Sunday, September 7, 2025

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - နင်လငတ်ကောင်

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - နင်လငတ်ကောင်

မိုးမခ၊ စက်တင်ဘာ ၇ ၊ ၂၀၂၅


နင်စောက်ကောင်-နစက-ကနေ နင်လငတ်ကောင်-နလငက-ကို ပြောင်းပြီးသကာလ ခွေးစောက်တလွဲတို့သည် သေးပေါက်ပွဲလုပ်ဖို့ အနယ်နယ်အရပ်ရပ်မှာ ခွေးကြောင်းထိုးနေကြလေသည်။ 

ခွေးကြောင်းထိုးရာ လမ်း‌တလျှောက် လူစာမှန်သမျှ သယ်၊ မသယ်နိုင်ဖျက်၊ လူနေတိုက်တာအိမ်ခြေဝင် လိုချင်တာယူ မယူနိုင်တာ မီးတိုက်၊ တွေ့သမျှလူကိုသတ်ဖမ်း လူသားတံတိုင်းလုပ်၊ အရွယ်မရွေး မုဒိမ်းကျင့်၊ အိုးဖျက်အိမ်ဖျက် အလုပ်ဖျက်အကိုင်ဖျက် အထိုင်ဖျက် ပြည်သူအခက်ပွေ ဖြစ်ချင်ရာဖြစ် ပြည်သူ့အသက်တွေ ထွက်ချက်သလိုထွက် အာဏာရူး မင်းအောင်လှိုင်နဲ့စစ်ခေါင်းဆောင် မိသားစုတွေအတွက် စစ်သားတွေဟာ ကိုယ်ထိုင်တဲ့ကိုင်း ကိုယ်ချိုင်တဲ့ဘဝရောက်၊ ကိုယ့်အမျိုးတွေကိုယ် ဒုက္ခချောက်ထဲကန်ချ၊ ‌ကိုယ့်ဒေသကိုယ်တိုင်ဖျက်ဆီး ကိုယ့်ဘာသာသာသနာ ကိုယ့်ယဉ်ကျေးမှုအမွေအနှစ်မှန်သမျှ ပြာပုံကြီးဖြစ်အောင်လုပ်နေကြတဲ့သူတွေဖြစ်ကုန်ပြီ။

ပြည်သူတွေ နေရေးထိုင်ရေးပျက်ရုံတင်မက ဘိုးစဉ်ဘောင်ဆက် လက်နဲ့ခြေနဲ့ရုန်းခဲ့ရတဲ့စီးပွားရေးလဲကုန်၊ ကြီးပွားလက်စ စိုက်ပျိုးရေးကဏ္ဍလဲတန့်၊ မဟန့်တဟန်က‌နေ ဟန့်တဟန်ဖြစ်အောင် လုပ်ဆောင်နေကြတဲ့ ကျန်းမာရေးပညာရေးစနစ်တွေလဲအကုန်ပြို၊ စစ်သားကို လူစာရင်းပျောက်အောင် လူ့အရည်အရောင်မဲ့အောင်အမိန့်ပေးစေခိုင်းချက်တွေဆိုပါတော့။ 

ခုဆို အရပ်မိသားစုတင်မက တပ်မိသားစုပါဇောက်ထိုးမိုးမျှော်ဖြစ်အောင်လုပ်ပြီး ခြေလေးချောင်းနှုတ်သီးမဲခေတ်စုတ်ကို သရုပ်ဖော်ချင်သလိုဖော်နေကြလေပြီ။

အရပ်သားပြည်သူထံက အခွန်ရစရာ မရှိတော့ ငလျင်လှူတဲ့ နိုင်ငံတကာအလှူငွေတွေကို ငလျင်ဒုက္ခရောက်သူတွေကို ထပ်နှိပ်စက်ဖို့ လက်နက်ဖိုးသုံးပြီ။ သယံဇာတတွေကလဲ သူ့ဒေသနဲ့သူ ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်သူတွေပိုင်စိုးလာတော့ အမိမြေတလက်မမှအထိမခံဆိုတဲ့ငနွားတွေဟာ တရုတ်နဲ့ ရုရှားဆီ တိုင်းရင်းသားဒေသက မြေတွေကို ဖဲ့ရောင်းစားနေပြီ။ တကယ်တော့ တိုင်းရင်းသားဒေသက မြေတွေဆိုတာ အခုအခါမှာတော့ စစ်တပ် ပိုင်ဖို့ထား စစ်တပ်နဲ့မဆိုင်မှန်းပါ ဖုံးမရဖိမရဖြစ်လာ၊ နဂိုစောင့်ရှောက်ခွင့် ဇွတ်ယူထားတာလေးပါ လက်လွှတ်ရမှာ သိလာတော့ ရရာဈေးနဲ့ လက်ညှိုးထိုး ရောင်းစားလိုက်ခြင်းသာ ဖြစ်သည်။ တကယ်တော့ စစ်တပ်ပိုင် ဆိုတာ ရှိကိုမရှိ။ အစိုးရတဖွဲ့အောက်က ဝန်ကြီးဌာနပိုင်သာရှိသည်။ အစိုးရအဖွဲ့ခေါင်းဆောင်၊ ကာကွယ်ရေးဝန်ကြီးနဲ့ စစ်ဦးစီးချုပ် တရုပ်ထဲဆင်ထားကထဲက မဟုတ်မဟတ်ဘီလူးဂွင်ကို အရူးထွင်ထားမှန်း လူကောင်းတိုင်းသိသည်။ 

သူတို့က ဘယ်ပြည်သူမှ လက်မခံလို့ တရားဝင်အစိုးရလဲ မဟုတ်၊ ခုတော့ အပြတ်တိုက်ထုတ်မောင်းထုတ်လို့ အမြီးကုတ်နေရတဲ့ကြား တရားဝင်လေးများ ယောင်ဝါးဝါးဖြစ်မလားလို့ ရွေးကောက်ပွဲလုပ်ခြင်းပင်။ ရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့အူသံလေးနဲ့ လူရာဝင်လိုဝင်ငြား ဖင်ကစားခြင်းသက်သက်သာ။  လူထုထောက်ခံ ရွေးကောက်တင်မြှောက်ထားတဲ့အစိုးရကို အာဏာသိမ်းပြီး ငါးနှစ်ဆက်တိုက်ပြည်သူကိုသတ်ဖြတ်ညှင်းဆဲနေတဲ့စစ်ခွေးဘီလူးကို အရူးကတောင် မထောက်ခံ။ ဘာ့လို့ဆို အရူးပါ လိုက်သတ်နေလို့ဖြစ်သည်။ ပြည်သူ မထောက်ခံမှတော့ ရှီကျင့်ဖျင်ခံလို့လဲမရ။ ရှီကျင့်ဖျင်က သူ့ဖျင်နဲ့သူခံတာမဟုတ်ဘဲ သူများဖျင်ငှားခံလို့မရဘူးမဟုတ်လား။ သူ့ဟာသူတောင် ထိုင်ခုံမပျောက်ဖို့ မိုင်ကုန်လျှောက်နေရတဲ့အချိန်လေ။ အဲဒါကို မအလက ရှီကျင့်ဖျင်ခံတယ်ကွ၊ ရှီကျင့်ဖျင်ခံတယ်ကွဆိုပြီး တရုတ်စမုံဆုတ်အောင် ဂုဏ်လုပ်နေသည်။

ရှေ့လျှောက် အစိုးရဖြစ်ခြင်းသည်ပင်လျှင် အကန့်အသတ်နဲ့ဖြစ်တော့မည်။ ကိုယ့်တိုင်းကိုယ့်ဒေသ ကိုယ့်ပြည်ကိုယ့်နယ်ကိုယ့်အစိုးရနဲ့ကိုယ်ဖြစ်လာလျင် ကိုယ်ကဝင်အစိုးရချင်လို့မရ၊ ကိုယ့်ဒေသမဟုတ်ရင် သူခွင့်ပြုမှ ခြေချရမည်သာတည်း။ ပြည်ထောင်စုအစိုးရကအချိုးမပြေလျှင် ဘယ်သူမှ ခြေစုပ်လက်နယ်ပြုနေမယ်မဟုတ်၊ အရင်လို အပြုခံချင်လို့လဲမရ၊  အဲဒီခေတ်လစ်သွားပြီ။ ကိုယ်နဲ့မဆိုင်တဲ့ဒေသမှာ လက်နက်အားကိုးနဲ့ ခပ်တည်တည်အစိုးရတက်လုပ်အုပ်ချုပ်ဗိုလ်ကျစိုးမိုးဖို့ ရောင်လို့မှ မစဉ်းစားနဲ့တော့။ ဗမာ့မြေ ဗမာ့ရေမှာအများစုအခြေချကြရမယ့်စစ်သားတွေအဖို့ ဒီအချက်ကိုကြပ်ကြပ်စဉ်းစားပြီး ဘက်ပြောင်းဖို့ အချိန်မီလုပ်ဆောင်ကြရန်သာ ရှိသည်။ 

ရခိုင်သာကြည့်၊ မကြာခင် အဲလိုဖြစ်လာမယ့်နေရာတွေချည်းသာ။ မဟုတ်လို့ကတော့ သောင်ပြင်လွှတ်တဲ့ခွေးကမှ ပြေးစရာရှိသေးသည်။ စစ်ခေါင်းဆောင်တွေကတော့ အရှိုအရှိုလစ်ကြဖို့ နိုင်ငံလေးငါးခုမှာ ပြင်ဆင်ထားပြီးပြီ။ လူထုကိုသေနတ်မောင်းဖြုတ်ရင်း ဆုတ်ဖို့တော့ မစဉ်းစားနဲ့တော့။ ဖဝါးခြေထပ် ကပ်လိုက်လာမယ့် သေခြင်းတရားကို ရှုပွားရင်း သားမယားရှိသေးသည်ဆိုတာကို သတိပြုဖို့လိုသည်။ မင်းအောင်လှိုင်က သူ့သားအောင်ပြည့်စုံ၊ သူ့သမီးခင်သီရိသက်မွန်နဲ့ သူ့မြေးမတွေအကြောင်း စဉ်းစားသလို ကိုယ့်သားမယားအရေး စဉ်းစားဖို့လိုပြီ။ မင်းတို့ရှေးရေးပြေးစရာလမ်းမရှိအောင် စစ်ခေါင်းဆောင်တွေက လူထုအပေါ် လူစိတ်ပျောက် ရက်စက်ခိုင်းထားပြီး သူတို့ပြေးပေါက်အတွက် စစ်သားတွေ စစ်သားမိသားစုတွေ သူဌေးသူကြွယ်တွေနဲ့ စည်းသုံးတန်ခြားထားပြီ။ သူတို့သားသမီးမြေးမြစ်တင်မက ဆွေမျိုးတွေအတွက်ပါ အကုန်နေရာချထားပြီးပြီ။ မပြေးခင် သူတို့ဆယ်သက်စာ တိုင်းပြည်က ရသမျှအကုန်ခြစ်ကုတ်နှိုက်ထုတ်နေခြင်းသာ။ မင်းတို့မှာတော့ တရက်စာတောင်မရှိ။ လိုချင်ရင် သူ့လိုဘဲ ကိုယ်ခိုးလို့တိုက်လို့ရတဲ့နေရာမှာ ခိုးကြတိုက်ကြ လုကြယက်ကြဖို့ ဖန်တီးပေးထားသည်။ 

မအလနဲ့ စစ်ခေါင်းဆောင်တွေဟာ ဘာမှ တိုင်းပြည်အတွက် မလုပ်။ တိုင်းပြည်အတွက် လုပ်မယ်ဆိုရင်လဲ အာဏာသိမ်းမယ်မဟုတ်။ သူတို့ထက် ပညာတတ် အလုပ်လုပ်တတ် ကိုယ်ကျင့်သာလွန်မြင့်မြတ်လို့ ရလဒ်ကောင်းတွေမြင်နေရဲ့နဲ့ လောဘဇောတက်ပြီး သူ့ရဲ့ရိုဟင်ဂျာဂျီနိုဆိုက်ကိစ္စ ကာလဝိပါက်နောက်ပိုးတက်လာမှာကြောက်လို့ အာဏာသိမ်းခဲ့တဲ့ကောင်ဆီက ဘာဆို ဘာမှ မမျော်လင့်နဲ့။ ကိုယ့်လက်အောက် ငယ်သားရဲ့မိသားစုပါ အရေခွံစုတ် အသားနုတ်နုတ်စဉ်းနေတဲ့ကောင်တွေဆီက ဘာဆို ဘာမှ မမျှော်လင့်နဲ့။ 

ရွေးကောက်ပွဲဝင်မယ့်သူတွေတောင် မျှော်လင့်ပြီး ရွေးကောက်ပွဲဝင်နေကြတာ မဟုတ်။ သူတို့လဲ လမ်းပျောက် ဘယ်ကိုမှ လျှောက်မရလို့ ရွေးကောက်ပွဲဝင်နေကြတာသာ ဖြစ်သည်။ မအလက ဘယ်သူ့မှ ဘယ်မှ အထွက်မခံ၊ မင်းတို့အသက်တွေ ငါပိုင်တယ်ဆိုပြီးချုပ်ထားလို့ ပေတေနေနေကြရသည်။ လူပြေးရင် အိုးအိမ်စည်းစိမ်သိမ်းမည်။ ခုဆို ကုမ္ပဏီသူ‌ဌေးတိုင်းကို ဘဏ့်အကောင့်နဲ့ တကယ်နေတဲ့ အိမ်လိပ်စာ အတိအကျတောင်းနေပြီ။ ဒါက အလတ်စား၊ အသေးစားတွေအတွက်။ အကြီးစားတွေကတော့ သူတို့ထားရာ အိပ်နေရ ထိုင်နေရတာ ကြာပြီ။ ဗိုလ်ချုပ်ပြုတ်တွေလဲ ထိုနည်း၎င်းဘဲဖြစ်သည်။ နင်တို့ကိုသေရွာပို့ပြီးမှ သူက တပြည်တရွာသို့ ထွက်ခွာမည်။ 

တော်လှန်ရေးရဲဘော်တွေကတော့ တနေ့ပြီးတနေ့ တရွေ့ပြီးတရွေ့ ဦးတည်ရာကို လာနေပြီ။ နောက်မဆုတ်။ စကတည်းက အဆုံးထိသွားမည်ဆိုပြီးသား။ နိုင်ငံရေးနည်းလမ်းကုန်လို့ လက်နက်ကိုင်တော်လှန်ရေးကို တူမီးနဲ့ စခဲ့တယ် ဆိုတာလောက်ကို ထောက်ဆကြည့်လိုက်။ ခု ဘယ်ခရီးရောက်နေပြီလဲဆိုတာ လှမ်းကြည့်လိုက်။ အဲလိုဆို ဘယ်ထိရောက်မယ်ဆိုတာ မှန်းကြည့်လို့ရပြီ။ ပြီးတော့ ဘယ်သူတွေနဲ့ ကိုယ့်လမ်းကိုယ်ဖောက် ထွက်ရမယ်ဆိုတာလဲ သိရော့မည်။ 

လမ်းပေါက်သာလျက်၊ အပြေးခက်၊ လမ်းတွက်မဟုတ်ချေဆိုတဲ့ လယ်တီဆရာတော်ကြီးရဲ့စကားကိုလဲ နဖူးပေါ်လက်တင် စဉ်းစားခန်းဝင်ပေဦးတော့လေ။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar