Wednesday, September 10, 2025

အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားတဲ့ မြို့တွေမှာ ပြန်ပေးဆွဲ/စစ်သားစုဆောင်းမှုနဲ့ ရာဇဝတ်မှုတွေ နေ့စဥ်နဲ့ အမျှ ဖြစ်ပွားနေ



မြန်မာနွေဦးခရိုနီကယ် - စက်တင်ဘာ ၈ မြင်ကွင်း
(မိုးမခ) စက်တင်ဘာ ၉၊ ၂၀၂၅

အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားတဲ့ မြို့တွေမှာ ပြန်ပေးဆွဲ/စစ်သားစုဆောင်းမှုနဲ့ ရာဇဝတ်မှုတွေ နေ့စဥ်နဲ့ အမျှ ဖြစ်ပွားနေ


နေ့စဥ် သတင်းတွေကို ဖတ်ကြည့်တဲ့အခါ အမျိုးသား လူငယ်တွေ ပျောက်ဆုံးတဲ့ သတင်း၊ အလုပ်ကိစ္စနဲ့ သွားလာရင်း ဖမ်းဆီးခံရပြီးနောက် စစ်မှုထမ်း ထဲပို့မယ်ဆိုပြီး ငွေသိန်းဆယ်ဂဏန်းကနေ သိန်းရာဂဏန်းထိ တောင်းခံခြင်း ခံရတဲ့ သတင်း၊ ပစ္စည်းယူဖို့ ရည်ရွယ်ချက်နဲ့ သတ်ဖြတ်ခံရတဲ့ သတင်း၊ ရွှေဆိုင်၊ ဖုန်းဆိုင် ဓါးပြတိုက်လုယက်ခံရတဲ့ သတင်းနဲ့ လမ်းတွေမှာ ဓါးထောက်လုယက်တဲ့ သတင်းတွေက နေရာယူထားကြတာ တွေ့ရပါတယ်။

စက်တင်ဘာ ၈ ရက်နေ့ သတင်းတွေကို ကြည့်မယ်ဆိုရင် မြစ်ကြီးနားမြို့မှာ လူငယ် ၆ ယောက်ခန့်က လမ်းသွားလမ်းလာ အမျိုးသမီးတဦးကို ဓါးထောက်ပြီး ဖုန်းနဲ့ ပိုက်ဆံလုယူတဲ့သတင်းတွေ့ကြရမှာ ဖြစ်ပါတယ်။ ကံအားလျော်စွာ ဓါးထောက်လုယက်ခံရတဲ့ အမျိုးသမီးအော်လိုက်ရာမှာ ရပ်ကွက်လူထုက ဝိုင်းဝန်းဖမ်းဆီးခဲ့ကြပြီး ၄ ဦးထက်မနည်း ဖမ်းဆီးနိုင်ခဲ့တဲ့ သတင်းဖြစ်ပါတယ်။ ဒီနေ့မှာပဲ မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်က ရွှေဆိုင်တဆိုင်ကို သေနတ်ကိုင်ဆောင်ထားတဲ့ သူတွေဝင်လာပြီး ဓါးပြတိုက်သွားတဲ့ သတင်းဖြစ်ပါတယ်။

နောက်သတင်းတပုဒ်ကတော့ ရန်ကုန်မြို့မှာ စစ်မှုထမ်းအရွယ် ယောက်ျားတွေကို ဖမ်းဆီး ပြန်ပေးဆွဲငွေညှစ်ကာ ၄င်းတို့တောင်းသလောက် မပေးနိုင်ခဲ့ရင် စစ်တပ်ရဲ့ စစ်မှုထမ်းစုဆောင်းတဲ့ အဖွဲ့ထံ ငွေယူပြီးလွှဲပေးတဲ့ အဖြစ်တွေ ဖြစ်ပွားလာနေတဲ့ အကြောင်း DVB သတင်းတပုဒ်မှာ ဖေါ်ပြထားပါတယ်။

ဒီလို ပြန်ပေးဆွဲ ဖမ်းဆီးနေတဲ့ အဖွဲ့တွေဟာ ဘယ်လိုလူတွေလဲ ဆိုတာ ရှင်းရှင်းလင်းလင်း ဖေါ်ပြမထားပေမယ့် ၄င်းတို့က စစ်မှုထမ်းစုဆောင်းတဲ့ တပ်ကို လွှဲပြောင်းပေးတာမျိုး လုပ်ဆောင်တာဖြစ်လို့ အာဏာသိမ်းစစ်တပ်နဲ့ အဆက်အစပ်ရှိနေတဲ့ သူတွေဖြစ်လိမ့်မယ်လို့ မှန်းဆရပါတယ်။ ဒီလို ဖြစ်ရပ်မျိုးတွေဖြစ်ပွားလာတာဟာ အုပ်ချုပ်နေတဲ့ အစိုးရရှိနေပေမယ့်လည်း အများပြည်သူကို ကာကွယ်ပေးတဲ့ တရားဥပဒေစိုးမိုးမှု မရှိတဲ့ သဘောလည်း ဖြစ်ပါတယ်။

စစ်မှုမထမ်းမနေရ ဥပဒေ အသက်သွင်းပြီးနောက် တနှစ်ကျော် အကြာမှာ စစ်မှုထမ်းစုဆောင်းတဲ့ စနစ်က မဲနှိုက်တဲ့ စနစ်နဲ့ ကျင့်သုံးနေတာ မဟုတ်တော့သလို အလှည့်ကျ စေလွှတ်ခံရမယ့် စနစ်လည်း မဟုတ်တော့ပါဘူး။ စစ်မှုထမ်း ဥပဒေကို အသုံးချပြီး လူဖမ်းငွေညှစ်တဲ့ စနစ်နဲ့ လူစုဆောင်းနေပြီး ဝင်ငွေအပိုအလျှံမရှိတဲ့ အချို့မိဘတွေအနေနဲ့ သားဖြစ်သူကို စစ်ထဲမပါစေချင်တဲ့ ဆန္ဒတခုထဲနဲ့ အခြေပစ္စည်းဖြစ်တဲ့ နေအိမ်လိုပိုင်ဆိုင်မှုတွေ ပေါင်နှံရောင်းချပြီး တောင်းတဲ့ငွေပေးဖို့ ကြိုးစားကြတဲ့ အဖြစ်တွေ ရှိနေတာဖြစ်ပါတယ်။ စစ်မှုမထမ်း မနေရ နည်းဥပဒေ ထွက်ရှိလာသည့်တိုင် လူဖမ်းတာ၊ ငွေသိန်း ဆယ်ဂဏန်းကနေ ရာဂဏန်းယူပြီး လူစားထိုးတာ ပြန်ပေးဆွဲတာတွေက ပျောက်ကွယ်မသွားဘဲ ဆက်လက်ဖြစ်ပေါ်နေတာ တွေ့ရပါတယ်။ အာဏာသိမ်းစစ်တပ် အနေနဲ့ စစ်မှုထမ်းစုဆောင်းရရှိဖို့က လက်ရှိတိုက်နေတဲ့ စစ်ပွဲရဲ့ အဓိက ကျောရိုးတခုဖြစ်လာနေချိန်မှာ အခြားသော ဥပဒေစိုးမိုးရေး၊ အစိုးရတရပ် လိုက်နာရမယ့် စည်းမျဥ်းလုပ်ထုံးလုပ်နည်းတွေ တခုကိုမျှ ဂရုစိုက်ခြင်း မရှိတော့တာ တွေ့ရမှာပါ။

စစ်အာဏာသိမ်းမှု မဖြစ်ခင်ကာလ၊ စစ်မက်ဖြစ်ပွားခြင်းမရှိသေးတဲ့ကာလတွေတုန်းက အခုလို တနေ့တာအတွင်း ကြားသိရတဲ့ သတင်းမျိုးတွေကို လနဲ့ ချီကြာမြင့်မှ တကြိမ်တခါ ကြားသိရတာမျိုးဖြစ်ပေမယ့် အခုအခါမှာတော့ အထက်က သတင်းတွေက နေ့စဥ်ဖြစ်ပျက်နေကျ အဖြစ်အပျက်တွေလို ဖြစ်လာနေတာပါ။

မိသားစုဝင်တွေက လူမှုကွန်ရက်မီဒီယာ မှာ လူပျောက်တဲ့ ကြော်ငြာတွေလည်း နေ့စဥ်လိုလို တွေ့နေရပြီး အချို့က ပြန်ပေးဆွဲခံရတဲ့ အဖြစ်၊ သတ်ဖြတ်ခံရတဲ့ အဖြစ်အပျက်တွေ ဖြစ်ပြီးအချို့က သဲလွန်စ မရလောက်အောင် ပျောက်သွားတာတွေလည်း အများအပြားရှိနေတာ ဖြစ်ပါတယ်။

ရာဇဝတ်မှုကျူးလွန်မှုတွေ နေ့စဥ်သတင်းတွေထဲ တွေ့မြင်နေရပေမယ့် မြို့တွေကို ထိန်းချုပ်ထားတဲ့ အာဏာသိမ်း စစ်တပ်အနေနဲ့ ဘာမှ လုပ်ဆောင်ခြင်းမရှိပါဘူး။ ဘာကြောင့်လည်းဆို ဒီဖြစ်ရပ်တွေမှာ ၄င်းတို့ရဲ့ တပ်ဖွဲ့ဝင်တွေ၊ ၄င်းတို့အုပ်ချုပ်ရေး ယန္တရားရဲ့ အောက်ဆုံးအဆင့်က အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ သတင်းပေးသူတွေ က ကျူးလွန်နေကြတာ ဖြစ်နေခြင်းကလည်း အကြောင်းတချက်ဖြစ်နေပါတယ်။

အာဏာသိမ်းစစ်တပ် အနေနဲ့ ရဲနဲ့ စရဖ အဖွဲ့တွေကို နိုင်ငံရေး အရ ဆန့်ကျင်သူတွေ၊ လက်နက်ကိုင် ပုန်ကန်သူတွေရဲ့ သတင်းအချက်အလက်စုဆောင်းမှုမှာသာ အသုံးချပြီး အဆိုပါ ကိစ္စတွေနဲ့ မသက်ဆိုင်တဲ့ ရာဇဝတ်မှု ကျူးလွန်မှုတွေကို ဖမ်းဆီးတာမျိုးတွေမှာ အသုံးမချတော့ပါဘူး။ နိုင်ငံရေးအရ ဆန့်ကျင်သူ၊ လက်နက်ကိုင် ခုခံတိုက်ခိုက်သူတွေနဲ့ ၄င်းတို့နဲ့ ဆက်သွယ်မှုတွေကိုသာ အထူးအလေးပေး စုံစမ်းထောက်လှမ်း ဖမ်းဆီးတာ ဖြစ်ပါတယ်။

အကျဥ်းထောင်တွေကနေ နိုင်ငံရေးနဲ့ မသက်ဆိုင်ဘဲ ရာဇဝတ်မှု ကျူးလွန်မှုကြောင့် ပြစ်ဒဏ်ကျနေသူတွေကို တနှစ်မှာ ၄/၅ ကြိမ် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ လွှတ်ပေးနေခြင်းကလည်း ရာဇဝတ်မှုတွေ မြင့်တက်လာစေတဲ့ အကြောင်းအရင်းတခု ဖြစ်နေပါတယ်။

ဒီလို အထက်က ဖေါ်ပြခဲ့တဲ့ အကြောင်းအရင်းတွေ ကိုအခြေခံပြီး ရာဇဝတ်မှုတွေ သိသိသာသာ မြင့်တက်လာစေတာ ဖြစ်ပါတယ်။ လက်နက်နဲ့ ဓါးပြတိုက်တာ လူသတ်တာတွေက တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေမှာလည်း ဖြစ်ပွားနေသလို မြို့တွေမှာပါ နေ့စဥ်လိုလို ဖြစ်ပွားနေတာတွေ့ရပါတယ်။

မြန်မာနိုင်ငံက ပြည်သူလူထုအနေနဲ့ ရာဇဝတ်မှုတွေကို မိမိတို့ဘာသာကာကွယ်ကြရမယ့်အနေအထားမျိုး စဥ်းစားမှုမျိုး ဖြစ်ပေါ်နေပေမယ့်လည်း ခုခံကာကွယ်ဖို့ ရပ်ကွက်၊ မြို့ရွာအလိုက် အဖွဲ့အစည်း ဖွဲ့စည်းခွင့် ရှိမနေကြပါဘူး။

တဖက်က စီးပွားရေး ကြပ်တည်းမှုနဲ့ စိတ်ပင်ပန်းဆင်းရဲနေကြရချိန်မှာ ရာဇဝတ်မှုတွေထူပြောတဲ့ဒဏ် စိတ်မလုံခြုံမှုဒဏ်ကိုပါ တပြိုင်နက်ထဲ ခံစားနေကြရတာ ဖြစ်ပါတယ်။ အာဏာသိမ်း စစ်တပ်က ပေးချင်တဲ့ သတင်းစကားက အခုလို အကျိုးဆက်တွေဟာ လက်နက်ကိုင် ခုခံတော်လှန်မှုကြောင့် ဆိုတဲ့ ကောက်ချက်ဖြစ်ပြီး လူထုအမြင်မှာတော့ ဒီအကျိုးဆက်တွေက စစ်တပ်ရဲ့ အာဏာသိမ်းမှုကြောင့် ဖြစ်လာတာ ဆိုတဲ့ ကောက်ချက်သာ ဖြစ်ပါတော့တယ်။
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar