဇာတ သဘာဝပတ်ဝန်းကျင်နဲ့ စီးပွားရေး အဖက်ဖက်ကို ပျက်စီးဆုံးရှုံးစေတဲ့ ပြည်တွင်းစစ်မီးထဲ ကျရောက်စေခဲ့တာ ဖြစ်ပါတယ်။

ဒီလို နိုင်ငံရေး အကြပ်အတည်းနဲ့ ပြည်တွင်းစစ်မီးတောက် ထဲက ထွက်ပေါက်က ရွေးကောက်ပွဲလို့ အချို့ မြန်မာ့နိုင်ငံရေးသမားတွေနဲ့ လူထုတွေက ရှုမြင်နေကြတာ ဖြစ်ပါတယ်။ မြေပေါ်နိုင်ငံရေးသမားလို့ဆိုတဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်မှုအောက်မှာနေပြီး လှုပ်ရှားနေတဲ့ နိုင်ငံရေးပါတီ၊ နိုင်ငံရေးသမားတွေက လက်နက်ကိုင် လမ်းစဥ်က ပြည်သူလူထုကို ပိုမို အခက်အခဲအကြပ်အတည်းနဲ့ ရင်ဆိုင်ရစေတာ ဖြစ်လို့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့အတွက် ရွေးကောက်ပွဲလမ်းကြောင်းကို မလွှဲမရှောင်သာ လျှောက်ရမယ်ဆိုတဲ့ အယူအဆကို လက်ခံကိုင်စွဲထားကြတာတွေ့ရမှာ ဖြစ်ပါတယ်။

၁၉၄၈ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးကတည်းက နှစ် ၈၀ နီးပါး သမိုင်းမှာ ရွေးကောက်ခံ အစိုးရ၊ ပြည်တွင်းစစ်၊ စစ်တပ်အာဏာသိမ်းမှု၊ တပါတီ အာဏာရှင်၊ စစ်အာဏာရှင် စတဲ့တလှည့်စီ သံသရာလည်နေတဲ့ သမိုင်းကြောင်းအရ နိုင်ငံရေး အယူဝါဒ အားမကောင်းတဲ့၊ ဖက်ဒရယ်၊ ဒီမိုကရေစီစနစ်ကို ပြည့်ပြည့်ဝဝ လက်မခံတဲ့ လက်နက်ကိုင် လမ်းစဥ်တွေက မြန်မာနိုင်ငံကို ငြိမ်းချမ်းတဲ့ နိုင်ငံတနိုင်ငံအဖြစ် တည်ဆောက်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ ကောက်ချက်ကိုလည်း ထွက်ပေါ်စေပြီး စစ်ရေးတခုထည်း အားကိုးခြင်းဖြင့် နိုင်ငံရေး ပြဿနာတွေ ဆယ်စုနှစ်များစွာ အခြေတည်လာတဲ့ ဖက်ဒရယ်နဲ့ ဒီမိုကရေစီ ပြဿနာကို မပြေလည်စေနိုင်ဘူးလို့ ယူဆကြတာလည်း ဖြစ်ပါတယ်။

ဒါက လတ်တလော မြန်မာနိုင်ငံရဲ့ အကြပ်အတည်းနဲ့ ပတ်သက်လို့ အချို့သော မြေပေါ်နိုင်ငံရေးပါတီ၊ နိုင်ငံရေးသမားတွေ ကိုင်စွဲတဲ့အယူအဆဖြစ်ပြီး လက်နက်ကိုင် လမ်းစဥ်ကို ကိုင်စွဲကြတဲ့ တိုင်းရင်းသားနဲ့ ဗမာ လက်နက်ကိုင် အဖွဲ့တွေကတော့ အာဏာသိမ်းတဲ့ စစ်တပ်က ကျင်းပပေးမယ့် ရွေးကောက်ပွဲကို အယုံအကြည် မရှိဘူးလို့ မှတ်ယူထားပြီး အချို့သော လက်နက်ကိုင် အဖွဲ့တွေကတော့ ရွေးကောက်ပွဲကို မကျင်းပနိုင်အောင် တားဆီးရမယ်၊ ဖျက်ဆီးရမယ်ဆိုတဲ့ ရပ်တည်ချက်ကို ကိုင်စွဲထားကြတာ ဖြစ်ပါတယ်။

စစ်ကောင်စီက ၂၀၂၄ ခုနှစ်မှာ ရွေးကောက်ပွဲအတွက်မဲစာရင်းပြုစုဖို့ ဆိုပြီး သန်းခေါင်စာရင်း စတင်ကောက်ယူစဥ် ကာလကတည်းက နယ်တွေ မြို့တွေမှာ သန်းခေါင်းစာရင်းကောက်ယူတဲ့ အရပ်ဖက်ဝန်ထမ်း အချို့  ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ ဖြစ်ရပ်တွေ ရှိခဲ့တာပါ။ အခု လာမယ့် နှစ်ကုန်မှာ ရွေးကောက်ပွဲ ကျင်းပတဲ့အခါမှာလည်း အလားတူ ဖြစ်ရပ်တွေ ပေါ်ပေါက်လာနိုင်ခြေ ရှိနေတာ ဖြစ်ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ ဗမာလူမျိုး အခြေပြုဖွဲ့စည်းတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ ကျေးရွာအဆင့် မြို့နယ်အဆင့် သီးခြားစီရပ်တည်ကြတဲ့ PDF လက်နက်ကိုင် အဖွဲ့အစည်းတွေ အမျိုးအစား အများအပြားရှိနေကြတာကြောင့် ဘယ်အဖွဲ့တွေက ဘယ်လို သဘောထား ရပ်တည်သလဲဆိုတာ တိတိပပ သိဖို့ မလွယ်ကူလှပါဘူး။

အချို့သောတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကတော့ လူမျိုးစုနိုင်ငံရေး အမျိုးသားရေးဝါဒဘက် ပိုယိမ်းတဲ့ နိုင်ငံရေးရပ်တည်ချက်နဲ့ မြေပေါ် နိုင်ငံရေးပါတီနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေအကြား တူညီတဲ့ ရည်မှန်းချက် တခု ထားရှိပြီး နောက်ကွယ်က ဆက်ဆံရေးတွေလည်း ရှိကောင်း ရှိနေနိုင်ပါတယ်။

လာမယ့် ၂၀၂၅ အကုန် ၂၀၂၆ အစမှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ မြန်မာ့နိုင်ငံရေး အကြပ်အတည်းကို အဖြေရှာနိုင်မယ့် လမ်းစလား သို့မဟုတ် လက်နက်ကိုင် တိုက်ခိုက်မှုတွေနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ပိုမို အရှိန်မြင့်စေမယ့် နိုင်ငံရေး ဖြစ်ရပ်တခုလားဆိုတာ အခုချိန်မှာ မေးခွန်းတွေအဖြစ် ရှိနေပါတော့တယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar



Little Forest Journey - ကမ္ဘာ့ရောင်ဝါအမြုတေ ကာကွယ်သူ လူစွမ်းကောင်းကလေးများ

Little Forest Journey - ကမ္ဘာ့ရောင်ဝါအမြုတေ ကာကွယ်သူ လူစွမ်းကောင်းကလေးများ

မိုးမခ ၊ ဇွန် ၂၉ ၊ ၂၀၂၅


မင်္ဂလာပါ လူကြီးမင်းကလေးတို့ရေ...

Little Forest Journey ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်...

ကျန်းကျန်းမာမာ ဘေးကင်းကင်းနဲ့ ပြန်တွေ့ရလို့ ဝမ်းသာပါတယ်နော်..

ဒီတပတ်တော့ ‘ကမ္ဘာ့ရောင်ဝါအမြုတေ ကာကွယ်သူ လူစွမ်းကောင်းကလေးများ’ ဆိုတဲ့ သူရဲကောင်း လူကြီးမင်းကလေးတွေအကြောင်းကို ပြောပြချင်ပါတယ်...

ဟုတ်ပါပြီ... ‘ကမ္ဘာ့ရောင်ဝါအမြုတေ ကာကွယ်သူ လူစွမ်းကောင်းကလေးများ’ကို သွားတွေ့ကြရအောင်...

ချစ်စရာကောင်းတဲ့ လူကြီးမင်းကလေးတို့ရေ...

တစ်ခါကပေါ့ကွယ်... လူကြီးမင်းကလေးတို့ နေထိုင်နေတဲ့ ဒီကမ္ဘာမြေကြီးဟာ သိပ်ကို လှပသာယာပြီး သက်ရှိအားလုံး အေးချမ်းပျော်ရွှင်စွာ နေထိုင်ခဲ့ကြတယ်။ ဒါပေမဲ့ လူသားတချို့ရဲ့ မဆင်မခြင် ပြုမူမှုတွေ၊ လောဘတွေကြောင့် ‘အရိပ်ကပ်ဘေး’ လို့ ခေါ်တဲ့ ဆိုးရွားတဲ့ အမှောင်အင်အားစုကြီးတစ်ခု တဖြည်းဖြည်း ပေါ်ပေါက်လာခဲ့တယ်။ အဲဒီ ‘အရိပ်ကပ်ဘေး’ က ကမ္ဘာမြေကို ညစ်နွမ်းစေတယ်၊ သစ်ပင်တွေကို ခြောက်သွေ့စေတယ်၊ မြစ်ချောင်းတွေကို အဆိပ်သင့်စေပြီး လူတွေနဲ့ တိရစ္ဆာန်လေးတွေအတွက် အစာရေစာ ရှားပါး ငတ်မွတ်စေတယ်။ ကမ္ဘာကြီးရဲ့ အလှတရားနဲ့ သာယာအေးချမ်းမှုတွေ မှေးမှိန်လာခဲ့တာပေါ့ကွယ်။

အဲဒီအချိန်မှာပဲ ကမ္ဘာမြေရဲ့ မတူညီတဲ့ အရပ်ဒေသ သုံးခုမှာ နေထိုင်တဲ့ ကလေးငယ် သုံးယောက်ဆီကို ကမ္ဘာမြေကို ကယ်တင်ဖို့ ထူးခြားတဲ့စွမ်းအင်တွေ ရောက်ရှိလာခဲ့ပါတယ်။




Join Us @ MoeMaKa Telegram

t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar