Breaking News

ပုဏ္ဏားကျွန်းဇူးဝေ - ပြောပြချင်တယ် မခင်စိန်(၇)

Art- SKB

ပြောပြချင်တယ် မခင်စိန်(၇)
ပုဏ္ဏားကျွန်းဇူးဝေ
(မိုးမခ) စက်တင်ဘာ ၁၀၊ ၂၀၂၅


ကမ္ဘာကြီးနေမှုထိုင်မှု ပြောင်းလဲခဲ့ပြီ မခင်စိန်။

ဘယ်သူကမိတ်ဆွေ ဘယ်သူကရန်သူ
ခွဲခြားဖို့သိပ်ခက်တယ်
ငြိမ်းချမ်းရေးသီချင်းတွေ ဆွံ့အသွားကြပြီး
စစ်ဘင်ခရာအသံတွေသာ 
ကျယ်လောင်စွာပေါက်ကွဲလို့
ခံစားတတ်တဲ့ ရင်ဘတ်တွေလည်း
နာကျင်မှုတွေမပြတော့ဘူး မခင်စိန်။

လူမှုကွန်ယက်တွေပေါ်မှာ
အစုလိုက်အပုံလိုက်သေနေတဲ့
ဓာတ်ပုံ ဗွီဒီယိုဖိုင်တွေဟာ
ထမင်းစားရေသောက်ကြည့်ဖို့ပဲဖြစ်လာတယ်
ဒီလိုနဲ့ ငိုသံတွေဟာ
အဝေးကို လွှင့်မျောသွားခြင်းမရှိဘူး
ဒီလိုနဲ့ မျက်ရည်တွေဟာ
အဝေးကို စီးဆင်းသွားခြင်းမရှိဘူး
လဲပြိုနေတဲ့စစ်ပွဲတွေကြားမှာ လူတွေဟာ
ရင်ဘတ်မပါတာက အကောင်းဆုံးများဖြစ်နေမလား မခင်စိန်။

ဟောဟိုမှာ 
ငြိမ်းချမ်းရေးလေပြည်သွေးနေတယ်

ငြိမ်းချမ်းရေးအတွက်တရားတစ်ပုဒ်ရှိတယ်ဆိုပြီး 
ကိုင်စွဲထားတဲ့နျူးလက်နက်တွေထုတ်ပြတဲ့သူတွေရယ်

ငြိမ်းချမ်းရေးအတွက်တရားတစ်ပုဒ်ရှိတယ်ဆိုပြီး
အစွန်းတဘက်က ဟောတဲ့တရားရယ်
ငြိမ်းချမ်းရေးအတွက် စားပွဲခုံရှိတယ်ဆိုပြီး
သတ်ကွင်းချထားတဲ့ ခန်းမရယ်

နာခံရမှာလား ဆန့်ကျင်ရမှာလား
ဝင်ရမလား ထွက်ရမလား
ငြိမ်းချမ်းရေးတရားသမား
အမှန်တရားပေါ်လာရပ်ပါ
ထိုတရားပိုင်ရှင်သည်လည်း
နျူးပိုင်မှဖြစ်မှာပါ မခင်စိန်။

အားလုံဟာ သံသယတွေနဲ့
နှတ်ဆက်နေကြတယ်
ဘာသာတရားတွေဟာလည်း 
အရင်းအမြစ်တခု
ပထဝီနိုင်ငံရေးဟာလည်း
အရင်းအမြစ်တခု
စစ်လက်နက်ပိုင်ဆိုင်မှုဟာလည်း
အရင်းအမြစ်တခု
ကြီးပွားချမ်းသာလိုမှုဟာလည်း
အရင်းအမြစ်တခု
ကျွန်တော်နဲ့ 
ကျွန်တော့်သမီးနှစ်ယောက်ဟာလည်း 
ကွန်ဆာဗေးတစ်နဲ့ 
လစ်ဘရယ်ဆိုပြီးဖြစ်လာပြီ

မြန်မာပြည်ကလာတဲ့
သတင်းတွေထဲမှာတော့
သားသမီးတွေကို အရင်အဆိပ်ကျွေး ပြီးမှ
မိဘနှစ်ပါးပါအဆိပ်သောက်
မိသားစုလိုက်သေပွဲဝင်တဲ့သတင်းဟာ
ရင်ဘတ်ထဲကို
ထုတ်ချင်းပေါက်သွားတယ် မခင်စိန်။

9-September 2025 

 -

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar