Breaking News

နေ့စဥ်ရက်ဆက် လေကြောင်းတိုက်ခိုက်မှုတွေမှာ သေဆုံးနေရတဲ့ အရပ်သားတွေ

မြန်မာနွေဦးခရိုနီကယ် - ဇူလိုင် ၁၁ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၁၂၊ ၂၀၂၅

နေ့စဥ်ရက်ဆက် လေကြောင်းတိုက်ခိုက်မှုတွေမှာ သေဆုံးနေရတဲ့ အရပ်သားတွေ

စစ်ကောင်စီရဲ့ နေ့စဥ် စစ်လေယာဥ်နဲ့ ဗုံးကြဲတာ၊ ပစ်ခတ်တာတွေက ခုသီတင်းပတ်တွေမှာ ပိုမိုအကြိမ်ရေ စိပ်လာပြီး အရပ်သားသေဆုံးမှုတွေလည်း ပိုပြီးမြင့်တက်လာနေတာ ဖြစ်ပါတယ်။ အရပ်သားသေဆုံးမှု အနည်းဆုံး ၁ ယောက် ကနေ ၃ ယောက်လောက်ကနေ အချို့ဖြစ်ရပ်တွေမှာ အရပ်သား ဆယ်ဂဏန်းနဲ့ ချီသေဆုံးတဲ့ အဖြစ်တွေက ကြိုကြားကြိုကြား ဖြစ်ပွားလာနေတာ ဖြစ်ပါတယ်။

ဇူလိုင် ၁၁ ရက်နေ့ နံနက်ပိုင်းမှာ လင်းတလူး ကျေးရွာက စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ ဘုန်းကြီးကျောင်း ကို စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးကြဲခဲ့ရာမှာ စစ်ဘေးရှောင် ၃၀ ဝန်းကျင် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၅၀ ကျော် ရှိခဲ့ပါတယ်။ ဒီဖြစ်ရပ်က မကြာသေးခင်လတွေက ဖြစ်ခဲ့တဲ့ အိုးတိန်တွင်း၊ လက်ပန်လှ တို့ပြီးနောက်မှာ အသေအဆုံးများတဲ့ လေကြောင်းတိုက်ခိုက်မှုတခု ဖြစ်ပါတယ်။ အခု နောက်ဆုံးဖြစ်ပွားတဲ့ လင်းတလူး ကျေးရွာဟာ စစ်ကိုင်းမြို့နယ်ထဲက ကျေးရွာတရွာဖြစ်ပြီး စစ်ကိုင်းနဲ့ ရွှေဘိုသွားတဲ့ ကားလမ်းအနီး စစ်ကိုင်းကနေ ရွှေဘိုသွားတဲ့ ကားလမ်းခရီးမှာ ဆားတောင် မရောက်မီ လမ်းခွတ်လပ်မှာရှိတဲ့ ကျေးရွာတရွာဖြစ်ပါတယ်။

အနီးအနားကျေးရွာတွေက စစ်ဘေးရှောင်သူတွေ လင်းတလူး ကျေးရွာဘုန်းကြီးကျောင်းမှာ လာရောက် တိမ်းရှောင်နေစဥ်မှာ အခုလို ဘုန်းကြီးကျောင်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုမှာ စစ်ဘေးရှောင် ၃၀ ဝန်းကျင် သေဆုံးရတဲ့ အဖြစ်ဆိုးနဲ့ ကြုံတွေ့ရတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်က မြေပြင်မှာ မစိုးမိုးနိုင်တော့တဲ့ အခါ PDF တွေ၊ ပကဖတွေ ရှိတဲ့နေရာကို သတင်းထောက်လှမ်းပြီး လေကြောင်းဗုံးကြဲတာတွေ မြန်မာနိုင်ငံအနှံ့အပြားမှာ နေ့စဥ် လုပ်ဆောင်နေတာဖြစ်ပါတယ်။ ဇူလိုင် ၁၁ ရက်နေ့မှာပဲ ရှမ်းမြောက်က နောင်ချိုနဲ့ ကျောက်မဲမြို့တို့မှာလည်း လေကြောင်းဗုံးကြဲခံရတဲ့ သတင်းတွေ ကြားသိနေရတာပါ။ ကျောက်မဲမြို့အနီးက ကျေးရွာတရွာမှာရှိတဲ့ ကောလီဟိုတယ် နဲ့ နောင်ချိုမြို့တွေမှာ စစ်ကောင်စီက ဗုံးကြဲခဲ့ပါသေးတယ်။ နောင်ချိုမြို့က TNLA နဲ့ စစ်ကောင်စီတပ်အကြား လက်ရှိတိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေတဲ့ နေရာဖြစ်ပေမယ့် ကျောက်မဲမြို့က တိုက်ပွဲဖြစ်ပွားနေတဲ့ အနေအထားမဟုတ်ပါဘူး။

စစ်ကောင်စီအနေနဲ့ ၄င်းတို့ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်လေ့ မရှိဘဲ အများအားဖြင့် နှုတ်ဆိတ်နေပြီး တိုက်ခိုက်မှုတွေလုပ်ဆောင်နေတာ ဖြစ်ပါတယ်။ တိုက်လေယာဥ်၊ ရဟတ်ယာဥ်ပျက်ကျတဲ့ဖြစ်စဥ်တွေမှာတောင် လေ့ကျင့်ပျံသန်းတယ်ဆိုတဲ့ အသုံး အနှုန်းနဲ့ ဖုံးကွယ်ထုတ်ပြန်လေ့ရှိပါတယ်။ ဒါပေမယ့် တနိုင်ငံလုံးက ထိခိုက်သေဆုံးမှုတွေဟာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးပျက်စီးရတာကို သိရှိကြပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတိုင်းမှာ အရပ်သားတွေချည်း သေဆုံးတာမျိုးတော့ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ ဒီနယ်မြေတွေကိုထိန်းချုပ်ထားတဲ့ လက်နက်ကိုင်အဖွဲ့တွေ ခေတ္တခဏ သို့မဟုတ် ဒီထက်အချိန်ပိုကြာရှည်တဲ့ စခန်းချတာမျိုးသော်လည်းကောင်းကို သတင်းအချက်အလက် စုဆောင်းပြီး တိုက်ခိုက်တာမျိုးလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ စစ်ကောင်စီ အနေနဲ့ တိုက်ခိုက်မယ့် နေရာပစ်မှတ်တွေက စာသင်ကျောင်းလား၊ ဘာသာရေးအဆောက်အဦလား အရပ်သား ရှိမရှိတို့ကို စေ့ငုခြင်း မပြုပဲ တဖက် လက်နက်ကိုင် အဖွဲ့ကို ခြောက်ခြားအောင် သို့မဟုတ် ရပ်ရွာလူထုကို လက်နက်ကိုင်တပ်ဖွဲ့တွေ စတည်းချလာရင် လေကြောင်းတိုက်ခိုက်မှုခံရနိုင်တယ်ဆိုတဲ့ သတင်းစကား ပေးချင်တဲ့ ရည်ရွယ်ချက်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

လက်နက်ကိုင် တော်လှန်ရေး ၄ နှစ်ကျော် ၅ နှစ်ထဲဝင်လာချိန်မှာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေက စတင်ခဲ့စဥ်ကာလထက် ၄/၅ ဆ မကမြင့်တက်လာနေပြီး ထိခိုက်သေဆုံးမှုတွေလည်း အဆို ပါအချိုးအစားအတိုင်း သိသာစွာ များပြားလာနေတာ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ လေကြောင်းတိုက်ခိုက်မှုတွေမှာ အရပ်သား ထိခိုက်သေဆုံးမှု လျော့ကျအောင် နည်းလမ်းတွေ မရှိတော့ဘူးလား ဆိုတဲ့ မေးခွန်းလည်း ပေါ်ထွက်လာပါတယ်။

နေ့စဥ် အရပ်သားထိခိုက်သေဆုံးမှုတွေကို သတင်းထုတ်ပြန်ပေးနေခြင်းက စစ်ကောင်စီကို လူထုအနေနဲ့ ပိုမိုနာကျည်းစိတ် ဖြစ်လာစေတာမှန်ပေမယ့်လည်း တခြားတွေးစရာက ဘယ်လိုကာကွယ် သို့မဟုတ် လျှော့ချကြမလဲဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။

ပထမနည်းလမ်းတခုက စစ်လေယာဥ်ရဟတ်ယာဥ်တွေကိုပစ်ခတ်နိုင်ဖို့ နည်းလမ်းဖြစ်ပြီး ဒုတိယနည်းလမ်းကတော့ ပစ်မှတ်ဖြစ်နိုင်ချေရှိတဲ့နေရာတွေမှာ လူအများစုဝေးနေထိုင်တာမျိုး မလုပ်ဖို့၊ ဗုံးခိုကျင်းတွေဆောက်လုပ်ပြီး လေယာဥ်လာချိန်မှာ ဗုံးခိုကျင်းထဲမှာ တိမ်းရှောင်ဖို့ဆိုတဲ့ နည်းလမ်းဖြစ်ပါတယ်။

ပထမနည်းလမ်း ဖြစ်တဲ့ လေကြောင်းရန် ကာကွယ်ရေး လက်နက်ခဲယမ်းတွေ ရဖို့က စိမ်ခေါ်မှု ကြီးမားစွာ ရှိနေတာ ဖြစ်ပါတယ်။ တိုက်လေယာဥ်လိုမျိုးကို ပစ်ခတ်နိုင်တဲ့ MPAD ပုခုံးထမ်း ပစ်ခတ်တဲ့လက်နက်မျိုးက မှောင်ခိုစျေးကွက်မှာဝယ်ယူဖို့ မလွယ်ကူသလို တန်ဖိုးလည်းကြီးတာကြောင့် အခွန်အကောက်၊ အလှူငွေနဲ့ ရပ်တည်နေရတဲ့ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ မတတ်နိုင်ကြတဲ့ အနေအထားဖြစ်ပါတယ်။ ရံပုံငွေတောင့်တင်းပြီး သက်တမ်းရှည်ကြာတဲ့ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အချို့ပင်လျင် အနည်းအကျဥ်းသာဝယ်ယူနိုင်ပြီး ပေါပေါသီသီသုံးနိုင်ဖို့မလွယ်ကူတဲ့ အနေ အထားဖြစ်ပါတယ်။

အခုကာလမှ ဖွဲ့စည်းပေါ်ထွက်လာတဲ့ PDF လက်နက်ကိုင်အဖွဲ့တွေအနေနဲ့တော့ ပွိုင့် ဖိုက်လို့ခေါ်ကြတဲ့စက်သေနတ်အကြီးစားလောက်သာ ဝယ်ယူတပ်ဆင်နိုင်ကြပြီး ဒီလက်နက်ကလည်း ရဟတ် ယာဥ်လောက်သာ သတ်မှတ်အကွာအဝေးထိဝင်လာရင် ပစ်ခတ်နိုင်တဲ့လက်နက်ဖြစ်ပါတယ်။ ပွိုင့်ဖိုက်လက်နက်ကျည်လိုမျိုးကိုလည်း မှောင်ခိုဈေးကွက်မှာ ဈေးကြီးပေးဝယ်ရတာကြောင့် များများစားစား ပစ်ခတ်နိုင်ခြင်းမရှိတဲ့အခြေအနေမျိုးဖြစ်ပါတယ်။ ဒါကြောင့် လေကြောင်းရန် ကာကွယ်ရေးက လေယာဥ်တက်လာပြီး ဦးတည်ရာအရပ်ကိုမှန်းဆကာ လက်နက်ကိုင်တပ်ဖွဲ့အချင်းချင်း၊ လွတ်မြောက်နယ်မြေတခုနဲ့တခု သတင်းအချက်အလက်ဖလှယ်ကာ ထိခိုက်မှုနည်းအောင် ပုန်းခိုဖို့ အသိပေးတဲ့စနစ်သာ လောလောဆယ်မှာလုပ်ကိုင်နေကြရတာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ လေယာဥ်နဲ့ ရဟတ်ယာဥ် ၁၀ စီးလောက် ပစ်ချခံရတာ၊ ပျက်ကျတာတွေ ရှိခဲ့ပါတယ်။ အချို့ပျက်ကျမှုတွေက ပစ်ချမှုကြောင့် ဖြစ်ပေမယ့် အချို့ပျက်ကျတာတွေက စက်ချို့ယွင်းမှု၊ ရာသီဥတုနဲ့လေယာဥ်မှူးရဲ့ အမှားအယွင်းကြောင့် ဖြစ်ကြပါတယ်။ စစ်ကောင်စီရဲ့လေတပ်အင်အား အစီး ၂၀၀ ဝန်းကျင် အနက် ၄ နှစ်ကျော်အတွင်း ၁၀ စီးခန့်ဆုံးရှုံးခြင်းက အဆုံးအဖြတ်ပေးနိုင်တဲ့ပမာဏတော့မဟုတ်သေးဘူးလို့ဆိုရမှာ ဖြစ်ပါတယ်။

ထိခိုက်သေဆုံးမှု နည်းအောင် ဒုတိယနည်းလမ်းအနေနဲ့ ပုံးခိုတိမ်းရှောင်တဲ့နည်းလမ်းမှာ ကျေးရွာတွေအနေနဲ့ စာသင်ကျောင်း၊ ဆေးရုံ၊ ဘုန်းကြီးကျောင်းတို့လိုမျိုးမှာ စစ်ဘေးရှောင်သူတွေ စုဝေးနေထိုင်ကြတာမျိုးမလုပ်ဖို့ နှိုးဆော်တာ၊ ပညာပေးတာ၊ စီမံကွပ်ကဲတာကို အဆိုပါဒေသတွေကို ထိန်းချုပ်ထားတဲ့ အဖွဲ့အစည်းအုပ်ချုပ်နေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ တာဝန်ရှိယူဆောင်ရွက်တဲ့ နည်းဖြစ်ပါတယ်။

စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းလို လူများများခိုလှုံနိုင်တဲ့အမိုးအကာရှိတဲ့နေရာတွေမှာ စစ်ဘေးရှောင်တွေမနေရဘူးဆိုရင် ဘယ်လိုနေရာမျိုးတွေမှာနေထိုင်ရမလဲဆိုတာနည်းလမ်းကြံဆကြဖို့လိုအပ်ပါတယ်။ နောက်တချက်က အဆိုပါ နေရာတွေမှာ စစ်ဘေးရှောင်တွေ ရပ်ရွာလူထုတွေ စုဝေးနေထိုင်ကြတာမျိုးမှာ အဆိုပါဒေသကိုထိန်းချုပ်ထားတဲ့လက်နက်ကိုင်အဖွဲ့အစည်းနဲ့အာဏာ ပိုင်အဖွဲ့အစည်းတွေပါ အဲဒီနေရာတွေမှာ အခြေချနေထိုင်တာမျိုး မလုပ်ဆောင်ကြဖို့ ဖြစ်ပါတယ်။

စာသင်ကျောင်းတွေ ဆေးရုံတွေမှာ လက်နက်ကိုင် အဖွဲ့တွေ စခန်းမချဖို့ ဝင်ရောက်တပ်စွဲခြင်း မပြုဖို့ နိုင်ငံတကာသဘောတူညီချက်တွေမှာ သတ်မှတ်ထားကြပေမယ့် မြန်မာနိုင်ငံလိုမျိုးမှာသိရှိလိုက် နာဖို့ခက်ခဲနေတဲ့အခြေအနေလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဗီလိန် စစ်တပ်ဖြစ်တဲ့ စစ်ကောင်စီရဲ့ တပ်ကတော့ စာသင်ကျောင်း၊ ဆေးရုံ နဲ့ ဘုန်းကြီးကျောင်းပင်ဖြစ်စေ ၄င်းတို့ တိုက်ခိုက်ပစ်ခတ်ဖို့ ဝန်လေးခြင်း ရှိမှာ မဟုတ်လို့ တော်လှန်ရေးအင်အားစုတွေ ဘက်က အရပ်သား လူထုတွေ ထိခိုက်သေဆုံးမှု နည်းပါးအောင် အထက်ပါနေရာတွေမှာ စခန်းချတာ၊ စုဝေးတာတွေ မလုပ်ဖို့လည်း ကျယ်ကျယ်ပြန့်ပြန့် ညွှန်ကြားဖို့ လိုအပ်ပါလိမ့်မယ်။

ချုံ့ဆိုရရင် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှု များပြားမြင့်တက်လာတာဟာ စစ်ကောင်စီ ဆန့်ကျင်ရေး ဝါဒဖြန့်မှုအတွက် အထောက်အကူပြုကောင်း ပြုနိုင်ပေမယ့် တော်လှန်ရေးအင်အားစုတွေ အနေနဲ့ အရပ်သားထိခိုက်မှု နည်းပါးအောင် တတ်နိုင်သရွေ့ နည်းလမ်းရှာ လုပ်ဆောင်ပေးဖို့ လိုအပ်နေတာလည်း ဖြစ်ပါတယ်။

-

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar