ကိုအောင်မှိုင်း - ယုန်ရေ ငါမယုံဘူး
မိုးမခ ၊ ဇွန် ၃ ၊ ၂၀၂၅
စိတ်ပျက်စရာတွေကြားက
အသက်ရှူရပ်မသွားအောင်
ကြိုးစားနေရတဲ့ ကာလမှာ
ခင်ဗျားတို့ ရက်စက်ကြတယ်
ကမ္ဘာကြီးကို အပြားကြီးလို့
အတင်းယုံခိုင်းနေကြတယ်။
တချို့ကလည်း
နေက အနောက်ကထွက်တာပါလို့
အတင်းယုံခိုင်းပြန်တယ်
ခင်ဗျားတို့ တအားလွန်လွန်းနေပြီ။
တချို့ကလည်း
ဧရာဝတီမြစ်ဆိုတာ
တောင်ဘက်က မြောက်ဘက်ကိုစီး
မေခေ မလိခထဲ စီးဝင်တာလို့
အတင်းယုံခိုင်းပြန်တယ်
အသက်ရှူရတာ သိပ်ကိုကြပ်တယ်။
ကျနော်က ပြောတယ်
စကြဝဠာ အစဆိုတာ
မြန်မာပြည်ကပါ ဆိုတော့
သူတို့ ယုံကြတယ်လေ
မယုံရင်လဲ မတတ်နိုင်ဘူး
မယုံဘူးဆိုတဲ့ စကားက
အခုခေတ်မှာ ပြစ်ဒဏ်သင့်နေတယ်။
မယုံရင် ပုံပြင်မှတ်ဆိုတာ
ခေတ်ကုန်သွားပြီလေ
မယုံရင် သေနတ်ကြည့်ဆိုတဲ့
ခေတ်ကို ရောက်နေပြီ
ဘယ်သူပြောပြော ယုံတယ်ဗျာ
ဘာအကြောင်းပြောပြော ယုံတယ်ဗျာ။
ကျနော့်အိမ်မှာ
ယုန်တကောင် မွေးလိုက်တယ်
သူတကောင်ကိုပဲ မယုံကြောင်း ပြောမိတယ်
ယုန်ရေ ငါ မယုံဘူး။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar