Breaking News

အပစ်ရပ်ဖို့ နယ်မြေစွန့်လွှတ်ဖို့အတွက် ဖိအားတခု အဖြစ်သုံးနေတဲ့ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ

မြန်မာနွေဦးခရိုနီကယ် - ဩဂုတ် ၁၆ မြင်ကွင်း

မိုးမခ ၊ ဩဂုတ် ၁၇၊ ၂၀၂၅


အပစ်ရပ်ဖို့ နယ်မြေစွန့်လွှတ်ဖို့အတွက် ဖိအားတခု အဖြစ်သုံးနေတဲ့ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ

အာဏာသိမ်းစစ်တပ်ကို လေကြောင်းတိုက်ခိုက်မှုတွေ မလုပ်နိုင်ဖို့ လေယာဥ်ဆီဖြတ်တောက်ရေး လှုံ့ဆော်မှု ကမ်ပိန်းတွေ လုပ်ဆောင်နေတဲ့အနေအထားမှာပဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေက ခုလပိုင်းတွေမှာ ပိုမိုစိပ်လာပြီး ထိခိုက်သေဆုံးမှုတွေလည်း မြင့်တက်လာနေတာ ကြားသိနေကြရပါတယ်။ 

ခုရက်ပိုင်းမှာ မိုးကုတ်၊ ကျောက်မဲ၊ ကွတ်ခိုင်၊ သီပေါ၊ ဒီမော့ဆို၊ သပိတ်ကျဥ်း၊ ဝက်လက်နဲ့ စစ်ကိုင်းတိုင်း ဒေသတွေက မြို့တွေ ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေက တနေရာမဟုတ် တနေရာ နေ့စဥ်လိုလို ရှိနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက မိုးကုတ်မြို့လူနေရပ်ကွက်ကို ဗုံးကြဲခဲ့ရာမှာ လူနေအိမ်တွေအပေါ် ကျရောက်ခဲ့ပြီး အရပ်သား ၂၀ ကျော် သေဆုံးရတဲ့အထိ ထိခိုက်သေဆုံးမှု မြင့်တက်ခဲ့တာပါ။ ဗုံးတလုံးက မီးဖွားထားတဲ့ အိမ်ပေါ် တည့်တည့်ကျရောက်ခဲ့တာကြောင့် မိခင်ရော မွေးခါစ ကလေးပါ သေဆုံးခဲ့ပြီး မီးဖွားတာကို သတင်းလာမေးတဲ့ မိတ်ဆွေတွေပါ သေဆုံးခဲ့ရတယ်လို့ သတင်းတွေထဲ တွေ့ရပါတယ်။ 

တောင်စောင်းတွေမှာ ဆောက်လုပ်ထားတဲ့ နေအိမ်တွေ ဗုံးကြဲခံရလို့ တစစီဖြစ်ကာ ထိခိုက်ပျက်စီးနေတဲ့ သတင်းဓါတ်ပုံတပုံမှာ ဗုံးဒဏ်ကြောင့် လွင့်စင်လာပုံရတဲ့ အမျိုးသမီးတဦးရဲ့ အလောင်းက အိမ်ခေါင်မိုးပေါ် မှာ တင်နေတာကို စိတ်ထိခိုက်ကြေကွဲဖွယ်တွေ့မြင်ကြရပါတယ်။ အလားတူ စိတ်ထိခိုက်ကြေကွဲစရာ ဖြစ်ရပ်တွေ အခြားသောဒေသတွေမှာလည်း ဖြစ်ပွားနေကြမှာ ဖြစ်ပြီး အခုလို သတင်းဓါတ်ပုံ ထွက်ပေါ်မလာနိုင်တဲ့ အဖြစ်အပျက်တွေ အများအပြားရှိနေကြလိမ့်မယ်လို့ ယူဆရပါတယ်။ 

အာဏာသိမ်း စစ်တပ်အနေနဲ့ ၄င်းတို့လက်လွှတ်ဆုံးရှုံးခဲ့ရပြီး မြေပြင်မှာ ပြန်လည်ထိုးစစ်မဆင်နိုင်တဲ့ ဒေသအများအပြားကို နေ့စဥ် လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်နေပြီး အချို့သော တိုက်ခိုက်မှုတွေဟာ စစ်ရေးပစ်မှတ်အဖြစ် ယူဆနိုင်စရာ ရှိပေမယ့် အများစုက လူနေရပ်ကွက်တွေ၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ စစ်ဘေးရှောင်စခန်းတွေလို နေရာတွေ ဖြစ်နေတာတွေ့ရမှာပါ။

တိုက်ပွဲဖြစ်ပွားနေစဥ် လေကြောင်းပစ်ကူလိုမျိုး တိုက်ခိုက်မှုတွေထက်ကို တိုက်ပွဲဖြစ်ပွားခြင်း မရှိတဲ့ မြို့တွေ ရွာတွေကို နေ့စဥ် တိကျတဲ့ သတင်းအချက်အလက် ရှိ၍ဖြစ်စေ၊ မရှိဘဲဖြစ်စေ မဟာဗျူဟာအရ တိုက်ခိုက်နေတာမျိုး ဖြစ်ပါတယ်။ မြို့တွေ ရွာတွေကို ထိန်းချုပ်ထားတဲ့ ERO သို့မဟုတ် NUG တို့အနေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မြို့ရွာတွေမှာ လူထုတွေ အနေနဲ့ နေထိုင်နိုင်ခြင်း မရှိတော့တဲ့ အခြေအနေမျိုးကို ရည်ရွယ်လုပ်ဆောင်နေတဲ့ သဘောမျိုးဖြစ်ပါတယ်။ အဲဒီရည်ရွယ်ချက်နဲ့ လုပ်ဆောင်ရာမှာ သယံဇာတ ထွက်ရှိတဲ့ ဒေသတွေအနေနဲ့ ပိုမိုပြီး ပစ်မှတ်ထားခံရတဲ့ အနေအထား၊ သယံဇာတက ရရှိတဲ့ အခွန်အကောက် မကောက်ခံနိုင်အောင် နဲ့  ကောင်းစွာထုတ်ယူခြင်း မပြုနိုင်အောင် ရည်ရွယ် လုပ်ဆောင်တာလည်း ဖြစ်ပါတယ်။ 

၂၀၂၃ နောက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုစိပ်လာပြီး တောက်လျှောက်မြင့်တက်လာတာ တွေ့ရမှာ ဖြစ်ပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုတွေ ရှိကောင်းရှိနိုင်မှာ ဖြစ်ပေမယ့် မြို့ ရွာတွေကို တိုက်ခိုက်မှုတွေမှာတော့ အရပ်သား ထိခိုက်သေဆုံးမှုတွေက ပိုမိုများပြားတာ အသေအချာဖြစ်ပါတယ်။ 

တော်လှန်ရေးအင်အားစုတွေ အနေနဲ့ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ဘယ်လို ကာကွယ်ကြမလဲဆိုတာနဲ့ ပတ်သက်လို့ ထိရောက်တဲ့ မဟာဗျူဟာ ချမှတ်ဖို့ ခက်ခဲနေဆဲ အနေအထားလည်း ဖြစ်ပါတယ်။ လေယာဥ်တွေ အတွက် လေယာဥ်ဆီ မရရှိအောင် တားဆီးဖို့ လှုပ်ရှားမှု၊ နိုင်ငံတကာအနေနဲ့ သံတမန်ရေးအရ၊ ပိတ်ဆို့မှုနည်းလမ်းမျိုးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ရပ်တန့်အောင် ဖိအားပေးဖို့ နည်းလမ်းတွေက ခုချိန်ထိ ထိရောက်တဲ့ လုပ်ဆောင်မှု နဲ့ ဖိအားပေးမှုတွေ ပေါ်ထွက်လာနိုင်ခြင်းမရှိပါဘူး။ လေကြောင်းတိုက်ခိုက်မှုတွေကို အနောက်နိုင်ငံတချို့က ယေဘုယျအားဖြင့် ရှုတ်ချကြပေမယ့် မဖြစ်မနေ လုပ်ဆောင်ရမယ့် ဆုံးဖြတ်ချက်မျိုး၊ စစ်ကောင်စီအနေနဲ့ မလုပ်ပဲ မနေနိုင်အောင် ဆက်စပ်နေတဲ့ လုပ်ဆောင်မှုမျိုး ပေါ်ထွက်လာခြင်း မရှိသေးပါဘူး။ အိမ်နီးချင်း အာဆီယံ နိုင်ငံတွေ၊ အိမ်နီးချင်း အင်အားကြီးနိုင်ငံတွေက စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ပြည်တွင်းရေး ကိစ္စတရပ်သဖွယ် သဘောထားနေကြဆဲဖြစ်ပါတယ်။ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် တို့လို နိုင်ငံတွေ အနေနဲ့ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ ဝေဖန်ရှုတ်ချတာမျိုးတွေ လုပ်ဆောင်ခြင်း မရှိကြပါဘူး။ 

စစ်တပ်အနေနဲ့ လေယာဥ်ဆီတင်သွင်းမှုကို အချို့သော အာဆီယံနိုင်ငံတွေက တဆင့်လုပ်ဆောင်နိုင်နေဆဲလည်း ဖြစ်ပါတယ်။ ၁၉၆၀ ကနေ ၇၀ ကျော် ခုနှစ်တွေအထိ ဖြစ်ပွားခဲ့တဲ့ အမေရိကန်-ဗီယက်နမ် စစ်ပွဲအတွင်း ဗုံးတန်ချိန် သန်းပေါင်းများစွာ ကြဲချခံခဲ့ရတဲ့ ဗီယက်နမ်လို နိုင်ငံမျိုးက မြန်မာစစ်တပ်ကို လေယာဥ်ဆီ တဆင့်ခံတင်သွင်းပေးနေတယ်ဆိုတဲ့ အစီရင်ခံစာတချို့ ပေါ်ထွက်ခဲ့တာ တွေ့ရပါတယ်။ 

စစ်တပ်ရဲ့ လေယာဥ်တွေကို လေယာဥ်ဆီ ဖြတ်တောက်နိုင်ခြင်း မရှိတာကြောင့် မြေပြင်မှာရှိတဲ့ မြို့တွေ ရွာတွေမှာ နေထိုင်သူတွေ အနေနဲ့ ဗုံးခိုကျင်း ဆောက်လုပ်တာ၊ လူစုလူဝေး စုဝေးတာမျိုး မလုပ်ဆောင်ဖို့ သတိပြုနေထိုင်တာ စတဲ့ အန္တရာယ်လျှော့ချတဲ့ ကာကွယ်မှုမျိုးသာ လုပ်ဆောင်နိုင်တဲ့ အနေအထားဖြစ်ပါတယ်။ 

အဲဒီလို ကြိုတင်ကာကွယ်မှု၊ အန္တရာယ်လျော့ချမှုတွေနဲ့ ထိခိုက်သေဆုံးမှုတွေကို အတိုင်းအတာတခုထိ လျှော့ချနိုင်မှာ ဖြစ်ပေမယ့် အရပ်သား ပြည်သူလူထုရဲ့ ထိခိုက်သေဆုံးမှုမရှိအောင် စိတ်ချတဲ့အနေအထားမျိုးတော့ မဟုတ်ပါဘူး။

လေကြောင်းတိုက်ခိုက်မှုတွေနဲ့ တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေကို သိမ်းယူထားတဲ့ နယ်မြေ လက်လွှတ်ပြီး စစ်ကောင်စီထံ ပြန်လည်ပေးအပ်ဖို့ အခြေအနေ ဖြစ်မလာသည့်တိုင် အာဏာသိမ်း စစ်တပ်ကတော့ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်လက်လုပ်ဆောင်နေဦးမယ့် အလားအလာရှိနေတာလည်း ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar