စု ၆၆ သို့ ဦးဝင်းတင်ရဲ့ အမှတ်တရစကား (ပြန်လည်ဆန်းသစ်)
စု ၆၆ သို့ ဦးဝင်းတင်ရဲ့ အမှတ်တရစကား
မိုးမခ၊ ဇွန် ၁၇၊ ၂၀၁၁
ဒီနေ့ဟာ ဒေါ်စုရဲ့ ၆၆ နှစ်မြောက် မွေးနေ့ဖြစ်တယ်။ ဒီနေ့ဟာ ထူးခြားတဲ့နေ့လို့ပြောလို့ရတယ်။ ဘာကြောင့်လဲ ဆိုတော့ သည်လိုမွေးနေ့ မျိုး ကြုံခဲတယ်။ လွန်ခဲ့တဲ့ နှစ်တွေ၊ ၁၉၈၈ တုန်းက သူ့မွေးနေ့တွေ ကိုယ်တိုင်ရှိနေပြီး မလုပ်ခဲ့ဘူး။ နောက်ပိုင်းမှာလုပ်ပြန်တော့လည်း လူတွေကမစုံဘူး။ ထောင်ကျတဲ့သူတွေက ထောင်ကျနေ တော တွရှိတယ်။ အဲဒီနောက်ပိုင်းမှာလည်း ဒေါ်စုကိုယ်တိုင်က အချုပ်နှောင်ခံ နေရပြန်တော့ လည်း မွေးနေ့တွေဟာ သိုက်သိုက်ဝန်းဝန်းမဖြစ်ခဲ့ဘူး။ မွေးနေ့တွေဟာ ဒီတခါလို ဘယ်တုန်းကမှ အဆင်ပြေတာ မဖြစ်ခဲ့ဘူး။ ၆၆ နှစ်မြောက်မွေးနေ့မှာ ဒေါ်စုကိုယ်တိုင်ကလည်း အပြင်မှာလွတ်နေတယ်။ နောက်ပြီးတော့လည်း ဦးတင်ဦး တို့လို လုပ်ဖော်ကိုင်ဖက်တွေကလည်း အပြင်မှာရှိနေကြတဲ့အတွက် ဒီမွေးနေ့ပွဲဟာ ထူးခြားတယ်၊ အရေးကြီး တယ်လို့ ပြောလို့ရတယ်။
ပတ်ဝန်းကျင် ရပ်နီးရပ်ဝေးကို ကြည့်လိုက်ပြန်တော့လည်း အနုပညာသည်တွေ၊ မိတ်ဆွေတွေ၊ ရဲဘော်တွေ၊ အဖွဲ့အစည်းတွေ အားလုံးကလည်း အကုန်ဝန်းရံပြီး ကျင်းပကြတာဖြစ်လို့ ဒါကလည်း အရေးကြီးတဲ့အချက်တခု အနေနဲ့ ပြောချင်တယ်။
နောက်အရေးကြီးတဲ့ အချက်ကတော့ အခုအချိန်မှာ ဒေါ်စုရဲ့ အသက်က ၆၆ နှစ် ရှိပြီဆိုတော့ အသက်က ငယ်ရွယ်တဲ့အသက် မဟုတ်တော့ဘူး။ ၆၆ နှစ်ဆိုတဲ့ အရွယ်မှာ ဒေါ်စုရဲ့ နိုင်ငံရေးသြဇာအရှိန်အဝါဟာ အမြင့်ဆုံးကိုရောက်တယ်လို့ ပြောရမှာဖြစ်တယ်။ ၆၆ နှစ် ရောက်နေတဲ့ ဒေါ်စုရဲ့နိုင်ငံရေး သြဇာ၊ အရှိန်အဝါ နဲ့ နိုင်ငံရေးသိက္ခာဟာ အလွန်ကိုကြီးမားတဲ့အချိန် ကို ရောက်နေတယ်လို့ ပြောလို့ရ တယ်။ ဒေါ်စုအနေနဲ့သာမ က အင်န်အယ်ဒီပါတီအတွက်ပါ ဒီနေ့လို နိုင်ငံရေးအခြေအနေ၊ အချိန်အခါမျိုး အမြင့်မားဆုံး မရှိခဲ့ဖူးဘူးလို့ ပြော လို့ရတယ်။
နောက်တချက်ပြောချင်တာကတော့ ဒေါ်စုရဲ့ နိုင်ငံရေးမူဝါဒတွေ၊ နိုင်ငံရေးအစီအစဉ်တွေဟာ ခုချိန်မှာ အတိအ ကျကို ချမှတ်ပြီးသားဆိုတဲ့ အနေအထားမှာ ရှိနေပြီဖြစ်တယ်။ ခိုင်ခိုင်မာမာကို ချမှတ်ထားပြီးသား ဖြစ်တယ် လို့ ပြောလို့ရတယ်။ အရင်တုန်းကလို နိုင်ငံရေးမူဝါဒတွေ အစီအစဉ်တွေဟာ အမျိုးမျိုးပြောင်းလဲနေရတဲ့ အခြေအနေမျိုးတွေ မဟုတ်တော့ဘူး။ ဘာတွေလဲဆိုတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့လမ်းစဉ်ကို ခိုင်ခိုင်မာမာ ကိုင်စွဲတာဖြစ်တယ်။ ဒါကို အကောင်အထည်ဖော်ကြတဲ့နေရာမှာလည်း အကြမ်းဖက်တဲ့နည်းကို မကျင့်သုံးဘူး၊ ငြိမ်းချမ်းတဲ့နည်းကို ကျင့်သုံးမယ်ဆိုပြီးချမှတ်ထားတာ ဖြစ်တယ်။
အကြမ်းဖက်နည်းကို ကျင့်သုံးမယ်ဆိုရင် တမျိုးသားလုံးမှာ ခေတ်အဆက်ဆက် ထိခိုက်ကျဆုံးမှုတွေ အမြဲဖြစ်နေတော့မယ်။ ဒါကြောင့် နိုင်ငံရေးလမ်းစဉ်မှာ ငြိမ်းချမ်းတဲ့နည်းနဲ့ပဲ တောင်းဆိုသွားမယ်လို့ ခိုင်ခိုင်မာမာ ချမှတ်ထားတာ ဖြစ်တယ်။
အခုအချိန်မှာ ပြောချင်တာတခုကတော့ ဒေါ်စုရဲ့ စည်းရုံးရေးစွမ်းရည်ဖြစ်တယ်။ ခုချိန်မှာ စည်းရုံးရေး အင်အားေ တွ အများကြီး တိုးလာတယ်။ ဘာလဲဆိုတော့ ကွန်ယက်တွေ ဖြစ်ပေါ်လာတာ ဖြစ်တယ်။ ကွန်ယက်ဆိုတာက အင်န်အယ်ဒီမဟုတ်ဘူး၊ အင်န်အယ်ဒီက ဦးဆောင်တာလည်း မဟုတ်ဘူး။ လူထုဟာ သူ့ဘာသာသူ လုပ်ငန်း စဉ်အလိုက် နိုင်ငံရေးအလိုက် စုစည်းပြီး လှုပ်ရှားလာခြင်း ဖြစ်တယ်။ လူထုတွေထဲမှာ လူငယ်တွေက အများကြီးသဘောပေါက်ပြီးတော့ လှုပ်ရှားလာကြတာကို တွေ့ရတယ်။ ပြီးတော့ ဒေါ်စုရဲ့ စည်းရုံးရေးအားဟာ ဒီကွန်ယက်တွေကို သီးခြားဆီ တကွဲတပြား ဖြစ်မသွားစေဘဲနဲ့ ဒေါ်စုနဲ့ အန်အယ်ဒီအစုအဖွဲ့တွေနဲ့လည်း ချိတ် ဆက် လက်တွဲဆောင်ရွက်တာတွေလည်း ဖြစ်ပေါ်လာတယ်။ ဒီလိုမျိုး စည်းရုံးရေးအားကလည်း ဘယ်တုန်းကမှ မကြုံဖူးတဲ့ အနေအထားနဲ့ အမြင့်ဆုံးကို ရောက်လာတယ်လို့ ပြောလို့ရတယ်။
ဒါကြောင့်မို့လို့ ဒေါ်စုရဲ့ ၆၆ နှစ်မြောက်ကာလမှာ ဒီအချက်တွေဟာ ထူးခြားတဲ့ကာလ၊ အရေးကြီးတဲ့ကာလနဲ့ အခြေအနေ၊ အရှိန်သြဇာတွေဖြစ်တယ်လို့ ကျနော်ကတော့ ပြောချင်ပါ တယ်။
ဒါကြောင့်မို့လို့ ဒီမွေးနေ့ကနေ ဆက်ပြီးတော့ စည်းရုံးရေးအင်အားတွေ၊ နိုင်ငံရေးအင်အားတွေကို ဒေါ်စုဟာ ညှိနှိုင်း ရယူပြီးတော့၊ အရှိန်တွေ မြှင့်တင်သွားပြီးတော့ နောက်လာမယ့် ရှေ့ ၂ နှစ် ၃ နှစ်အတွင်းမှာ နိုင်ငံရေး လုပ်ငန်းစဉ်တွေ၊ အကျိုးသက်ရောက်မှုတွေကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင်လိမ့်မယ်လို့ ကျနော်တို့ ပြောလို့ရတယ်။
ဘာကြောင့်လဲဆိုတော့ နောက် ၃၊ ၄ နှစ်မှာ ဒေါ်စုဟာ ၇၀ ပိုင်းရောက်ပြီ။ အခုဆိုရင်တောင် ၆၆နှစ်ဆိုတဲ့ အရွယ်ဟာ မြန်မာပြည်မှာဆိုရင် အဖွားကြီးအရွယ်ပဲ။ ဒီအရွယ်တွေကို ဒေါ်စုဟာ ဖြတ်သန်းရတော့မယ်။ ဒါကို ဖြတ်သန်းပြီးတော့ ဒေါ်စုဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပတ်သက်လို့၊ လူထုစည်းရုံးရေးနဲ့ ပတ် သက်လို့ အဖက်ဖက်ကခေါင်းဆောင်တွေနဲ့ စည်းလုံးညီညွတ်ရေး တည်ဆောက်တာနဲ့ပတ်သက်လို့ ဒေါ်စုဟာ အကောင် အထည်ဖော်နိုင်မယ်ဆိုရင် ဒေါ်စုရဲ့အရေးပါမှု၊ နိုင်ငံရေးအောင်မြင်မှုဟာ အကြီးဆုံးဖြစ်လိမ့်မယ်လို့ ယူဆ ပါတယ်။
နောင်လာမယ့် ၃၊ ၄ နှစ်အတွင်းမှာ မြန်မာပြည်တဝှမ်းလုံး၊ တမျိုးသားလုံးအတွက် ဒေါ်စုက လူထုအားလုံးနဲ့ လက်တွဲပြီး ငြိမ်းချမ်းရေး၊ သင့်မြတ်ရေး၊ စည်းလုံးရေးကို အောင်မြင်အောင် လုပ်ဆောင်နိုင်လိမ့်မယ်လို့ ကျနော်တို့က ယုံကြည်တယ်။
နောက် ဆန္ဒပြုချက်ကတော့ ဒေါ်စုဟာ ကျန်းကျန်းမာမာနဲ့ ဦးဆောင်မှုပေးနိုင်ပါစေ၊ စည်းရုံးညီညွတ်မှုအားကို အကောင်အထည်ဖော်နိုင်ပါစေ၊ လက်ရှိခေါင်းဆောင်တွေ၊ ပါတီခေါင်းဆောင်၊ ပြည်သူခေါင်းဆောင်တွေ၊ ၊တိုင်းရင်းသားခေါင်းဆောင်တွေ၊ လူငယ်ခေါင်းဆောင်တွေနဲ့လက်တွဲပြီး ဆက်စပ်ညှိနှိုင်းပြီးတော့ အောင်မြင်အောင် ဆောင်ရွက်နိုင်ပါစေလို့ ကျနော့်အနေနဲ့ ဆန္ဒပြုလိုက်ပါတယ်။
-
Join Us @ MoeMaKa Telegramt.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar