အောင်ဝေး - မိုးကြိုမုန်တိုင်းမှသည် နွေဦးမုန်တိုင်းအထိ
အောင်ဝေး - မိုးကြိုမုန်တိုင်းမှသည် နွေဦးမုန်တိုင်းအထိ
မိုးမခ ၊ ဩဂုတ် ၁၀ ၊ ၂၀၂၅
၁။ ပြီးခဲ့တဲ့ ဇူလိုင်လနောက်ဆုံးပတ်ထဲမယ် ရဲဘော်နီနီကျော်(Comrade Ni Ni Kyaw) ရဲ့ post တစ်ခုကို ကျနော် ပြန်ည်မျှဝေတဲ့အခါ ကျနော့်အမြင်သဘောထားကို အခုလို စကားချီးရေးခဲ့ပါတယ်။
"ကျနော်တို့ တိုင်းပြည်မှာ နိုင်ငံရေးယဥ်ကျေးမှု(Political Culture)က ရေချိန် အင်မတန်ကို နိမ့်ပါတယ်။ ဒီနွေဦးတော်လှန်ရေးမှာ နေဝင်းခေတ်က စစ်တပ်ဝါဒ ဖြန့်ချိရေးလုပ်သလို ဝင်လုပ်(ဝင်နှောင့်ယှက်)နေတဲ့သူတွေလည်း ရှိပါတယ်။ နိုင်ငံရေးအစဥ်အလာမရှိ၊ နိုင်ငံရေးဝမ်းစာမပြည့်၊ သမိုင်းသိစိတ်မရှိတဲ့ လူအများစုဟာ ဝေဖန်ရေး ဆိုတဲ့ စကားလုံးကို ခုတုံးလုပ်ပြီး တော်လှန်ရေးကိုအတွင်းဝင်ဖျက်ကြတာပါပဲ။ အပြင်ရန်ဖြစ်တဲ့ စစ်ကောင်စီနဲ့ စစ်တပ်လော်ဘီတွေက ကျနော်တို့တော်လှန်ရေးနဲ့ လူထုကို သွေးခွဲဖို့ ပစ်လိုက်တဲ့ အမဲလုံး(အဆိပ်တုံး)ကို အဲဒီဝေဖန်ရေးသမား ဆိုသူတွေက ပြေးပြေးဟပ်ကြတာပါပဲ။ စကားကြုံလို့ နည်းနည်းဆက်ပြောပါမယ်။ ဝေဖန်ရေးဟာ နှစ်နေရာ/နှစ်ဖက်က လာတယ်။ အတွင်းစည်းနဲ့ အပြင်စည်း။ အပြင်စည်း ဆိုတာ ဘုံရန်သူဘက်။ အဲဒီအပြင်စည်း/ရန်သူ့စည်း ကလာတဲ့ ဝေဖန်ရေးကို မိမိရဲ့ဝေဖန်ရေးနဲ့ ပြန်ရိုက်ချိုးပစ်ရမယ်။ တောမီးကို တောမီးနဲ့မှ ငြှိမ်းသတ်လို့ရတယ်။ ထိုးစစ်ကို ထိုးစစ်နဲ့ ပြန်ရိုက်ချိုးရမယ် ဆိုတာမျိုး။
ဒါက ရှင်းတယ်။ အတွင်းစည်း/မိမိအင်အားစု အတွင်းဝေဖန်ရေးကျတော့ စည်းရှိဖို့လိုတယ်။ စံရှိဖို့လိုတယ်။ အနိမ့်ဆုံးတော့ အတွင်းစည်းဝေဖန်ရေးဟာ (၁) စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ရေး ဘုံလမ်းစဥ်က မသွေဖည်ဖို့၊ (၂) မိမိတို့အချင်းချင်းကြား သပ်မလျှို သွေးမခွဲဖို့၊ (၃) မိမိတို့အချင်းချင်း ဗြောင်ဝေဖန်တိုက်ခိုက်တာမျိုး မလုပ်ဖို့ နဲ့ (၄) မိမိတို့ ဒီမိုကရေစီ/ပြည်သူ့ဒီမိုကရေစီဘက်သားတွေ တစ်ဦးချင်း/အဖွဲ့လိုက် ဘယ်လိုနည်းနဲ့မှ ဘုံရန်သူနဲ့ အပေးအယူ မလုပ်ဖို့ ဆိုတဲ့စည်းလေးချက်၊ တစ်နည်း မူလေးရပ်ကို နားလည် လက်ခံထားဖို့ လိုတယ်။ ဝေဖန်ရေးရဲ့ လမ်းကြောင်းအမှန်က အရင်ဆုံး ညီညွတ်ရေးအခြေခံကို တည်ဆောက်ရတာပဲ။
(တိုက်ပွဲရှိရင် ညီညွတ်ရေးရှိတယ်) ညီညွတ်ရေးအခြေခံလည်းရှိ၊ အမှန်တကယ် ညီညွတ်ရေးကို ပိုမိုခိုင်မာစေချင်တဲ့စိတ်လည်း ရှိပြီဆိုရင် ဝေဖန်ဖို့ လိုအပ်လာတဲ့အခါ ရဲရဲဝေဖန်။
အပြုသဘောနဲ့ အကောင်းမြင်စိတ်ထားပြီး ဝေဖန်။ တာဝန်ရှိသူ(တွေ)ဘက်က ဝေဖန်တာကို နားလည် လက်ခံတယ်ဆိုရင် အဲဒါ ညီညွတ်ရေးနောက်တစ်ဆင့် တက်လာတာပါပဲ။ ဒါကြောင့် အတွင်းစည်း ဝေဖန်ရေးမှာရှိရမဲ့ စံ၊ တစ်နည်း ပေတံက 'ညီညွတ်ရေး- ဝေဖန်ရေး- ညီညွတ်ရေး' ဆိုတာပဲဖြစ်ပါတယ်။ (နောင်အခါအခွင့်သင့်ရင် အတွင်းစည်းဝေဖန်ရေး အမှားအကြောင်း ကျနော်တို့ခေတ်က 'မိုးကြိုမုန်တိုင်းအမှားတော်ပုံ' ကိုရေးပါဦးမယ်။ အခုဟာကတော့ ရဲဘော်နီနီကျော်ရဲ့သဘောထားကို ကျနော် အပြည့်အဝ ထောက်ခံတယ်ဆိုတာ အခြားတိုးတက်တော်လှန်တဲ့လူငယ်မျိုးဆက်ထုကိုလည်း အသိပေးချင်တဲ့ သဘောပါ။ ကျေးဇူးတင်ပါတယ်"
၂။ မိုးကြိုမုန်တိုင်း အမှားတော်ပုံ။
၁၉၇၄ နှစ်လယ်လောက်မှာ "မိုးကြိုမုန်တိုင်း"ဆိုတဲ့အမည်နဲ့ စာပေဝေဖန်ရေး စာအုပ်တစ်အုပ်ရိုက်နှိပ်ခဲ့ပါတယ်။ ရိုက်နှိပ်ပြီးရုံပါပဲ။ မထုတ်ဝေရသေးပါဘူး။ ဈေးကွက်ထဲ မဖြန့်ချိရသေး။ အတွင်းစည်းထဲက စာရေးဆရာရဲဘော်အများထုက စာအုပ်ဆိုင်ပေါ် တင်ဖို့သဘောထား မပေးကြလို့ပါ။ ဘာကြောင့် မပေးသလဲ။
အတွင်းစည်းက လူတွေ အများစုလုံးက ဒီစာအုပ်ဟာ လက်ဝဲအလွန်အကျွံဖြစ်မှု အမှား၊ လက်ဝဲသူငယ်နာမစင်တဲ့ အမှားတွေ ကျူးလွန်ထားတယ်။ အကောင်းမြင်စိတ်နည်း၊ အဆိုးမြင်စိတ်ကဲ၊ အပြုသဘောမဆောင်၊ အဖျက်သဘောဆောင်တယ်လို့ တညီတညွတ်တည်း မှတ်ချက်ပေးကြပါတယ်။
"မိုးကြိုမုန်တိုင်း"စာအုပ်အကြောင်း အကျဥ်းပြောရရင် မျိုးဆက်ဟောင်း၊ ရှေ့မျိုးဆက် ဒဂုန်တာရာ၊ ဗန်းမော်တင်အောင်၊ မြသန်းတင့်၊ ဂျာနယ်ကျော်မမလေး အစရှိတဲ့စာရေးဆရာတွေရဲ့ ထင်ရှားကျော်ကြားတဲ့ ဝတ္ထုကြီးတွေကို မျိုးဆက်သစ်၊ နောက်မျိုးဆက်လူငယ်စာရေးသူတွေက ဝေဖန်ချေချွတ် အရေခွံချွတ်ကြတဲ့ အမှုပါ။ ဒီစာအုပ်ရဲ့ဂယက်က မထုတ်ဝေ၊ မဖြန့်ချိရသေးပဲနဲ့ အတော့်ကိုကြီးပါတယ်။ အဲဒီအချိန်က အရာရာဟာ CP လက်အောက်ခံဖြစ်တာမို့ အဲဒီစာအုပ်ဂယက်က ပဲခူးရိုးမဗဟိုကို ရောက်သွားပါတော့တယ်။ ပါတီဗဟိုကလည်း(ဗဟိုမှာ စစ်ရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ကြားက) ဒီစာအုပ်အပေါ် အနုလုံပဋိလုံ ဆန်းစစ်သုံးသပ်ကောက်ချက်ချခဲ့ပါတယ်။ ပါတီဗဟိုက ဒီစာအုပ်(မိုးကြိုမုန်တိုင်း)ကို စာဖတ်ပရိသတ်လက်ထဲ မရောက်ဖို့၊ မထုတ်ဝေ မဖြန့်ချိဖို့ ညွှန်ကြားချက်ပေးခဲ့ပါတယ်။ ပိတ်ပင်လိုက်တဲ့ သဘောပါပဲ။ ဒါပေမဲ့ စာအုပ်တချို့ အပြင်ကို ဖိတ်စဉ်သွားခဲ့ပါတယ်။
ပါတီဗဟိုက အဲဒီအချိန်က နေဝင်း-စန်းယု စစ်အစိုးရရဲ့ ဇန်နဝါရီ ၁၊ ၁၉၆၈ က စတဲ့ ဖြတ်လေးဖြတ်စစ်ဆင်ရေးတွေရဲ့ နောက်ဆုံးအဆင့် အောင်စိုးမိုးစစ်ဆင်ရေးကို အလူးအလဲခံနေခဲ့ရတာပါ။ (၁၉၇၅ မတ် ၁၅ မှာ ဥက္ကဋ္ဌသခင်ဇင်နဲ့ အထွေထွေအတွင်းရေးမှူးသခင်ချစ်တို့ ရဲနွယ်ချောင်းဖျားမှာ ကျခဲ့ပါတယ်)
အဲဒီလို အတွင်းစည်းဝေဖန်ရေးမှာ မိမိအင်အားစုအချင်းချင်း ရန်သူလို သဘောထားပြီး ဗြောင်ဝေဖန်ထိုးနှက် တိုက်ခိုက်တဲ့အမှားကို ကျနော်တို့ သင်ခန်းစာယူလိုက်ရတဲ့ အချိန်ဟာ ကျနော်တို့က မှိုင်းရာပြည့်အရေးအခင်းနဲ့ ပုသိမ်အကျဥ်းထောင်ထဲ ရောက်နေခဲ့ပါပြီ။ ၁၉၇၆-၇၇-၇၈ ကျနော်တို့ကြိုးတိုက်ထဲမှာ လေ့လာ တည်ဆောက်နေကြတဲ့ကာလမှာပဲ ဆရာနိုင်ဝင်းဆွေရဲ့ "ရေဆန်လမ်း"ဝတ္ထုကို ဖတ်ရပါတယ်။
အဲဒီစာအုပ်နဲ့ပတ်သက်တဲ့ ထောင်အပြင်ဘက်က ဝေဖန်သံ၊ ဂယက်ရိုက်သံကိုလည်း ကျနော်တို့ ထောင်ထဲက ကြားရပါတယ်။
ဆရာမောင်စွမ်းရည်က–
"နိုင်ဝင်းဆွေရေ...
တွေ့လား တွေ့လား
ရှေ့မှာ ကျောက်ဆောင်" လို့ ဝေဖန် ရေးသားလိုက်တာကိုလည်း ကျနော်တို့ ဖတ်ရပါတယ်။ "ရေဆန်လမ်း"ဟာ နိုင်ငံရေးစံ၊ အနုပညာစံနဲ့လည်း အတိုင်းခံရပါတယ်။ (လက်ဝဲသဘောတရားအယူအဆဆိုင်ရာ) နိုင်ငံရေးစံအား မကောင်း၊ (ဝတ္ထုစာပေဖန်တီးမှုဆိုင်ရာ) အနုပညာအားနည်း စသဖြင့် ဝေဖန်ခံရပါတယ်။
ကျနော်တို့ မှိုင်းရာပြည့်အကျဥ်းထောင်ထဲမှာပဲ လေ့လာရင်း၊ တည်ဆောက်ရင်း ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးလက်တွေ့မှာ "မိုးကြိုမုန်တိုင်း" နဲ့ "ရေဆန်လမ်း" အမှားတွေကို ရာဇဝင်ရေး ကောက်ချက်ချ သင်ခန်းစာယူခဲ့ကြပါတယ်။
၃။ အတွင်းစည်း ဝေဖန်ရေးနဲ့ ဆက်စပ်လို့ ကျနော်တို့ စံနမူနာပြုရတဲ့ ဆောင်းပါးတစ်ပုဒ် ရှိပါတယ်။ ၁၉၉၅ ခုနှစ်က ဆရာဇော်ဝင်းကို ရေးသားခဲ့တဲ့ "အပြောမှန်ကြရဲ့လား"ဆိုတာ ဖြစ်ပါတယ်။ ဒီဆောင်းပါးက ၁၉၉၅ အတွက် ဖြူး- မိတ်ဆွေများစာကြည့်အသင်းရဲ့စာပေဆု(ဆောင်းပါး) ရခဲ့ပါတယ်။
ဆောင်းပါးရဲ့ အချုပ်ကတော့၊ ၁၉၇၅ ပျဥ်းမနား၊ ပေါင်းလောင်းမြစ်ကမ်းဘေးမှာ ဆရာဇော်ဝင်းကိုက ဆရာဗန်းမော်တင်အောင် အပေါ် သူ ဝေဖန်ခဲ့တဲ့ ဝေဖန်ရေးကို၊ ၁၉၇၈ ဆိတ်ဖလူးရနံ့သင်းတဲ့ အင်းစိန်အကျဥ်းထောင် တိုက်ခန်းကျဥ်းလေးတစ်ခုအတွင်းမှာ ပြန်လည်ဆင်ခြင် သုံးသပ်ရာက သူ့ဝေဖန်ရေး မှားခဲ့ကြောင်း ဝန်ခံတဲ့ နိဂုံးချုပ်ချက်ပါ။
အဲဒီ နိဂုံးချုပ်ချက်ကို ဆရာဇော်ဝင်းကိုက ၁၉၉၅ မှာ မဂ္ဂဇင်းတစ်စောင်(?)မှာ ရေးသားခဲ့ခြင်း ဖြစ်ပါတယ်။
ဆရာဇော်ဝင်းကိုက အချက် (၄) ချက်နဲ့ မိမိကိုယ်မိမိ ဝေဖန်ရေးပေးတယ်။
(၁) ကျနော့်ရဲ့ ဝေဖန်ရေးဟာ အကျကောက် ဝေဖန်ရေးသာ ဖြစ်တယ်။
(၂) ကျနော့်ရဲ့ ဝေဖန်ရေးဟာ အဆောတလျင် ယေဘုယျပြုခြင်း အမှားကို ကျူးလွန်ခဲ့တယ်။
(၃) ကျနော့်ရဲ့ ဝေဖန်ရေးဟာ ဆန္ဒစွဲကျတဲ့ ဝေဖန်ရေး ဖြစ်ခဲ့တယ်။
(၄) ကျနော့်ရဲ့ ဝေဖန်ရေးဟာ အတ္တဗဟိုပြု ဝေဖန်ရေးသာ ဖြစ်ခဲ့တယ်။ (မူရင်းစာကိုယ်တွင် တစ်ခုချင်းစီအတွက် ရှင်းပြချက်များ ပါပါသည်။ ။ဤကားစကားချပ်)
ဆရာဇော်ဝင်းကို ဆက်ပြောတာက–
"အမှန်ကို ပြောသလို အပြောလည်းမှန် ရမယ် တဲ့။
"အမှန်ကို ပြောဖို့ ကျနော်တို့မှာ အခွင့်အရေးရှိသလို တာဝန်လည်း ရှိပါတယ်။
အမှန်လို့ တထစ်ချ မဆိုနိုင်ရင်တောင်မှ မှန်တယ် ထင်ရာကို ပြောဖို့ ကျနော်တို့မှာ အခွင့်အရေးရှိပါတယ်။ မှန်တယ် ထင်တာကို ပြောရဲတဲ့ သတ္တိကိုလည်း ကြိုဆိုသင့်ပါတယ်။ ဒါပေမဲ့ ဘယ်အချိန်မှာပြောရမှာလဲ၊ ဘယ်လို ပြောရမှာလဲ၊ ဒါကတော့ သေသေချာချာ စဥ်းစားရမယ့်ကိစ္စပါ။ ပြောသူက ဘယ်သူလဲ၊ အပြောခံရသူက ဘယ်သူလဲ၊ ပြောသူရဲ့ ဖြတ်သန်းမှုက ဘယ်လိုလဲ၊ အပြောခံရသူရဲ့ဖြတ်သန်းမှုနဲ့ အစဥ်အလာက ဘယ်လိုလဲ၊ အဲဒီအခြေအနေ အရပ်ရပ်နဲ့ အချက်အလက်ပေါင်းမြောက်မြားစွာကို သုံးသပ်ပြီးမှ ဘယ်လိုပြောမလဲ ဆိုတဲ့ နည်းနာကို မှန်ကန်စွာ ရွေးချယ်သင့်ပါတယ်" တဲ့။
သူ့ဆောင်းပါးရဲ့ နောက်ဆုံးစာကြောင်းကတော့ အခုလိုပါ။
"အမှန်ကို ပြောတယ်ပဲ ထားပါတော့၊ အပြောရော မှန်ကြပါရဲ့လား"
၄။ လက်ငင်းမှာ ကျနော်တို့ တော်လှန်ရေးလောကမှာ ဝေဖန်ရေးတွေ ဗွက်ထနေပါတယ်။ အပြင်ဝေဖန်ရေးကို မဆိုလို။ မိမိတို့ အတွင်းစည်း ဝေဖန်ရေးကိုသာ ရည်ညွှန်းလိုတယ်။ ပစ္စက္ခအနေအထားက ဖက်ဆစ်တပ်ကို စစ်ရေး- နိုင်ငံရေး နှစ်ဖက်ကနေ ညှပ်တိုက်နေရတာ ဖြစ်တယ်။
လတ်တလော စစ်ရေးအခြေအနေအမှန်ကို ဆရာအေးချမ်းဆု ရေးသားတဲ့ ဆောင်းပါး(တွေ)ကို ကိုးကားပြီး ပြောချင်တယ်။ ဆရာအေးချမ်းဆုက သူ့ဆောင်းပါးမှာ–
"၂၀၂၅ ခုနှစ် ပထမခြောက်လပတ်အတွင်း တွေ့ရသည့် ထူးခြားချက်မှာ ပြည်နယ်များတွင် တိုက်ပွဲဖြစ်ပွားသည်ထက် ပြည်မ တိုင်းခုနစ်တိုင်းတွင် လက်နက်ကိုင်တိုက်ပွဲဖြစ်ပွားမှု ပိုမိုမြင့်မားသည်ဆိုသည့် အချက် ဖြစ်၏။
"၂၀၂၅ ခုနှစ် ပထမခြောက်လပတ်တွင် တစ်ပြည်လုံး စစ်ရေးအခြေအနေအရ စစ်ကောင်စီက စစ်ရေးအရ အသာစီးရသည့် အခြေအနေတွင် မရှိကြောင်း ရှင်းလင်းစွာ မြင်တွေ့ရ၏။
"စစ်ကောင်စီ၏ ခံနိုင်ရည်ရှိသော ခံစစ်စခန်းအချို့ကိုကြည့်ပါက အဓိကအားဖြင့် စစ်ကောင်စီ၏ ခံနိုင်ရည်အား၊ လက်နက်အင်အားထက် တော်လှန်ရေးတပ်ဖွဲ့များတွင် စခန်းသိမ်းတိုက်ပွဲ၊ မြို့သိမ်းတိုက်ပွဲများအတွက် လိုအပ်သည့်၊ လုံလောက်သည့် လက်နက်ခဲယမ်း မရှိခြင်း ဖြစ်သည်ဟုသုံးသပ်ရသည်။
"လက်ရှိ စစ်ရေးအခြေအနေအရ စစ်အာဏာရှင်စနစ်ကို ဖြုတ်ချရန်၊ အောင်ပွဲရ ရှိရန်၊ လက်ရှိ ရရှိထားသည့် စစ်ရေးအောင်ပွဲများကို ထိန်းသိမ်းနိုင်ရန် PDF, နွေဦးတော်လှန်ရေးအင်အားစုနှင့် တိုင်းရင်းသား တော်လှန်ရေးအင်အားစုများ အပြန်အလှန် ပူးပေါင်းရန် လိုအပ်သည် ဆိုခြင်းကို ဘက်အားလုံးက သဘောပေါက်နေကြပြီ ဖြစ်ပြီး နိုင်ငံရေးနှင့် စစ်ရေးအရ အခိုင်အမာ ခြေလှမ်းသာ လိုအပ်နေပေသည်။
"တော်လှန်ရေးအင်အားစုများ အနေဖြင့် ဤအခြေအနေအား သုံးသပ်ပြီး လက်နက်ကိုင်တပ်ကိုတောင့်တင်းအောင် တည်ဆောက်ကာ စစ်ရေးအရ အသာစီးရအောင် တိုက်ပွဲဝင်ရန် လိုအပ်သည်။ အကယ်၍သာ တိုင်းရင်းသားတပ်ဖွဲ့များနှင့် နွေဦးအင်အားစုများ ပူးပေါင်းနိုင်ပြီး လက်နက်ခဲယမ်းပြဿနာကို ဖြေရှင်းနိုင်ပါက စစ်ဆင်ရေးအကြီးများ ဆောင်ရွက်နိုင်မည်" လို့ ရေးသားတိုက်တွန်းထားပါတယ်။
(ဆရာအေးချမ်းဆုဟာ နိုင်ငံရေး၊ စစ်ရေးလေ့လာသူတစ်ဦး ဖြစ်ပါတယ်)
ကျနော်တို့ဟာ ဘုံရန်သူကို လျှော့လည်း မတွက်ရဘူး၊ ပိုလည်း မတွက်ရဘူး။ မိမိတို့ ဖြစ်တည်နေမှုအမှန်ကို တိတိကျကျ သိဖို့လိုတယ်။ ကျနော်တို့ စစ်ရှုံးနေသလား၊ ကျနော်တို့ စစ်နိုင်နေသလား။ ရန်သူက ကျနော်တို့ (PDF/EROs/ နွေဦးလက်နက်ကိုင်အင်အားစု)ကို သွေးခွဲနေတယ်။ ဆိုက်ဝါးထည့်နေတယ်။ ဒါကို ကျနော်တို့ သတိကြီးကြီးထားရမယ်။ စစ်အနိုင်တိုက်ရေးကို ကျနော်တို့လုံးဝဥဿုံ အာရုံစိုက်ရမယ်။ စစ်အနိုင်တိုက်ဖို့ နိုင်ငံရေး ဖြည့်တင်းရမယ်။ (အမျိုးသားညီညွတ်ရေးတပ်ပေါင်းချုပ် ဖွဲ့တာမျိုး) ပြီးတော့ လက်နက်ခဲယမ်း ဖြည့်တင်းရမယ်။ (တပ်ဖွဲ့ဝင် လူအင်အားသစ်စုဆောင်းတာ အပါအဝင်)ဒါတွေကို ကျနော်တို့ လုပ်နိုင်တယ်လို့ အကြွင်းမဲ့ ယုံကြည်ထားရမယ်။
နွေဦးမြင်းဟာ ပြေးနေတယ်။ ရန်သူရဲ့ ဆိုက်ဝါးလေပြင်းဒဏ်ကြောင့် လမ်းခုလတ်မှာ မလဲစေရ။ မိမိတို့ အတွင်းစည်းဝေဖန်ရေး လေဆိုးဒဏ်ကြောင့်လည်း မလဲစေနဲ့။ ဒီနေရာမှာ ဆရာမိုးစက်ငြိမ်းချမ်းရဲ့ဆောင်းပါးကို ကိုးကားမှ ဖြစ်တော့မယ်။ (ဆရာမိုးစက်ငြိမ်းချမ်းက စစ်ရေး လေ့လာသူတစ်ဦး ဖြစ်ပါတယ်)
"တကယ်တမ်းအားဖြင့် ၂၀၂၅ ခုနှစ်၊ ဧပြီလ အင်းတော်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲများ ပြီးသည်အထိ စစ်ကောင်စီသည် ခေါင်းမထောင်နိုင်သေးပေ။ စစ်ကောင်စီ ခေါင်းထောင်လာသည့် ပထမအချက်မှာ တရုတ်တို့၏ ဖိအားနှင့် စွက်ဖက်မှုကြောင့် ဧပြီလကုန်ပိုင်းတွင် လားရှိုးမြို့အား စစ်ကောင်စီလက်ထဲသို့ ပြန်လည်ထည့်ပေးလိုက်ရသည့်အချက် ဖြစ်သည်။
"ဤအချက်သည် တော်လှန်ရေးတပ်ဖွဲ့များကိုရော၊ ထောက်ခံသည့် ပြည်သူများကိုပါ စိတ်ဓာတ်ရေးရာအရ ထိခိုက်စေ၏။ ဤအချက်ကို ကိုင်ပြီး ရှမ်းမြောက် အခြေအနေနှင့်ပတ်သက်၍ ဆိုက်ဝါး သတင်းမျိုးစုံ ထုတ်လွှင့်ခဲ့သည်။ နောင်ချိုမြို့ကို ဇူလိုင်လက သိမ်းနိုင်သည့်အခါ စစ်ကောင်စီက မြန်မာပြည်စစ်ပွဲ အချိုးအကွေ့ဖြစ်ပြီ၊ တစ်မြို့ပြီးတစ်မြို့ပြန်လည်သိမ်းတော့မည်ဟူ၍ စိတ်ဓာတ်စစ်ဆင်ရေး ဆိုက်ဝါးပြုလုပ်လာသည်ကို တွေ့ရသည်။
"စစ်ကောင်စီ အသုံးချလာသည့် ဒုတိယအချက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့်ပတ်သက်၍ ဒေါက်တာတေဇာစန်းတို့၏ ဝေဖန်မှု ထွက်လာချိန်တွင် ဖြစ်၏။ ဒေါက်တာတေဇာစန်းတို့က တော်လှန်ရေးအောင်ပွဲခံနိုင်ရန်အတွက် တော်လှန်ရေး၏ အတားအဆီးများကို ဖယ်ရှားရန်၊ လိုအပ်ချက်များကို ပြုပြင်ရန် အပြုသဘောဖြင့် သုံးသပ်ကြခြင်း ဖြစ်သော်လည်း စစ်ကောင်စီသည် NUG နှင့် PDF များကို ထိုးနှက်နေသူများ၏ အားကိုယူ၍ စိတ်ဓာတ်စစ်ဆင်ရေးကို တွင်တွင်ကျယ်ကျယ် ပြုလုပ်လာခြင်း ဖြစ်သည်" လို့ ဆောင်းပါးရှင် ဆရာမိုးစက်ငြိမ်းချမ်းက ပကတိမြေပြင်အနေအထားကို ပိုင်းခြားပြထားပါတယ်။
ဆရာမိုးစက်ငြိမ်းချမ်းကတော့–
"ထို့အတူ စစ်ကောင်စီက စိတ်ဓာတ်စစ်ဆင်ရေး ပြုလုပ်နေသည်ကို သတိပြုပြီး တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့်လည်း စစ်ရေးအရသာမက စိတ်ဓာတ်စစ်ဆင် ရေး ပြန်လည်ပြုလုပ်တုံ့ပြန်ကြရန်လိုပေလိမ့်မည်။
"လောလောဆယ် အထူးသတိပြုရန်လိုသည်မှာ စစ်ကောင်စီ၏ ဆိုက်ဝါးဖြစ်၏။ ဝါဒဖြန့်စစ်ပွဲ ဖြစ်၏"လို့လည်း တိုက်တွန်းသွားပါတယ် ခင်ဗျာ။
ကျနော်တို့ အတွင်းစည်းက ဝေဖန်ရေးဆရာကြီးများလည်း ဗွက်မထကြဖို့လိုပါလိမ့်ဦးမယ်။ ။
အောင်ဝေး
(သြဂုတ် ၄၊ ၂၀၂၅)
ကိုးကား
၁။ ဇော်ဝင်းကို– အပြောမှန်ကြရဲ့လား(၁၉၉၅)
၂။ အေးချမ်းဆု– ၂၀၂၅ ခုနှစ် ပထမခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက်- ၆(ဇူလိုင် ၁၈၊ ၂၀၂၅၊ ဧရာဝတီ)
၃။ မိုးစက်ငြိမ်းချမ်း– စစ်ကောင်စီ၏ ဆိုက်ဝါးနှင့် ပကတိမြေပြင်စစ်ပွဲအခြေအနေ- ၂ (သြဂုတ် ၂၊ ၂၀၂၅၊ ဧရာဝတီ)
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar