Breaking News

ဖလော်ဒါဟန် - ပြည်သူတို့ဘဝ အသက်သွေးကြောများ

ဖလော်ဒါဟန် - ပြည်သူတို့ဘဝ အသက်သွေးကြောများ

မိုးမခ ၊ စက်တင်ဘာ ၆ ၊ ၂၀၂၅ 


အာဏာရှင် ဆိုတာ ပြည်သူတွေရဲ့ဘဝကို လွယ်လွယ်လေး ဇာတ်သိမ်းပစ်တတ်ကြတယ်။

အခုလည်း ကြည့်လေ၊ ပြည်သူတွေရဲ့ လူထုခေါင်းဆောင် နာမကျန်းနေသည်ကိုတောင် လူစိတ်ကင်းမဲ့စွာနဲ့ အတ္တနဲ့အာဏာကို ထိန်းညှိလို့ ကောင်းဆဲ။

လူတော် လူကောင်းတွေကို သူတို့ မလိုလားသလို လူချွန်လူကောင်း ဖြစ်အောင်လည်း မွေးထုတ်မပေးနိုင်တာ အာဏာရှင်ခေတ် အဆက်ဆက်ပါ။

လူ့အသက်တွေကို လွယ်လွယ်လေးနဲ့ ဖျက်ဆီးပစ်သလို တန်ဖိုးမထားတတ်တဲ့ မြန်မာစစ်တပ်ဆိုတာ ပြည်သူကို အကျိုးပြုဖို့ထက် မိမိကိုယ်ကျိုးကိုသာ ရှေ့တန်းတင်ခဲ့သူ‌တွေပါ။

အာဏာရှင်ခေတ် အဆက်ဆက်မှာ ပညာတတ် ပညာရှင်ဆိုတာ သူတို့အတွက် အဟန့်အတားလို့ဆိုမလားဘဲ။

ဒီလိုပါပဲ၊ ပြည်သူဆိုတာ အာဏာရှင်ခေတ်အဆက်ဆက်မှာ ပညာလည်းပိတ်၊ သင်ကြားမှုလည်းတိတ်ခဲ့ရတဲ့ စနစ်ကြီးအောက်မှာ လူငယ်တွေ ကြီးပြင်းရတယ်။

အမှောင်ထုမှာ အလင်းတန်းလေးကို ရှာဖွေကြရင်း ပြည်သူတွေဘဝက မျက်စိပွင့်၊ နားပွင့်လို့ လူထုခေါင်းဆောင်ရဲ့ ဂုဏ်ရည်မှာ မိမိကိုယ်ကို ယုံကြည်မှူတွေ ရှိလာကြတယ်။

လူထုခေါင်းဆောင် ပေးခဲ့တဲ့ အမွေသည် ပြည်သူအပေါ် ထားတဲ့ စေတနာ၊ မေတ္တာတွေပါ။

ဒီမေတ္တာတရားကြောင့်လည်း ပြည်သူတွေဘဝ ရဲရင့်လာကြတယ်။

နယ်ပယ်အသိုင်းအဝန်း အမျိုးစုံမှာ သတ္တိ ဆိုသည့် ပြတ်သားသည့်စိတ်ကို အခြေံခံပြီး မိမိတို့ကိုယ်ပိုင်ရုန်းကန်နိုင်သည့် စွမ်းအားတွေ မြှင့်တင်လာကြတယ်။

ဒီအချက်တွေဟာ လူထုခေါင်းဆောင် ပေးခဲ့တဲ့ အခြေခံအုတ်မြစ်ပါ။

လူထုခေါင်းဆောင်ရဲ့ ကျန်းမာရေးသည် ပြည်သူတွေရဲ့ ကျန်းမာရေးပါ။

လူထုခေါင်းဆောင်ရဲ့ အသက်သည် ပြည်သူတွေရဲ့ အသက်ပါ။

လူထုခေါင်းဆောင် အကျဉ်းကျနေရသလို ပြည်သူတွေဘဝ အကျဉ်းကျနေကြဆဲပါ။

ဒါနဲ့ယှဉ်လို့ ထေရဝါဒ ဗုဒ္ဓဘာသာ ထွန်းကားသည့် ဘာသာတရားသည် မြန်မာပြည်အတွက် ခေတ်အဆက်ဆက်‌သော မင်းများ လိုက်နာစရာ ကျင့်ကြံအားထုတ်ဖွယ်ကောင်းသည့် အမူအကျင့်ကျင့်ဝတ်များဖြင့် အထူးပင် ကြည်ညိုဖွယ်ရာ ဘာသာပါ။

အခုတော့ မြန်မာပြည်အတွက် ဘာသာတရားသည် အမည်ခံဘာသာတရားမျှသာသာ သာ ရှိနေတဲ့အနေအထား ရောက်‌နေပါပြီ။

ဘာကြောင့်လဲ။

မင်းမှစ ပြည်သူများအဆုံး ကိုးကွယ်ယုံကြည်မှု ဆိုသည့် ဘာသာတရားရဲ့အခြေခံတွေကို မလိုက်နာသလို ဆန့်ကျင်ဘက်ကို ဦးတည်နေကြလို့ပါ။

အထူးသဖြင့် မြန်မာစစ်ခေါင်‌ဆောင် အများစုသည် ဘာသာတရားကို အဘယ်ကြောင့် ကိုးကွယ်ခဲ့ကြသနည်း။

ခေါင်းဆောင်တဦးအတွက် အ‌ဖြေက ရှိကို ရှိ‌နေရမှာ။

အဖြေနဲ့အတူ ပြည်သူတွေဘဝ အသက်ကို ကာကွယ်စောင့်ရှောက်ကြရမှာပါ။

အခုတော့ အမည်ခံ ကိုးကွယ်ယုံကြည်မှုမှာ ဘာသာတရားသည် စီးပွားရေးလက်နက်အသွင် ပြောင်းလာတော့ အမှန်ပါ။

ဒီထက် ဆိုးသည်က အရှိတရားကို အပြစ်သဖွယ် အပြစ်မြင်နေခြင်းပါ။

အခုဆို လူထုခေါင်းဆောင် မကျန်းမာခြင်းသည် ပြည်သူများအတွက်တော့ စိတ်မချမ်းမြေ့ဖွယ်သတင်းပါ။

ကျွန်မတို့ လူထုခေါင်းဆောင်ကို သက်ကြီးရွယ်အိုမှ စလို့ သိတတ်အရွယ် ကျောင်းနေရွယ်အဆုံး ရင်ထဲ အသည်းထဲကနေ လေးစားနေကြရတဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။

ဒါ့အပြင် ကျေးဇူးရှင်ကို ကျေးဇူးတရားဖြင့် ရင်ထဲက တသသ ရှိနေကြသည်မှာလည်း မြန်မာလူမျိုးများရဲ့ ကရုဏာနဲ့ မုဒိတာပါ။

ဒါကို အာဏာရှင်များမှ အတ္တဆိုသည့် မာန်ဖြင့် လူတယောက်ရဲ့ အသက်ကို တန်ဖိုးမထား။ ပြည်သူ့ရဲ့ဆန္ဒကို အမြဲဆန့်ကျင် အမှားများစွာမှ အကြီးမားဆုံးပြစ်မှုကြီးများကို ထပ်ကာထပ်ကာ ကျူးလွန်ခြင်းလို့ ဆိုရင်လည်း ရပါလိမ့်မယ်။

ယနေ့အချိန်မှာ ကျွန်မတို့ ပြည်သူတွေရဲ့ အသက်နဲ့ သွေးသည် အဏာရှင် အဓွန့်ရှည်ဖို့ မဟုတ်ပါဘူး။

စကမ ဆိုသည့် မြန်မာစစ်တပ် ဟူသည် မတရားမှုကို မျက်ကွယ်ပြု၊ အမှန်တရားကို ဖုံးကွယ်၊ အရှိတရားကို ဖုံးအုပ်၊ လူထုရှေ့မထွက်ရဲတဲ့ အာဏာရှင်နဲ့ မြန်မာစစ်တပ်ကို ချေမှုန်း အမြစ်ဖြတ်နိုင်ဖို့ ပြည်သူတွေ ရင်းထားရတဲ့ အသက်‌သွေး၊ ချွေးများ ဖြစ်သည်ကို ထောက်ပြရင်း လူထုခေါင်းဆောင် ရောဂါဝေဒနာ သက်သာပျောက်ကင်းပါစေကြောင်း ဆုမွန်တောင်းလိုက်ရပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar