ဖလော်ဒါဟန် - လူငယ်များဘဝနဲ့ ပေါ်တာ
ဖလော်ဒါဟန် - လူငယ်များဘဝနဲ့ ပေါ်တာ
မိုးမခ ၊ ဩဂုတ် ၄ ၊ ၂၀၂၅
အခုတလော အရှိန်အဟုန်ပြင်းပြင်း အကြမ်းဖက်စစ်တပ် လုပ်လာတာက ပေါ်တာဆွဲတာပါပဲ။
ကျွန်မဝန်းကျင်မှာတော့ ပေါ်တာကိစ္စထက် စစ်မှုထမ်းက အလေးသာနေတုန်းပါပဲ။
ဘယ်လို လူငယ်တွေ ရပ်ရွာနဲ့ ဒေသအချို့မှာ ရှိနေကြလဲဆိုတာ ပြန်ဆန်းစစ်ကြည်ကြဖိုတော့ လိုပါလိမ့်မယ်။
ပညာတတ် လူငယ်များ ရှိနေသေးသလား။
ပညာတတ်ပြီး မဖြစ်မနေ အိမ်ရဲ့ဝန်တာကြောင့် အကြမ်းဖက်သူများရဲ့ လုပ်ရပ်ကို ရှောင်ပုန်းရင်း မိသားစု စားဝတ်နေရေးကို ဖြေရှင်းနေကြသူများလား။
ပညာလည်း တတ်ပါလျက် လွှားလွှားနဲ့ ဘာမှအကျိုးမပြုတဲ့ လူငယ်တွေရော ပတ်ဝန်းကျင်မှာ ရှိနေသေးသလား။
အကြမ်းဖက် လက်အောက်ခံ ကျောင်းများမှာ တက်ပြီး ကျောင်းသား ဆိုသည့် ဂုဏ်ရည်အောက်မှာ နစ်မျော စီးဝင်နေပြီး အရူးက တမူးသာ လုပ်နေကြသူတွေကော ရှိနေကြသလား။
ဒီထက်ဆိုးတာက တရပ်ကျေးမှာ အထူးသဖြင့် မြိုပြတက် အလုပ်လုပ်နေတဲ့ လူငယ်တွေ ဘဝပါပဲ။
ယနေ့အချိန် အကြမ်းဖက်စစ်တပ် ပစ်မှတ်ထားတာကတော့ အစုအပြုံနဲ့ တောသားမြို့တက် လူငယ်တွေကို များလား။
လားပေါင်းများစွာက ကျွန်မတို့ ပြည်သူတွေအတွက် အဖြေမလိုတဲ့ မေးခွန်းတွေ ဖြစ်လာပါပြီ။
ဗဟုသုတနဲ့ ပညာအရည်အချင်း မပြည့်စုံတဲ့အပြင် မိသားစု ဆင်းရဲနွမ်းပါးဘဝတွေမှာ လွတ်ရာလွတ်ကြောင်း မြို့ပေါ်မှာ အလုပ်လေး လုပ်ကြရပြန်တော့လည်း တဖက်က ရန်သူကို လူစုပေးသလိုဖြစ်ပြီး အစုလိုက် အပြုံလိုက် ပေါ်တာဆွဲခံလိုက်ရတော့ပါပဲ။
ဘာကိုမှ မသိ နားမလည် မျက်စိသူငယ်ဘဝတွေဟာ အကြမ်းဖက်စစ်တပ်ရဲ့ အသုံးတော်ခံ လူငယ်တွေ ဖြစ်လာသလို ဘယ်မိဘကမှလည်း ငွေကို ဆယ်ရာချီပြီး ရွေးမပေးနိုင်တဲ့ အခြေအနေမို့ သတင်းလည်း ပျောက်သားလည်းဆုံး ဘဝတွေ ဖြစ်လာကြပါတယ်။
ဒီလို ပညာနည်း ဆင်းရဲနွမ်းပါးသူတွေကို အကြမ်းဖက်စစ်တပ်က ပစ်မှတ်ထားပြီး ပေါ်တာဆွဲလာခြင်းပါ။
တနေ့ကဆို ပေါ်တာဆွဲကားပေါ်မှာ မျက်စိသူငယ်နဲ့ အားကိုးရာမဲ့လှတဲ့ လူငယ်တွေရဲ့ ပုံရိပ်ကို မြင်တွေ့လာရသူ မြို့ပြန်တယောက်က ပြောပြတာမျိုးဆို စိတ်မကောင်းစရာတွေပါ။
ကမ္ဘောဒီးယားမှာ ပြုပြင်ပြောင်းလဲဖို့ အာဏာရှင် ဆိုသူက ရူးသွပ်စွာနဲ့ လူပေါင်း သိန်းချီပြီး ပညာတတ်သူ ဟူသမျှ အနုပညာရှင်ကိုပါ မကျန် လူသတ်ပွဲကြီးကို ကမ္ဘာက သိသည်အထိ ကျူးလွန်ခဲ့ကြတယ်။
အခုလည်း မြန်မာပြည်ရဲ့ စံနှုန်းကို ကြည့်မယ်ဆိုရင် မကောင်းသည့်စနစ် ဟူသမျှကို လက်ဆွဲစာအုပ်အဖြစ်သာမက လက်တွေ့ဘဝမှာပါ လူအသက်ပေါင်းများစွာကို ဆုံးရှုံးဖို့အတွက် စနစ်အမျိုးမျိုး၊ ဥပဒေအမျိုမျိုးကို လက်နက်အားကိုးနဲ့ လူအချင်းချင်း အနိုင်ကျင့်လာကြတာဆို နှစ်ပေါင်းဆယ်ချီနေပါပြီ။
ယနေ့အချိန် လူငယ်များစွာကလည်း ရေပေါ်ဆီပမာ ရေသာခိုကြလို့ မိမိရောက်နေတဲ့ နေရာမှာ တနေ့လုပ် တနေ့စားဘဝ။ တနေ့ ကျောင်းတက်၊တနေ့တာဘဝတွေနဲ့ ဘာကိုမှ ဦးတည်ချက်မရှိ ရည်ရွယ်ချက်မရှိ အကြမ်းဖက်စစ်တပ်ရဲ့ လက်အောက်မှာ လူနေမှုစနစ်မျိုးစုံမှာ စီးမျောလာကြပါတယ်။
လူငယ်တိုင်း ပျက်စီးနေသလား ဆိုတော့ မဟုတ်ပါ။
မူးယစ်ဆေး ဆိုတာ ငွေရှိမှ သုံးစွဲနိုင်ကြတာပါ။
ဘဝပျက်တယ် ဆိုတာ ဘာဆေးမှ ကျွေးစရာမလိုပါဘူး။ တိုင်းပြည်ပျက်၊ ဆင်းရဲ ဒုက္ခရောက်တာနဲ့လူငယ်တွေဘဝက ပျက်ပြီးသားပါ။
ကယ်ဆယ်ဖို့ဆေး ဆိုတာ မိမိကိုယ်တိုင် မိမိတို့ဘဝကို ရုန်းကန်ကြမှသာ ဘဝမပျက် ပညာမပျက် ဥစ္စာမပျက်ကြမှာပါ။
ဒီအခြေအနေမှာ နဂိုကမှ ဟိုမရောက် ဒီမရောက် လူငယ်တွေ ဘဝက ပျော်ပါးဖို့ ပေါ့ပေါ့နေ ပေါ့ပေါ့စားဘဝတွေ ဖြစ်လာတော့ အမှန်ပါပဲ။
အဘယ်သို့သော လူနေမှုဘဝကိုမှ စံထားရမည် ဆိုသည့် တိုင်းပြည်ရဲ့ ပညာရေးသည်လည်းဖောဖောသီသီနဲ့ လျော့ရဲမှုများက ယနေ့အချိန် လူငယ်များရဲ့ဘဝကို လွှမ်းမိုးသွားတာတော့ အမှန်ပါ။
ဒီကနေ့ဆို ဘေးအိမ်က အထက်တန်းကျောင်းသား လူငယ်တယောက်က မိဘကို ခွင့်ပန်ပြီး ခေတ်လူငယ်များစွာနဲ့ မေမြို့ကို လိုက်ချင်သည်ဟူသော စိတ်ဆန္ဒသည် ကျောင်သား လူငယ်တယောက်အတွက် အပျော်နဲ့ ပညာကို ခွဲခြားသိမြင်နိုင်သည့် အနေအထားမှာ မရှိတာတော့ အမှန်ပါ။
ဒီလိုအခြေအနေ ဆိုသည်မှာ အကြမ်းဖက်များအတွက် လူငယ်များစွာကို ပေါ်တာဆွဲဖို့ အခွင့်အရေးများစွာ ရှိနေသလို မိဘများရဲ့ သတိပေး သွန်သင်ဆုံးမမှု ရှိနေကြပါသော်လည်း မိမိအန္တရာယ်ကို မိမိတို့ကိုယ်တိုင် လက်ယပ်ခေါ်သလိုနှင့် တူလာပါတယ်။
ဒီအချက်ဟာ အကြမ်းဖက်စစ်တပ်အတွက် လွယ်ကူသော စစ်သားစုဆောင်းမှုကြီး ဖြစ်သလို အပျော်မှာ ယစ်မူးသူများအဖို့ စစ်တပ်ရဲ့ငါးစာ ဖြစ်လာကြရတယ်။
အထူးသဖြင့် မြို့စွန်မြို့ဖျား ကျေးရွာလူငယ်များပိုပြီး ဖမ်းဆီးခံလာကြရတာပါ။
ကျွန်မအနေနဲ့ လူငယ်တိုင်းက တန်ဖိုးရှိသည့် လူငယ်တယောက်ဖြစ်ဖို့ ဆိုတာ မိမိကိုယ်တိုင်အသိပညာနဲ့ ဆင်ခြင်တုံတရားရှိဖို့ လိုသည်ကိုလည်း ထောက်ပြချင်ပါတယ်။
ယနေ့လို ခေတ်စနစ်အောက်မှာ ကောင်းမွန်သည့်လမ်းကို လျှောက်လှမ်းဖို့ ဆိုသည်ထက် မကောင်းသည့်ဘက်ကို ဦးတည်ရတာ လွယ်ကူလာပါတယ်။
စားဝတ်နေရေး မပြေလည်လို့ အကြောင်းကြောင်းနဲ့ တနယ်တကျေးမှာ အလုပ်ထွက်လုပ်ပြီးစစ်တပ်ရဲ့ ငါးစာဘဝတွေရယ်၊ ပေါ့ပေါ့နေ ပေါ့ပေါ့စား အပျော်ကျူးနေကြတဲ့ လူငယ်တွေရယ်၊ အိမ်တွင်းပုန်းပြီး မိဘရဲ့ လောင်းရိပ်၊ ကျောင်းလောင်းရိပ်အောက်မှာ အပြစ်ကင်းသလို နေထိုင်နေကြတဲ့ လူငယ်တွေရယ် လူ့ချမ်းသာ ပညာတတ် အသိုင်းအဝိုင်းက ပညာတတ် လူငယ်တွေရယ်၊မိဘကို မဖြစ်မနေ လုပ်ကျွေးနေရတဲ့ လူငယ်တွေရယ်၊ မြန်မာပြည်ကြီးမှာရှိတဲ့ လက်ကျန်လူငယ်စာရင်းက တိုင်းပြည်နဲ့ ပြည်သူအတွက်အကျိုးပြုဖို့ဆိုတာထက် အာဏာရှင်လူတစုအတွက် အကြမ်းဖက်စစ်တပ်မှာ အသုံးချလို့ကောင်းမယ့် လူငယ်များဖြစ်တယ် ဆိုတာပါပဲ။
စစ်တပ်အတွက် စုဆောင်းရာမှာလည်း အလွန်လွယ်ကူလှပါတယ်။
မိဘအများစုက သားသမီးတိုင်းကို နိုင်ငံအရေးမှာလည်း မပါစေချင်သလို တလရမှာလည်း မပါဝင်စေချင်ကြပါဘူး။
ဒီအတွက် ပြည်သူအချင်းချင်းမှာ အနာတရဖြစ်ဖို့ စိတ်ပူဖို့ မလိုပေမဲ့ ပြည်သူနဲ့ အစိုးရကြား ယနေ့ အစိုးရတံဆိပ် လက်ဝယ်ရထားသူများကိုတော့ မိမိသားသမီးများရဲ့ အသက်နဲ့ လုံခြုံရေးအတွက် ရှိခိုးတောင်းပန်လည်းမရ၊ ငွေပေးလည်းမရ၊ အသက်ကို ပေးပြီး မအလကို အကြွေးဆပ်ကြရပါတယ်။
တန်ကြေးကြီးလှတဲ့ လူ့ဘဝများစွာရဲ့ အသက်တွေပေးပြီး အာဏာရှင်လူတစု အသက်ရှည်ဖို့အာဏာရဖို့ ပြည်သူတွေ ထောက်ပံ့နေကြမယ်ဆိုရင် သားလည်း ဆုံး၊ အနာဂတ်လည်း ဆုံးကြရမယ်။
ယနေ့အချိန် လူငယ်များစွာမှ မှန်ကန်သည့် အတွေးအမြင် အသိအောက်မှာ အချိန်နဲ့ ဘဝတွေကိုတန်ဖိုးရှိစွာဖြင့် လောကအကျိုး ပတ်ဝန်းကျင်အကျိုး အသုံးချတတ်ဖို့ လိုတယ်ဆိုတာလေးကို ထောက်ပြရင်း။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar