မောင်လူမွှေး - အလွမ်းရှောင်စခန်း
![]() |
| Art- Than Htay Maung 2024 |
မောင်လူမွှေး - အလွမ်းရှောင်စခန်း
(မိုးမခ) ဩဂုတ် ၁၊ ၂၀၂၅
ဖြစ်နိုင်ရင်
အလွမ်းရှောင်စခန်းလေး ဖွင့်ချင်တယ်။
သနပ်ခါးမှုန့်နေအောင်လိမ်းပြီး
ပျူစောထီးတွေ ဖမ်းဆီးသွားတဲ့
ယောကျ်ားဖြစ်သူကို နှစ်ချီစောင့်နေတဲ့
အမျိုးသမီးအတွက်
အလွှမ်းရှောင်စခန်းလေး ဖွင့်ချင်တယ်။
လက်နက်ကြီးဒဏ်ကြောင့်
စိတ်ဖောက်ပြန်သွားတဲ့
ယောကျ်ားကို
သေတဲ့အထိ လစ်လျူရှုလိုက်ရတဲ့
အမျိုးသမီးကြီးအတွက်
အလွမ်းရှောင်စခန်းလေး ဖွင့်ချင်တယ်။
စစ်ရှောင်စခန်းတွေကို ရောက်တဲ့အခါ ဒဏ်ရာဒဏ်ချက်တွေ၊ အလွမ်းတွေနဲ့ ပြည့်နေတဲ့ သူတွေကို မောင်လူမွှေး တွေ့ရတယ်။ ဒဏ်ရာဒဏ်ချက်တွေနဲ့ အလွမ်းတွေကို ရင်ဝယ်ပိုက်ထားတဲ့ အမျိုးသမီးကြီးတွေကို မောင်လူမွှေးတွေ့ရတဲ့အခါတိုင်း သူတို့အပေါ်မှာ သနားကရုဏာဖြစ်ရတယ်။
စစ်ရှောင်စခန်းတွေမှာ သူတို့ဖြစ်စဥ်တွေကို ပြောပြရင်း မျက်ရည်ကျတဲ့ အမျိုးသမီးတွေကို မောင်လူမွှေး တွေ့ဖူးတယ်။ အဲ့ဒီထဲကမှ အသက်ငါးဆယ်ဝန်းကျင် အမျိုးသမီးတစ်ဦးနှင့် အသက်ခြောက်ဆယ်ကျော် အမျိုးသမီးကြီး တစ်ဦးတို့ကို မောင်လူမွှေး မှတ်မှတ်ရရ ဖြစ်နေတယ်။ သူတို့ရဲ့မျက်ရည်ဟာ အနက်ရှိုင်းဆုံးခံစားမှုနေရာကနေ အဖျားခံစီးဆင်းလာတာဆိုတာ မောင်လူမွှေးနားလည်တယ်။
အသက်ငါးဆယ်ဝန်းကျင် အမျိုးသမီးဟာ မောင်လူမွှေးနဲ့တွေ့တော့ သူ့ယောကျ်ားရဲ့ဖြစ်စဥ်ကို အေးအေးဆေးဆေးပြောပြခဲ့တယ်။ သူ့မျက်နှာဟာ ဆွေးရိပ်တွေသမ်းနေပေမယ့် တည်တည်ငြိမ်ငြိမ်အေးအေးဆေးဆေးရှိတာကိုလည်း သတိထားမိတယ်။ ၂၀၂၃ ခုနှစ် သူတို့ရွာကို စစ်ကောင်စီစစ်ကြောင်းဝင်ရောက်ပြီး ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့တယ်။ ပြီးတော့ သူ့အမျိုးသားကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။
ဖမ်းဆီးခံရခါစကတော့ သူ့ယောကျ်ားအသက်ရှင်ချင်ရင် သူတို့လိုချင်တဲ့ ကုန်ပစ္စည်းတွေပေးရမယ်ဆိုပြီး ပျူစောထီးတွေက ကမ်းလှမ်းလို့ အဲ့ဒီအမျိုးသမီးဟာ မရရအောင်ရှာပြီး ပေးခဲ့ရှာတယ်။
ပျူစောထီးတွေတောင်းတာပေးခဲ့ပေမယ့် သူ့ယောက်ျားဖြစ်သူကတော့ ပြန်မလာတော့ပါဘူး။ ဒါပေမယ့် သူသာ သနပ်ခါးကိုလှလှပပလိမ်း၊ ဆံပင်ကိုသပ်သပ်ရပ်ရပ်ဖြီးလို့ သူ့ယောကျာ်းပြန်လာမလားရယ်လို့ စစ်ရှောင်တဲကလေးကနေ တစ်ယောက်ထဲစောင့်ရှာတယ်။ သူ့ယောကျ်ားအတွက် ဆွမ်းသွပ်ပြီးပြီ၊ ဒါပေမယ့် စောင့်မျှော်မိတယ်လို့ မောင်လူမွေးကို ပြောပြတယ်။ ခုတော့ သူ့ယောကျ်ားပြန်မလာတာ နှစ်နှစ်ကျော်ပြီဖြစ်တယ်။
သူ့လို အမျိုးသမီးတွေ မောင်လူမွှေးတို့နိုင်ငံမှာ ဘယ်လောက်တောင်များမှာပါလိမ့်။ လက်ရှိအချိန်မှာတော့ သူတို့တွေရဲ့ ခံစားချက်ကို အသိအမှတ်ပြုကြဖို့ ၊ ဖော်ပြကြဖို့ မီဒီယာစာမျက်နှာအများစုဟာ သတင်းတွေပဲဖော်ပြနေရလို့ မအားကြတာကိုတွေ့ရတယ်။ စစ်ရှောင်ကူညီရေးတွေကလည်း စားစရာ၊ဆေးဝါးတောင် အနိုင်နိုင်လှူနေကြရတာဆိုတော့ သူတို့ရဲ့ခံစားမှုတွေကို ဂရုမစိုက်နိုင်ကြပါဘူး။ မောင်လူမွှေးတစ်ယောက်ကရော။ ဟုတ်ကဲ့။ စိတ်ကူးထဲမှာ သူတို့အတွက် အလွမ်းရှောင်စခန်းလေးတစ်ခု ဖွင့်ထားတာပဲ တတ်နိုင်ပါသေးတယ်ခင်မျာ..။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar
