ခေါင်းကြီး - ငါတို့ မနိုင်လို့ မဖြစ်ဘူး
ခေါင်းကြီး - ငါတို့ မနိုင်လို့ မဖြစ်ဘူး
မိုးမခ ၊ ဩဂုတ် ၈ ၊ ၂၀၂၅
(၁၉၆၂) ဆဲဗင်းဂျူလိုင် (၆၃) နှစ်တိုင်ခဲ့ပြီ...
(၁၉၈၈) ရှစ်လေးလုံးအရေးတော်ပုံ (၃၇) နှစ်ကုန်ခဲ့ပြီ...
(၂၀၀၇) ရွှေဝါရောင်တော်လှန်ရေး (၁၈) နှစ်ဝေးခဲ့ပြီ...။
ခေတ်စနစ်ဆိုးတွေအဆက်ဆက်မှာ...
အသစ်တိုးလာတဲ့ မျိုးဆက်တွေက လက်ဆင့်ကမ်းဆက်ခံ...
တော်လှန်မစဲ ဇွဲနပဲနဲ့ အပွဲပွဲ နွှဲလာခဲ့ကြပေမဲ့...
အလဲလဲအကွဲကွဲတွေချည်းပဲ ဖြစ်ခဲ့ရတာအမှန်ပါ...
အခု(၅)နှစ်ထဲရောက်လာနေတဲ့ နွေဦးတော်လှန်ရေး...
လုံးဝအရှုံးမပေးဘဲ ရဲရဲတောက် တိုက်ပွဲဝင်နေကြဆဲ...
စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် အဆုံးသတ်စေမဲ့...
အဆုံးအဖြတ် ဒီနောက်ဆုံးပွဲကိုတော့...
ဘယ်လိုပဲ ရုန်းကန်ရပါစေ ငါတို့ နိုင်ချင်တယ်...
ငါတို့ မနိုင်လို့မဖြစ်ဘူး...။
တော်လှန်ရေးသမိုင်းရဲ့ အထူးဝိသေသ...
"ဆလိုင်းတင်မောင်ဦး"မှအစ အထင်ကရ အာဇာနည်များ...
အမည်မသိ အညတရ သူရဲကောင်းများအပါအဝင်...
ရဟန်းရှင်လူ တိုင်းရင်းသားပြည်သူများရဲ့...
ရင်းနှီးပေးဆပ်ခဲ့ကြရတဲ့ အသက်ပေါင်းမြောက်မြားစွာကို...
ရင်ထဲမှာလေးစား အစဉ်အမြဲ တန်ဖိုးထားရတာမို့..
"ကိုဂျင်မီ"စကားလို "တရားတဲ့သူသာနိုင်ကြေး"...
သမိုင်းအမှားတွေကို မတရားရေးတာ မခံရစေဖို့...
ဘယ်လိုပဲပေးဆပ်ရပါစေ ငါတို့နိုင်ချင်တယ်...
ငါတို့မနိုင်လို့မဖြစ်ဘူး...။
ဒီတော်လှန်ရေးကာလတစ်လျှောက်မှာ...
ပြည်နယ်ပြည်မ ဒေသပေါင်းများစွာက...
လူသိများတဲ့ ဗန်းမော်လို မြို့ကြီးပြကြီးတွေရော...
မထင်မရှား ပဇီကြီးလို ကျေးလက်တောရွာတွေမှာပါ...
ဘာသာရေးအဆောက်အအုံတွေပါ မကျန်...
ဆေးရုံတွေ စာသင်ကျောင်းတွေလည်း မချန်ဘဲ...
လေယာဉ်သံ ဗုံးကြဲသံတွေ ဆူညံပွက်လို့...
ပြာချဖျက်ဆီးခံခဲ့ကြရတဲ့ အသက်အိုးအိမ်စည်းစိမ်ဘဝတွေကို...
နှမြောတသ ယူကျုံးမရ စာနာထောက်ထားရတာမို့...
တရားမျှတမှုတွေ မလွဲမသွေ ပြန်ယူပေးနိုင်ဖို့...
ဘယ်လိုပဲခက်ခဲပါစေ ငါတို့နိုင်ချင်တယ်...
ငါတို့မနိုင်လို့မဖြစ်ဘူး...။
ဒီတော်လှန်ရေးခရီးရှည် နေ့ညတွေမှာ...
မြန်မာ့မိခင် အမေဒေါ်အောင်ဆန်းစုကြည်နဲ့တကွ...
ဖော်မပြနိုင်တဲ့ တိုင်းပြည်သားကောင်းမြောက်မြားစွာ...
နရသိန်အကျဉ်းစခန်းများရဲ့ သံတိုင်တွေနောက်ဘက်မှာ...
မိစ္ဆာလက်ကိုင်တုတ်တွေရဲ့ လူမဆန်ချက်နဲ့...
ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်တဲ့ဒဏ်ကို...
အသံမထွက်နိုင်ဘဲ လည်စင်းခံရင်ဆိုင်နေကြရရှာတဲ့...
ဒုက္ခငရဲတွင်းမှ အရှင်းလွတ်မြောက်ခွင့်ရအောင်...
ချစ်ခြင်းသက်သေ မဖြစ်မနေ လက်ရောက်ကယ်တင်ပေးနိုင်ဖို့...
ဘယ်လိုပဲပင်ပန်းဆင်းရဲပါစေ ငါတို့နိုင်ချင်တယ်...
ငါတို့မနိုင်လို့မဖြစ်ဘူး...။
ဒီတော်လှန်ရေးအချိန်အခါအတွင်းမှာ...
အသက်နဲ့ခန္ဓာကိုအပ်နှင်း မိစ္ဆာတွေကိုစစ်ခင်းနေကြတဲ့...
သွေးချင်းညီနောင်ဘွား တော်လှန်ရေးသမားတွေ...
ဘဝနဲ့သိက္ခာကိုပုံထပ်ရင်း အခုချိန်ထိ ရပ်တည်တင်းခံထားကြတဲ့...
ဓမ္မဘက်တော်သား ပြည်သူ့ဝန်ထမ်းကောင်းတွေ...
နုပျိုမှုနဲ့အိပ်မက်တွေကိုချနင်း ပြင်းထန်တဲ့စိတ်ဓာတ်အမှန်နဲ့...
တုံ့ပြန်အာခံနေကြတဲ့ ဂျန်ဇီလူငယ်ကျောင်းသားတွေ...
စသည်အားဖြင့်...
ဒီနွေဦးမုန်တိုင်း လှိုင်းကြီးလေထန်ကြားမှာ...
လောကဓံကိုကြံ့ကြံ့ခံ သတ္တိအားမာန်အပြည့်နဲ့...
ရေဆန်လေဆန် တော်လှန်နေကြသူတွေ အားလုံး(အားလုံး)ဟာ...
ဒီတော်လှန်ရေးကြီး အောင်မြင်ပြီးဆုံးမှသာ...
မုချဧကန် အမေ့အိမ်အပြန်လမ်း...
အလုပ်ခွင်စခန်းနဲ့ စာသင်ခန်းတွေကို ပြန်ရောက်နိုင်ကြမှာမို့...
ဘယ်လောက်ပဲစွန့်လွှတ်ရပါစေ ငါတို့နိုင်ချင်တယ်...
ငါတို့မနိုင်လို့မဖြစ်ဘူး...။
"သေရင်မြေကြီး ရှင်ရင်ရွှေထီးပဲ...
ငါတို့မြေကြီးဖြစ်ခဲ့ရင်တောင် ကျန်ခဲ့တဲ့ငါတို့မျိုးဆက်...
ရွှေထီးဆောင်းရစေမယ်" ဆိုတဲ့...
"မဝတ်ရည်အောင်"ရဲ့ နိုင်ငံကျော်စကားလေးလိုပါပဲ...
တော်လှန်ရေးအလွန်ကာလ ရောက်လာတဲ့အခါကျရင်...
စစ်အာဏာရှင်စနစ်နဲ့ စစ်အာဏာရူးလူမိုက်တွေရဲ့...
ဘနဖူးသိုက်တူး ကျိန်စာစူးကြမဲ့ စိတ်ထားယုတ်တွေနဲ့...
နှစ်ပေါင်းများစွာ နင်းခြေဖျက်ဆီးခဲ့တာကြောင့်...
စိစိညက်ညက်ကြေနေတဲ့ ငါတို့ရဲ့တိုင်းပြည်ကို...
ငါတို့မျိုးဆက်သစ်တွေအတွက် ရွှေရောင်တိုင်းပြည်အဖြစ်...
ရောင်နီသစ်တွေနဲ့အတူ အသစ်တဖန် ပြန်ဖြစ်လာရအောင်...
မီးပုံထဲကပျံတက် ဖီးနစ်ငှက်လို ပမာစံထားလို့...
စိတ်သစ်လူသစ်များနဲ့ ငါတို့ပြန်ထူထောင်နိုင်ကြဖို့...
ဘယ်လိုပဲ အမှောင်ဆုံးညတွေ ကျော်ဖြတ်ရပါစေ...
ငါတို့နိုင်ချင်တယ်...
ငါတို့မနိုင်လို့မဖြစ်ဘူး...
ငါတို့နိုင်ကိုနိုင်ရမယ်...။