Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - မအလကို သရေကြိုးမယ့် ကျော်စွာလင်း

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - မအလကို သရေကြိုးမယ့် ကျော်စွာလင်း

မိုးမခ ၊ ဇူလိုင် ၁၆ ၊ ၂၀၂၅


လူရွှင်တော်နဲ့ သေးပေါက်ပွဲ အဲလေ ရွေးကောက်ပွဲ ပရိုမိုးရှင်းဆင်းမယ့် ဟာကြီးကတော့ ဆာလွန်းပါရဲ့။ သူ့လူရွှင်တော်တွေကလဲ လူရွှင်ထိဘဲ၊ တော်အဆင့်မရောက်။ ခုတော့ လူပါပြုတ်လို့ အရွှင်လို့ဘဲ သမုတ်ကြတော့တယ်။ လူသတ် မီးရှို့ကမ်ပိန်း အရှင် ဓားပြမုဒိမ်းဘုရင်နဲ့တော့ သူ့ရွေးကောက်ပွဲဝင်မယ့်သူတွေရယ်၊ အရွှင်တွေရယ်ဟာ မစင်နဲ့ လောက် ဆိုသလို ဖြစ်နေတာကိုး။ အင်း ရွေးကောက်ပွဲဝင်မယ့်သူတွေကလည်း နိုင်ငံရေးချိုကျိုး နားရွက်ပဲ့တွေ။ ပွဲလန့်တုန်း ခင်းတဲ့ဖျာ‌ပေါ် မသာအိမ်က လက်ဖက်နဲ့‌ ဆေးလိပ် မ လာပြီး ညအိပ် လာစောင့်တဲ့ဟာတွေ။ တကယ်တော့ တိုင်းပြည်ကို အုပ်ချုပ် ကောင်းအောင်လုပ်မယ့်ဒီမိုကရေစီအရွှဲသားနဲ့ ရွေးကောက်ပွဲဆိုတာက သူတို့စိတ် သူတို့ဓာတ် သူတို့ဒြဗ်နဲ့ဆိုရင် သူခိုးနဲ့သီလ ဓားပြနဲ့ပုတီး၊ ဘုန်းကြီးနဲ့ ဘီး ဆိုသလို ဘာဆိုဘာမှမဆိုင်ဘူးလေ။ လှံနဲ့ ဓားအိမ်ကမှ အပေါက်တည့်ကောင်း တည့်အုံးမယ်။ စိန်နဲ့ဖန်ကွဲလိုဘဲ တန်ဖိုးကလဲ တခြားစီမှ မိုးနဲ့မြေ။ 

မအလအဖို့ကတော့ ဇာတ်သဘင် ကရရ၊ ဓာတ်ရှင် ကရရ အရွှင်တွေရမယ်ဆိုလဲ ရေတိမ်နစ်နေသူဆိုတော့ ဘယ်အရွှင့်အမွှေးဆွဲရဆွဲရ ဆွဲရှာမှာ။ ဧရာဝတီတိုင်းမှာ AA နဲ့ PDF တွေဝင်လာမယ်ဆိုလို့ ပုသိမ်မြို့ကဘုရားတွေမှာ အရေးပေါ် ယတြာတောင်ခြေနေရတာကိုး။ ဒါတောင် ဘုရားကို စိတ်မချ အိပ်မရ ဖြစ်နေတာနဲ့ ဧရာသားတွေကို ရခိုင်နဲ့ ဧရာဝတီ နှစ်သင်းခွဲ ရခိုင်ဘက်က ဂိုးမရူးရဆိုကာ ဘောကန်ခိုင်းထားသတဲ့။ တကယ့်ယတြာဟာသနော်။ အမယ် သွင်းတဲ့ဂိုးက ကိုးဂိုး ဇီးရိုးဆိုဘဲ။ ယတြာကလဲ ဟန်ပျပန်ပျ လုပ်တတ်ပုံမရ၊ ဇီးရိုးက ကိုးထက်ကြီးတာ သတိထားမိပုံမပေါ်။ ဇီးရိုးရောက်ရင် ကိုးပျောက်ပြီလေ။ အင်း မအလ ဆိုတာ "မ=မရဏ သေမင်းသည်။ အ=အမြန် အမှန်။ လ=လာပြီ" ဆိုတဲ့ စနည်းအဟောကို ကြောက်သေးပါနေတာဆိုတော့ ဂိုးသွင်းမှာ ကြောက်သကိုး။ အင်း ကြောက်ဆို AA ကလဲ ဂိုးသွင်းကောင်းတဲ့ကိုကိုတွေ။ ကြောက်သေးပါနေတဲ့ကြား နေလို့ထိုင်လို့ ကောင်းသွားတာကတော့ ထရန့်ခြောက်စာ။ စကြဝတေးမင်းဆီက စာရောက်လာတယ်။ စာကတော့  လည်ပင်းခြေထောက်နဲ့နင်း ပါးစပ်ထဲက အစာ အတင်းနှိုက်ထုတ်တဲ့စာပေမယ့် နင်းတဲ့ဖိနပ်က သရေနံ့လေးကို ရှူချင်၊ သရေသားလေးကို လျှာနဲ လျက်ချင်နေတဲ့ အငမ်းမရ မဒါန်းမဆိုတော့ကာ မနာအား နှာဖျားတလိမ့်လိမ့် လျှာဖျားတစိမ့်စိမ့်နဲ့ တသိမ့်သိမ့် တွန်ပြီပေါ့လေ။ 

အနို့ သို့မို့ မရဏာအဝီဇိ ဖင်ကြားထိနေလို့ သခင်ကြီးထရန့်ဆိုပြီး အမြှီးလဲစွတ်မနန့်ရဲ၊ ငပူကဆဲ ငရှီကဖြဲမှာလဲ ကြောက်ရပြန်သလေ။ သူ့မှာ မကြောက်ရတာမရှိ၊ ပေါက်ကရသာဂိအဆင့်ဆိုတော့ကာ ဒရုန်းခေတ်မှာတောင် အပုန်းကစ် ကစ်နေရတဲ့ဘဝ။ နဂိုကတော့ ဆရာပူက ဗျာဒိဗ်ရကြွက်ကြီးပါ။ ဆရာရှီက နန္ဒောပနန္ဒနဂါးမင်းရဲ့ မျိုးဆက်ပါတွေ ဘာတွေ လုပ်ထားတာ မဟုတ်လား။ ခု ထရန့်ဆီက စာလာတယ် ဆိုတာနဲ့ အမောက်ကလေး တသသလုပ် ဖျင်ကလေးချည်း လှုပ်လှုပ်နေတော့ အော ဒင်းက ငါတို့ထက်ကြီးတဲ့အကောင်နဲ့တွေ့တော့ အသိုက်ပေါ်ကနေ စနိုက်ကျော်ပြီပေါ့လေဆိုပြီး တင်းမှာ ကြောက်တာပေါ့။ အခန့်မသင့်ရင် သခွားသီးလဲ မရ၊ ခရမ်းသီးလဲဆုံး အပုန်းဘဝ တွင်းဆုံးကျသွားမယ်လေ။

ဧရာဝတီကောင်တွေ ယတြာကို စိတ်မချလို့ ကိုယ်တိုင် ပုဂံဘုရား ယတြာသွားချေချင်ပေမယ့် အသွားမတော်တလှမ်း အနမ်းမတော်ပဒိုင်း လုပ်တိုင်းကုန်းရောက်ပြီး ဘဘဟုန် ဖြစ်သွားနိုင်တယ်မဟုတ်လား။ ဟုန်သွားနိုင်ပေမယ့် မချေလို့ကလဲမဖြစ်၊ သက်ရှိစည်းရိုးမှန်သမျှ သက်မဲ့ဖြစ်ကုန်လို့ ပုဂံမပြေးခင် အရေးပေါ် ရေဆင်းဆည်ထဲသွား ငါးမျိုးစိပ် တသိန်း ပြေးထည့်ရပြန်တယ်။ ယတြာလဲဟုတ်၊ အထာလဲ ဟုတ်ပေါ်လေ။ ဘောမှုထမ်းဥနဲ့ ဘောမျိုးစိပ်သစ်ထပ်ရှာဖို့လဲပါတာပ။ မဟုတ်ရင် တနေ့တသုတ်နဲ့ ပြုတ်ပြုတ်ပြုန်းရချည့်။ ပြုတ်ပြုတ်ပြုန်းရင် နုတ်နုတ်စဉ်းပြီး ထုတ်တုတ်ဗျင်းခံရမှာ။ အဲဒါကြောင့် စစ်သားဟောင်းတွေကို မသေမချင်းတိုက်ခိုင်း၊ ကျိုးလဲ မထွက်ရ၊ ပြတ်လဲမထွက်ရ၊ သားမယားလဲ အကျပ်ကိုင် သေနတ်ကိုင်ခိုင်း။ လူငယ်လူရွယ်တွေကို အိမ်ထဲဝင်ဆွဲ၊ လမ်းပေါ်တက်ဆွဲ၊ အလုပ်ရုံထဲ ဝင်ဆွဲ၊ ကျောင်းထဲ ဝင်ဆွဲ၊ ပြည်ပလဲ အထွက်မခံ အသက်မှန်သမျှ သူ့အတွက် သေပေးရမယ် ဆိုတဲ့သဘော။ ညစ်သောပတ်သော သတ်သော ဖြတ်သော မဟတ်သောမဟုတ်သော ယုတ်သောပုတ်သော မကောင်းတာမှန်သမျှလုပ်သောအပြင် နတ်တင်ဓာတ်ဆင် ဓာတ်ရိုက်နတ်တိုက် မတရားမသမာ ကလချာငပေတို့ထုံးစံ ဘုရားတကာ ယတြာချေပြီးရုန်းကန်ရပြီပေါ့လေ။ 

ယတြာကောင်းရင် မင်းလောင်း ဖြစ်သလို ယတြာထောင်းရင်လဲ မင်းလောင်းဖြစ်တာပဲ မဟုတ်လား။ မင်းဖြစ်မယ့် အလောင်းအလျာနဲ့ မင်းသေမယ့် အလောင်းမသာလေ။ ဆရာ များရင် သားသေသလို ယတြာများရင်လဲ ဘုရားကြေသမို့ နွားသေဖို့သာပြင် ဆိုသလို မအလလဲ ငဖယ်တေ တေခံရဖို့သာ ပြင်ပေတော့ဘဲ။

သူ တင်ပေးတဲ့ မင်းသား ကျော်စွာလင်းက တြင်းကိုက် နဝင်းကိုက်ကောင်။ သူက မအလ ဘူကောင်။ ကြည့်လေ ကျော်-၂၊ စွာ-၃၊ လင်း၄=ပေါင်း ၉ မဟုတ်လား။ မ-၅၊ အ-၁၊ လ၄=၁၀ ဘူလေ။ ဘူကောင်။ နိုင်းမကျော်တဲ့ ဘူပိတ်ကောင်။ စိုးဝင်းကို သူ့အောက်ထားတာက ၇ နဲ့ ဝ နက္ခတ်မိသေးတယ်။ ကျော်စွာလင်းကို သူ့အောက် ထားတာကတော့ သူ့သေတွင်း သူတူးတာလေ။ နေဝင်းက ဗိုလ်ချုပ်ဆောင်ဆန်း ဂုဏ်ကိုဖျက် ဗိုလ်ချုပ်မိသားစုကို ဒုက္ခပေးတာထက်၊ သန်းရွှေကြီးက နေဝင်းနဲ့ သူ့မိသားစုကို ကျေးစွပ်တာထက် ကိုးဆယ်ဆ သာလိမ့်မယ်။ 


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar