ခေါင်းကြီး - ဒီလိုပဲ နေသွားကြတော့မှာလား
ခေါင်းကြီး - ဒီလိုပဲ နေသွားကြတော့မှာလား
မိုးမခ ၊ ဩဂုတ် ၁၆ ၊ ၂၀၂၅
*ငါတို့တွေ မမွေးခင်ကာလ မြန်မာပြည်ဆိုတာက...
ကမ္ဘာ့အဆင့်အတန်းမီ အာရှထိပ်တန်းမှာရပ်တည်ရင်း...
အိမ်နီးချင်းတွေကတောင် အားကျအတုယူခဲ့ကြပုံတွေကို...
"မယုံရင် ပုံပြင်လို့သာမှတ်" ဆိုတဲ့စကား...
နာကျင်တင်းကျပ်စွာ ရင်ထဲမှာခံစားရင်း...
မသက်မသာ ပြောသာပြောလိုက်ရပေမဲ့...
သာဓကတွေအစုံအလင်နဲ့ ဂုဏ်ယူချင်စရာ...
လေ့လာမှတ်သားခဲ့ရဖူးတာကတော့ အမှန်ပါ...။
*ငါတို့တွေ သိတတ်စအရွယ် ကလေးငယ်ဘဝတုန်းက...
လမင်းကြီးကိုငေး စိတ်ကူးပုံပြင်လေးတွေနဲ့ ရူးသွပ်...
ဆန်ဖွပ်တဲ့အဖိုးအိုနဲ့ ယုန်ဝပ်နေတဲ့ပုံတွေ ရေးရင်းနဲ့...
"ထမင်းဆီဆမ်း ရွှေလင်ပန်း"ကို တမ်းတနေခဲ့တဲ့အချိန်မှာ...
သူများတွေကတော့ လက်တွေ့ကျကျ ကြိုးစားခဲ့ကြရာက...
လကမ္ဘာမြေပေါ်မှာ ခြေချခေါင်းမော်နိုင်ခဲ့ကြတယ်...
အခုအချိန်အခါမှာ သူတို့တွေက အာကာသကိုမွှေနှောက်...
အင်္ဂါဂြိုဟ်အထိ ခရီးပေါက်နေကြတဲ့အခါမှာလည်း...
ငါတို့တွေကတော့ အရာရာမှာနောက်ကောက်ကျ...
သုညအောက်ဘဝတွေကို ပြားပြားမှောက် ရောက်နေကြရင်း...
လမင်းကြီးကို ငေးမောနေရတုန်းပါပဲ...။
ငါတို့တွေ နုနုငယ်ငယ် ဆယ်ကျော်သက်နှစ်တွေမှာ...
"ခေတ်ပြောင်းတော်လှန်ရေးဖြင့် အခွင့်အရေးသာတူညီမျှတဲ့...
လူ့ဘောင်သစ်ကြီးဆီသို့ ရောက်အောင်ချီတက်ကြမည်" ဆိုတဲ့...
ပလီပလာဆောင်ပုဒ်တွေကို အဟုတ်တကယ်မှတ်ထင်ထား...
ကလိမ်ကကျစ်များစွာနဲ့ နားမျက်စိတွေ အပိတ်ခံထားရလေတော့...
အမှောင်တွေကြားမှာပဲပျော် "ကြောင်သူတော်ကြွက်သူခိုး"များရဲ့...
ယုံတမ်းစကား မဟုတ်တမ်းတရားတွေကိုပဲ...
ကာလရှည်လျားစွာ ကြားနာလာခဲ့ကြရတာမှန်ပေမဲ့...
အခုခေတ်ကာလအထိလည်း ဘာကိုမှမသိရှာ...
သိအောင်လည်း မကြိုးစား ဟေးလားဝါးလားနဲ့ကြီးပြင်းလာ...
သူများတွေ ညာဝါးဖြီးဖြန်းသမျှ မျက်စိမှိတ်ပြီး ယုံနေကြဆဲ...
တိုင်းပြည်အရေးတွေမှာ ငယ်ရွယ်စဉ်ကလည်း ဝေးဝေးမှာသာနေ...
ကြီးလာတော့လည်း နည်းနည်းလေးတောင် အသံမထွက်...
အသက်ကြီးပြီး အချိန်မစီး အကြောက်တရားအလွန်ကြီးကြတဲ့...
ဂျန်လီးတွေကလည်း မရေမတွက်နိုင်အောင် ရှိနေကြဆဲပါပဲ...။
ငါတို့တွေ သန်မာတဲ့အရွယ် လူငယ်တွေဖြစ်လာတဲ့အချိန်...
"သူ့မြေမှာ ဖြူပြာပွင့်ရင်ဖြင့် ငါ့မြေမှာ နီဝါတင့်ရမပေါ့"လို့...
ရည်မှန်းချက်တွေမြင့်မား မျှော်လင့်ချက်တွေ တောက်လျှောက်ထားပြီး...
ငါတို့ တတ်နိုင်သလောက်တော့ ဘယ်လောက်ပဲ ကြိုးစားခဲ့ကြပေမဲ့...
အခု သူများတွေဆီမှာ ပညာရဲရင့်ပွဲလယ်တင့်လို့...
ရောင်စုံပန်းခင်းတွေ လှလှပပ ဖူးပွင့်နေကြတဲ့အချိန်မှာ...
ငါတို့ဆီမှာတော့ သက်တန့်ရောင်စဉ်တွေဆိုတာ ဝေးလို့...
အဖြူရောင်ဖွေးဖွေးကိုတောင် အခုထိရှာမရနိုင်သေးဘဲ...
အနက်ရောင်စစ်စစ် အရောင်ညစ်ညစ်တွေကြားမှာပဲ...
လူဖြစ်ရုံမျှသာဧကန် ရှင်သန်ကျန်ရစ်ခွင့်ရအောင်...
အသည်းအသန် ခြေကန်ရုန်းနေကြရဆဲပါပဲ...။
ငါတို့တွေနှစ်များစွာကျော်ဖြတ် လူလတ်ပိုင်းရောက်လာခဲ့ချိန်...
အခါအခွင့်သင့်လို့ ကမ္ဘာပတ်သွားလာခွင့် ရခဲ့တဲ့အခါများမှာ...
သူများတွေရဲ့အလယ်မှာ အဘက်ဘက်က မျက်နှာငယ်ခဲ့ကြရတာတွေကို...
ဘယ်သူဘယ်ဝါမှမသိလည်း ကိုယ့်ဟာကိုယ်သာသိခဲ့ပေမဲ့...
အခုချိန်ရောက်တဲ့အထိ ရှက်ကြောက်သင့်တယ်ဆိုတဲ့ မာန်မာနမရှိ...
မသိနားမလည်ကြသူတွေကို ဟန်ပန်တွေတစ်ခွဲသားနဲ့ လိမ်ညာစား...
ကိုယ်ချင်းစာတရား မရှိတဲ့သူတွေ မယုံနိုင်လောက်အောင်များလာ...
"နွားခြေရာခွက်ထဲက ဖားသူငယ်တွေ"လို စိတ်ထားများနဲ့...
မဟားတရား ထောင်လွှားမောက်မာနေကြဆဲပါပဲ...။
ငါတို့တွေ အိုမင်းမစွမ်း လူကြီးတန်း ဖြစ်လာကြမဲ့အချိန်ကို...
စိတ်မှန်းနဲ့ ကြိုတင်ခံစား မျှော်ကြည့်လိုက်မိတဲ့အခါ...
မတရားမှုတွေထွန်းကား အဓမ္မသမားတွေကြီးပွားလို့...
ကပ်ဒုက္ခတွေများစွာနဲ့ ပရမ်းပတာ ငါတို့တိုင်းပြည်မှာ...
အစစအရာရာ မညီမညာဖြစ်နေတဲ့ လူတန်းစားအလွှာတွေ...
သူတစ်လူငါတစ်မင်း အချင်းချင်းခွပ် မညီမညွတ်ဖြစ်နေတဲ့...
တစ်အူထုံ့ဆင်း တိုင်းရင်းသားသွေးချင်းညီအစ်ကိုတွေ...
တကယ်တိုင်းပြည်ပျက်နေတာကို မမြင်နိုင်မကြားနိုင်...
အခုအချိန်ထိတိုင်အောင် ငါနဲ့မဆိုင်သလိုသဘောထား...
ဘေးထိုင်ဘုပြောဖို့သာတတ်တဲ့ ပွဲကြည့်ပရိသတ်လိုမျိုး...
ကိုယ်ကျိုးစီးပွားကိုပဲတွယ်ဖက် နေနိုင်စားနိုင်ရက်သူတွေ...
များသထက်များလာမဲ့ သနားစရာငါတို့ပြည်ထောင်စုကို...
ပူလောင်မှုတွေများစွာနဲ့ မြင်ယောင်နေမိဆဲပါပဲ...။
*ရင်ထဲမှာ မချင့်မရဲနဲ့ အတတ်နိုင်ဆုံး အားခဲပြီး...
ဒီတိုင်းပြည်ထဲမှာ မွေးဖွား ဒီရေမြေမှာ ကြီးပွားလာကြတဲ့...
မြန်မာပြည်သားတွေအားလုံးကို မေးလိုက်ချင်တာက...
ကမ္ဘာ့အလယ်မှာ မြန်မာ့အနွယ်တွေ သနားစဖွယ်ဖြစ်နေရတဲ့...
အောက်ကျနောက်ကျ ကျွန်သပေါက်ဘဝမှာ နေသားကျပြီး...
ဘာခံစားချက်မှမရှိ တာဝန်ဝတ္တရားလည်းမသိ...
မျိုးဆက်သစ်များရဲ့ အနာဂတ်နေ့ရက်တွေကိုလည်း မေ့ထားကြ...
နောင်တစကားဆိုတာလည်း နည်းနည်းမျှမကြားရဘဲ...
တရားဓမ္မ ထွန်းကားလှပါတယ်ဆိုတဲ့ ဒီနိုင်ငံမှာ...
ကိုယ်တိုင်ပါဝင်ရုန်းထွက်ခွင့် ရှိနေပါသေးလျက်နဲ့...
သံသရာအတွက်ကိုပဲ အလေးထားသလို စိတ်ကိုလှည့်စား...
လူ့ကျင့်ဝတ်တရားတွေကို မျက်နှာလွှဲဘေးဖယ်ထားလို့...
သူတော်ကောင်းများလိုပဲ ဟန်ဆောင်ပြီးနေကြတော့မှာလား?
ဒီကမ္ဘာမြေကြီးပေါ်မှာ ငါတို့မြန်မာလူမျိုးတွေဟာ...
"ဆင့်အဝှာ ခွေးမျှော်"နေရတဲ့ ကလေကဝ နလပိန်းတုံး...
အသုံးမကျဆုံး လူ့အန္တတွေအဖြစ်နဲ့ပဲ အမြဲရပ်တည်...
ကမ္ဘာတည်သရွေ့ ချေးထဲကလောက်တွေလိုပဲ ပျော်မွေ့ပြီး...
မေ့မေ့လျော့လျော့နဲ့ ဒီလိုပဲနေသွားကြတော့မှာလား?...
ကိုယ့်ကိုယ်ကိုယ် မညှာစတမ်း...
ဝေဖန်ပိုင်းခြားကြည့်လိုက်ကြစမ်းပါ...။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar