Breaking News

မောင်သော်တာ - ဩဂုတ်လရဲ့ကိုယ်

 

Art by Aung Htet

 

ဩဂုတ်လရဲ့ကိုယ်
မောင်သော်တာ
(မိုးမခ) ဩဂုတ် ၁၇၊ ၂၀၂၅


ကိုယ့်ရဲ့ ဩဂုတ်လဟာ စာတန်းထိုးစစ်ကားတစ်ကားလို ကိုယ့်မှာ ကြောက်စိတ်တွေ
နာကျည်းစိတ်တွေနဲ့ 
ဘာသာစကားရဲ့ခြိမ်းခြောက်သံတွေ စာတန်းထိုးစကားလုံး​တွေနဲ့ ကိုယ်နဲ့ စစ်ဖြစ်နေတယ်
မရှုနဲ့ ဘယ်လိုလေးလှတယ်လို့ ထိုးပြစရာမရှိလို့ပါ
တိမ်းစောင်းမှုဒီဂရီ တဖြည်းဖြည်းလျော့နည်းလာတော့ နေ့တာ ညတာတွေ တိုလာ
ကိုယ့်ရဲ့စက်ဘီးကလေးလည်း ကိုယ် နင်းမှ သူပြေးတယ်
ဘာလိုလိုနဲ့  လ တစ်ဝက် ကျိုးချေပေါ့  
မှောင်နေတော့ မမြင်ရတဲ့အပိုင်းကို လွယ်လွယ်နဲ့မျက်ကွယ်ပြုလို့ပဲ အေးလေ အေးပေါ့
ဘယ်နေရာမှာအစာအိမ်၊ ဘယ်နေရာမှာအသည်း၊ ဘယ်နေရာမှာအဆုပ် ကိုယ်ဟာ  အမဇုံတောနက်တစ်ခုကိုမှန်းဆလို့
အမဇုံတောနက်ထဲ ကိုယ် တောနင်းဝင်ရောက်မိပြီ
တိတ်ဆိတ်မှုကို ကိုယ်မကြားနိုင်ခဲ့ဘူး
သူ့ရဲ့အမွှေးအတောင်တွေဟာ သူ့ရဲ့ဖိစီးဝန်တွေပဲဆိုတာ ငှက်က ဘယ်လိုဖြစ်ပြီးသိနိုင်မလဲ
ဒီအသိုက်ကိုပြန်မရောက်တဲ့ငှက်လို ဩဂုတ်လနေ့ရက်တွေ
နေလုံးဟာ ရှုထောင့်ရွေးတဲ့ဓာတ်ပုံဆရာလိုဩဂုတ်ကိုချိန်ရွယ်လို့
ကိုယ့်ရဲ့ခြောက်သွေ့မှုကို ကိုယ် နေရာပြောင်းရွှေ့ရတာလည်း ဒီဩဂုတ်လပဲ
ကိုယ်မှတ်မိတဲ့ငယ်ရုပ်ကလေး သူ့မှာမရှိတော့ဘူး 
ပြက္ခဒိန်ပေါ်က ပုံနှိပ်စာလုံးတွေကို သက်သေပြုပြီးယုံလိုက်ရတဲ့ဩဂုတ်လပဲ ကိုယ်မငြင်းနိုင်ဘူး
နာရီလက်တံတွေကို ခဏခဏ ပြန်ကြည့်ရတာ ပျော်စရာအလုပ်တစ်ခုမဟုတ်ဘူးနော်
မတတ်နိုင်တော့လည်း တတ်သလောက်လေး လက်စွမ်းပြရတဲ့ပြပွဲပါ
ရန်သူတွေ အကုန်သေမှာလား 
ကိုယ့်ရဲဘော်တွေ ဘယ်နှယောက်ကျန်သေးသလဲ
စာတန်းထိုးစစ်ကားတစ်ကားထိုင်ကြည့်ရင်း ကိုယ်ဟာတွေးနေတယ်
ဘာသာစကားရဲ့အသံထက် စာတန်းထိုးစကားလုံးတွေရဲ့ တဒိုင်းဒိုင်းပစ်ခတ်မှုအောက်မှာ ကိုယ်ဟာ
ကျည်ဆန်တွေကို ရှောင်တိမ်း  လဲကျနေတဲ့ကိုယ့်ရဲဘော်ကိုပြေးထူလို့
ကိုယ်လည်း ဘယ်တော့လဲကျမလဲ မသိတော့

၁၄ ဩဂုတ် ၂၅
မွေးနေ့သို့ 

 -

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar