Breaking News

ဆောင်းဝေ (နတ်မောက်) - နှင်းဆီ ၈၀

 
နှင်းဆီ ၈၀
ဆောင်းဝေ (နတ်မောက်)
 (မိုးမခ) ဇွန် ၁၇၊ ၂၀၂၅
 
အောက််စ်ဖို့ကျောင်းဝန်းထဲမှာ
ရဲရဲနီနေခဲ့တဲ့ နှင်းဆီလို ကျောင်းသူတစ်ယောက်၊
တက္ကသိုလ်ရိပ်သာလမ်းက အိမ်မှာ
စန္ဒယားတစ်လုံး၊ နှင်းဆီတစ်ပွင့်နဲ့
ဝင့်ကြွားနေခဲ့တဲ့ မိန်းမတစ်ယောက်။
 
သန်း ၅၀ လုံးအပေါ်မှာတောင် မေတ္တာထားနိုင်ခဲ့သေးတာပဲ၊
ကျွန်မယောကျာ်း ‘မိုက်ကယ်အဲရစ်’ အပေါ်
မေတ္တာမမျှပဲ နေပါ့မလား။
တိုင်းပြည်တစ်ခုလုံးကိုတောင် ချစ်ပြနိုင်ခဲ့သေးတာပဲ၊
ကျွန်မသားလေး ‘ကင်အဲရစ်’ ကို မချစ်ပဲနေပါ့မလား။
 
အချစ်ဆိုတာ
ရွေးချယ်မှုရဲ့ ရေသောက်မြစ်ပဲ၊
အဲဒီချစ်တဲ့စိတ်နဲ့ပဲ
လန်ဒန်မြို့ အိမ်ပေါ်ကနေ ကျွန်မ ဆင်းလာခဲ့တာ။
 
ကျွန်မမှာ ပိုင်ဆိုင်တာဆိုလို့
ချစ်ခြင်းမေတ္တာ၊ ဉာဏ်ပညာနဲ့
နှင်းဆီတစ်ပွင့်ပဲ ရှိတာပါ။
 
သေနတ်ကိုင်ထားသူတွေရဲ့ ရှေ့မှာ၊
ဒါမှမဟုတ် ထောင်ထဲမှာ၊
ဒါမှမဟုတ် ကမ္ဘာကြီးရဲ့ ရှေ့မှာ၊
ကျွန်မမှာ လူသေစေနိုင်တဲ့
ဘာလက်နက်ရယ်လို့မှ မရှိခဲ့ပါဘူး၊
ကျွန်မမှာ ပိုင်ဆိုင်တာဆိုလို့
နှင်းဆီပန်းတစ်ပွင့်ပဲ ရှိခဲ့တာပါ။
နှင်းဆီကို ပန်ထားရင်းနဲ့
ကျွန်မဘဝထဲ မုန်တိုင်းများ အကြိမ်ကြိမ်ကျခဲ့၊
နှင်းဆီကို နမ်းနေရင်းနဲ့
ကျွန်မ ထောင်အကြိမ်ကြိမ်ကျခဲ့၊
နှင်းဆီကို ဖွကိုင်နေရင်း
ကျွန်မကို အကြိမ်ကြိမ်လုပ်ကြံခဲ့၊
လမ်းခရီးတလျှောက် သွေးအလိမ်းလိမ်းကျခဲ့၊
ဘယ်တေ့ာမှ ထွက်မပြေးခဲ့တဲ့ နှင်းဆီတွေ
ဘယ်တေ့ာမှ မငိုခဲ့ကြတဲ့ နှင်းဆီတွေ
အဲဒါနဲ့ ကျွန်မလည်း
နှင်းဆီကို ဆက်ပြီးပန်ထားဖြစ်ခဲ့တယ်။
ကျွန်မဟာ
ရု(ဒ်)ယတ်ကစ်ပလင်းရဲ့ ‘အကယ်၍ (If)’ ဆိုတဲ့ကဗျာကို ရွတ်ခဲ့၊
‘အရှုံးမပေးနဲ့ မိငယ်’ သီချင်းကို ဆိုခဲ့၊
တောင်းစုတ်ပလုံးစုတ်ကိုသာ ပစ်ရိုးထုံးစံရှိတယ်
ရှင်တို့ကို ပစ်ထားခဲ့ဖို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့၊
ပြီးတေ့ာ ‘မလုပ်ရဲတာ ဘာမှမရှိဘူး’ ဆိုတဲ့ သူတွေရှေ့မှာလည်း
နှင်းဆီတစ်ပွင့်ပန်ပြီး
ရှင်တို့အတွက် မားမားမတ်မတ် ရပ်နေခဲ့တာပေါ့။
 
သူတို့ဟာ
နှင်းဆီက လှတာကို မသိကြဘူး
သူတို့သိတာက
နှင်းဆီမှာ ဆူးတွေနဲ့။
သူတို့က
နှင်းဆီပင်ဆိုပြီး ကျွန်မကို ခုတ်လှဲချင်ကြတယ်
သူတို့မသိတာက
ရနံ့ဆိုတာ လေထဲမှာ ကျန်ခဲ့တာ။
 
ကျွန်မ စဉ်းစားနေတာက
လွတ်လပ်ပြီး တိုးတက်တဲ့တိုင်းပြည်တွေ
ဘယ်လိုစဉ်းစားကြသလဲဆိုတာ
ရှင်းပြဖို့။
 
ကျွန်မ တွေးနေတာက
ပညာတတ်တွေ ဘယ်လိုတွေးကြသလဲဆိုတာကို
ပြောပြဖို့။
 
ကျွန်မကတေ့ာ အေးအေးဆေးဆေးပဲ။
အသက် ၈၀ မှာ
ကမ္ဘာကြီးကို နှစ် ၈၀ စာလောက် အကျောပေးထားလိုက်မယ်ပုံစံနဲ့ အေးဆေး၊
နိုင်ငံပေါင်း ၈၀ ရဲ့ သမိုင်းကို ပြောပြရမလားဆိုတဲ့ တက်ကြွမှုနဲ့ အေးဆေး။
အသက် ၈၀ မှာ
စာအုပ် ၈၀ အလွတ်ရွတ်ပြရမလား အထာနဲ့
လူငယ်တွေရဲ့ လက်ထဲက မြို့ ၈၀ လို အေးဆေး၊
မိုင် ၈၀ မက နှင်းဆီရနံ့တွေ လွင့်ပျံနေသလို အေးဆေး။
 
အသက် ၈၀ မှာ
ရှင်တို့ကို ချစ်နေမှန်းသိနေတေ့ာ
ချစ်ရဲ့လားလို့ မေးလာမှာလည်းမဟုတ်တေ့ာ
ကျွန်မက အေးဆေးပဲ။
ရှင်တို့ကို ချစ်တဲ့စိတ်နဲ့ အေးအေးဆေးဆေးပဲ။ ။

June,11,2025
 
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar