ခေါင်းကြီး - ငါတို့ဗိုလ်ချုပ်သာ ရှိနေခဲ့ရင်
ခေါင်းကြီး - ငါတို့ဗိုလ်ချုပ်သာ ရှိနေခဲ့ရင်
မိုးမခ ၊ ဇူလိုင် ၁၉ ၊ ၂၀၂၅
*(၁၉၄၇)ခုနှစ် ဇူလိုင်တစ်ဆယ့်ကိုး...
ဖြေမဆည်နိုင်တဲ့ အဖြစ်ဆိုးကြောင့်...
မျက်ရည်မိုးတွေ ဖြိုင်ဖြိုင်ကျ...
သက်ပြင်းခိုးတွေ လှိုင်လှိုင်ချလို့...
ညှိုးငယ်လှစွာနဲ့ ပြည်သူတစ်ရပ်လုံး ငေးမှိုင်ပူဆွေး...
စိတ်ဓာတ်နဲ့မျှော်လင့်ချက်တွေ ယိမ်းယိုင်ရင်လေးခဲ့ရပြီး...
အခြေမခိုင် မပျော်နိုင်ခဲ့ကြတာ အဟုတ်အမှန်ပဲမို့...
"နိုင်ငံတော်လုပ်ကြံမှုကြီး" ဖြစ်ခဲ့ပါတယ်လို့...
နာကြည်းစွာနဲ့ ကမ္ပည်းမှတ်တမ်းတင်ရစ်ခဲ့ကြတာ...
နှစ်ပေါင်း (၈၀) နီးပါး ကြာသွားခဲ့ပေမဲ့လည်း...
အခုအချိန်ကာလတွေ အဆုံးထိ မမေ့နိုင်ကြဆဲ...
ပြည်သူ့နှလုံးအိမ်ထဲမှာ ကြိမ်မီးအုံးသလို ဖြစ်နေရတုန်းပါပဲ...
အထူးသဖြင့် အခုလိုအချိန်အခါ အခြေအနေ...
နွေဦးရက်ရှည် အခက်ပွေနေကြတဲ့ နေ့ညများစွာမှာပေါ့...။
*(၁၉၆၂) ခုနှစ်မှစလို့ (၂၀၂၅)ခုနှစ်အထိ...
ကံဆိုးမ သွားလေရာ မိုးလိုက်လို့ရွာ...
ပြည်မြန်မာနာချက်က အမှန်အကန်မသက်သာ...
ရက်စက်လှတဲ့ ကံကြမ္မာကို ရိုးမယ်ဖွဲ့ပြောရရင်ဖြင့်...
အာဏာရှင်စနစ်ဆိုးအသွယ်သွယ်ရဲ့ မိစ္ဆာအကျင့်မျိုး...
ဖက်ဆစ်မိုးတွေ အညှိုးကြီးစွာ မပြီးဆုံးနိုင်အောင်ရွာ...
မညှာမတာအမုန်းတွေဖက် ညှဉ်းပန်းနှိပ်စက်ခဲ့ကြလို့...
မမြင်ရက်မကြည့်ရက် မကြားရက်နိုင်စွာ...
ကရုဏာသက်စရာ မျက်နှာမွဲပြည်သူတွေခမျာ...
ဒုက္ခငရဲတွေချည်းသာ အသည်းအသန် လှိမ့်ပိတ်ခံနေရလည်း...
အမြဲအသံထွက် ညည်းညူမနေနိုင်ကြရှာဘဲ...
ဗုန်းဗုန်းလဲကျလုမတတ် စုတ်ပြတ်သတ်နေတဲ့ ကျွန်ဘဝတွေနဲ့...
ထာဝရ ခေါင်းမဖော်နိုင်ကြတာ သရုပ်အမှန်ချည်းပဲမို့...
"နိုင်ငံတော်လုပ်ကြံမှုကြီး" များစွာအဖြစ် နာမည်ဆိုးတွင်ရစ်အောင်...
ချစ်ခြင်းမေတ္တာမပါ ကိုယ်ချင်းစာတရားမရှိ...
အခုကာလအထိ ပကတိ ဖောက်ပြားကျူးလွန်နေကြဆဲ...
ဘီလူးသရဲစီးနေကြတဲ့ သဘောသာမှတ်...
လောဘဇောကပ် အတောမသတ်နိုင်ကြသေးတာကို...
ပြောမပြတတ်အောင်ရင်ထဲမှာ နာကျင်ကိုက်ခဲလှစွာနဲ့...
မမြင်ချင်ဘဲ မြင်နေရတာကတော့ အသေအချာပါပဲ...။
*အကယ်၍ ဒီအချိန်မှာသာ...
ငါတို့ရဲ့ချစ်စွာသောဗိုလ်ချုပ် သက်ရှိရုပ်လွှာနဲ့...
အဟုတ်တကယ်သာ ရှိနေခဲ့မယ်ဆိုရင်...။
*ငါ့ပုတ်ထဲကငါ့ပဲတွေကြောင့်မို့ ဒါဟာငါ့အလုပ်လို့...
မျက်မှောင်ကြီးကုတ် စိတ်ရှုပ်လျက်ခံယူ...
မျက်နှာပူ မျက်နှာပျက် အရှက်ရစရာ...
အယုတ်တမာ စစ်မိစ္ဆာတွေရဲ့ အကျင့်သိက္ခာ...
အရည်ပျော်ညစ်စုတ် နံစော်ပုပ်နေတာကိုမြင်...
ငုတ်တုတ် လဲသေချင်စိတ်တွေများ...
တဖွားဖွား ဖြစ်ပေါ်နေတော့မှာလား?
*ဒါဟာသူတို့အလုပ် ငါ့အလုပ်မဟုတ်တော့တာကြောင့်...
ဘာဆိုဘာမှဝင်မလုပ် စိတ်အရှုပ်မခံလို...
ကိုယ်ဖြစ်ကိုယ်ခံ ကိုယ့်ရန်ကိုယ်ရှင်းကြရမှာမို့...
အန္တရာယ်ကင်းဝေးရာ အင်းလျားကန်ဘောင်နံဘေးမှာ...
ကုပ်ကုပ်ကလေးထိုင် စိတ်ပျက်ငေးငိုင်လို့...
မျက်ရည်တွေမနိုင် လက်မှိုင်ချပြီး...
နောင်တကြီးကြီး ရနေတော့မှာလား?
*ငါ့တိုင်းပြည် ငါသိပ်ချစ်လို့...
ငါ့ပြည်သူတွေ ငါမပစ်နိုင်တာမို့...
စစ်အာဏာရှင် ဒီငညစ်တွေကို...
ပျစ်ပျစ်နှစ်နှစ် ဆဲဆိုအော်ဟစ်...
အပြစ်တင်ကြိမ်းမောင်း ဆူပူသောင်းကျန်းရင်း...
အာမညောင်းစတမ်း ငေါက်ငမ်းလို့...
သံကုန်ဟစ် ကြမ်းရမ်းနေတော့မှာလား?
*ငါ့ရဲ့သွေးသားအစစ် ပြည်ချစ်လူငယ်များစွာ...
မတရားမှုကိုတွန်းလှန် အမြစ်ပါမကျန်အောင်...
အားမာန်အပြည့် ပန်းတိုင်ကိုမမေ့ဘဲ...
ကြံ့ခိုင်တဲ့ ဇွဲနပဲနဲ့ ရဲရဲတောက်လမ်းကြမ်းတွေဖောက်...
မကြောက်မရွံ့ နောက်မတွန့်စတမ်း...
စွန့်လွှတ်စွန့်စား ရှေ့ဆက်သွားနေကြတာကို...
အားရပါးရ ကျေနပ်ဂုဏ်ယူနေမှာလား?
*ဒါပေမဲ့ တစ်ခုရှိတာက...
ငါတို့မြန်မာပြည်သားများရဲ့ အစဉ်အလာအမှားများနဲ့အညီ...
ရှေးပဝေသဏီကစလို့ မျိုးရိုးဗီဇတွေ ပြခဲ့ကြတဲ့ထုံးစံအတိုင်း...
အရေးကြီးလှတဲ့ အခုလိုအချိန်ကာလတွေမှာတောင်...
သွေးချင်းညီနောင်တွေကြား ရန်စောင်ပြစ်တင်မစဲ...
ကွဲကြပြဲကြရင်း စည်းလုံးခြင်းတွေ ပျက်ပြယ်..
အချင်းချင်း ချဟယ်နှက်ဟယ် သတ်ကြမယ်နဲ့...
ဖာသည်တိုင်းပြည်ဖြစ်အောင် လုပ်နေကြမှာလားလို့..
ငါနဲ့ကိုင်တုတ် ဒေါသတွေထုတ်ပြနေမှာလား?
*လားပေါင်းများစွာ မေးခွန်းတွေတန်းစီနေကြ...
အဖြေမှန်တွေမှန်းဆလို့ ရင်မောစွာနဲ့ တမ်းတရင်း...
ဗိုလ်ချုပ်ကျေးဇူးတွေ စိတ်ထဲမှာ အောက်မေ့သတိရ...
ဗိုလ်ချုပ်စကားတွေ နားထဲမှာ ကြားယောင်နေရ...
ဗိုလ်ချုပ်လှုပ်ရှားမှုတွေ မျက်စိထဲမှာ မြင်ယောင်နေရ...
ဘယ်လိုမှမဖြစ်နိုင်တော့တာကို သိပေမဲ့...
ရင်ထဲမှာရှိနေတဲ့ စိတ်ဝေဒနာတွေ ပယ်ဖျောက်ဖို့...
ထွက်ပေါက်ရှာ တိုင်တည်နေမိတဲ့ အကျွန်ုပ်...
ငါတို့ဗိုလ်ချုပ်သာရှိနေခဲ့ရင်...
ဒီနွေဦးမှာ ဘာတွေများစိတ်ကူးနေမှာလဲ?
ဒီအခြေအနေမှာ ဘာတွေများပြောချင်နေမှာလဲ?
ဒီအချိန်ကာလမှာ ဘာတွေများလုပ်ပြချင်နေမှာလဲ?
အမှန်တကယ်သာ ခံစားသိချင်စမ်းလှပါဘိ...။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar