အမုန်းစကားနဲ့ လုပ်ကြံသတ်ဖြတ်မှုတွေ ဆိုတာ တားဆီးရမယ့်အရေး
မြန်မာနွေဦးခရိုနီကယ် - စက်တင်ဘာ ၁၂ မြင်ကွင်း
(မိုးမခ) စက်တင်ဘာ ၁၃၊ ၂၀၂၅
အမုန်းစကားနဲ့ လုပ်ကြံသတ်ဖြတ်မှုတွေ ဆိုတာ တားဆီးရမယ့်အရေး
ကမ္ဘာကြီးမှာရော မြန်မာပြည်မှာပါ လုပ်ကြံမှု၊ သတ်ဖြတ်မှုတွေက နေရာတိုင်း လိုလို အချိန်တိုင်းလိုလိုမှာ ဖြစ်ပွားနေကြတာပါ။ မြန်မာပြည်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတွေ နေ့စဥ် မဟုတ်တောင် သီတင်းပတ်တိုင်းမှာ သေဆုံးနေကြရသလို ကလေးသူငယ်တွေ၊ အသက်အရွယ်ကြီးလို့ အလွယ်တကူ ထွက်ပြေးတိမ်းရှောင်ခြင်း မပြုနိုင်တဲ့သူတွေ ကျေးရွာတွေ မြို့တွေက နေအိမ်တွေ မီးရှို့ခံရတဲ့အထဲ ပါပြီး မီးလောင် သေဆုံးကြရတာတွေ ကြားသိခဲ့ကြရပြီး ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ လက်နက်ကိုင် တပ်ဖွဲ့ ၂ ဖွဲ့ သို့မဟုတ် ၂ ဖွဲ့ထက်ပိုတဲ့ အဖွဲ့တွေ တိုက်ခိုက်နေကြလို့ တပ်ဖွဲ့ဝင်တွေ၊ ပြည်သူ့စစ် အဖွဲ့ဝင်တွေ တိုက်ပွဲအတွင်း သေဆုံးကြတာတွေလည်း ပြီးခဲ့တဲ့ ၄ နှစ်ကျော်ကာလအတွင်း တိတိကျကျ မှတ်တမ်းမတင်နိုင်သည့်တိုင်အောင် သောင်းဂဏန်းထိ ရောက်ရှိနေပြီဖြစ်ပါတယ်။
စစ်ပွဲတွေမှာ အစိုးရလို့ ဆိုတဲ့ လက်နက်ကိုင်တပ်တွေက အရပ်သားတွေကို သံသယနဲ့ စွပ်စွဲသတ်ဖြတ်တာ၊ တဖန် ခုခံတော်လှန်ရေးတပ်တွေကလည်း ရန်သူဘက်ကို သတင်းပေးတယ်၊ ထောက်ခံတယ်၊ ကူညီတယ်ဆိုတဲ့ စွပ်စွဲချက် သံသယနဲ့ အပြစ်ပေးသတ်ဖြတ်တာတွေလည်း ရှိနှင့်ပြီးဖြစ်ပါတယ်။
နိုင်ငံတနိုင်ငံရဲ့ အစိုးရဆိုတဲ့ နေရာ အထိုင်ကနေ စစ်ပွဲဆင်နွှဲနေတဲ့ တပ်တွေ အနေနဲ့ စစ်ဆင်ရေး ဆိုတဲ့ ခေါင်းစဥ်အောက်မှာ ဗုံးကြဲတာ၊ အရပ်သားတွေ မညှာမတာ သတ်ဖြတ်တာ၊ ဒိထက်ပိုပြီး နယ်မြေချဲ့ထွင် သိမ်းယူဖို့ ဒီဒေသမှာ အသက်မွေးနေထိုင် နေကြတဲ့ လူထုကို မနေနိုင်အောင် လက်နက်ကြီးနဲ့ ပစ်ခတ်တာ စစ်မြေပြင် ဖြစ်အောင် ဖန်တီးတာတွေ လုပ်ဆောင်ပြီး လူမျိုး တမျိုးရဲ့ ကြီးမားတဲ့ လူဦးရေ ပမာဏအရေအတွက် ရှိတဲ့ သောင်း၊ သိန်း ကနေ သန်းဂဏန်းအထိ တခြားဒေသတွေကို ရွှေ့ပြောင်းနေထိုင်ကြအောင် စစ်ဆင်ရေးနဲ့ မောင်းထုတ်တာတွေကိုလည်း လူအများကို လှည့်ဖျားတဲ့ ဝါဒဖြန့်မှုတွေနဲ့ လုပ်ဆောင်နေကြတာ တွေ့ရမှာပါ။
သာဓက ပြရရင် ဂါဇာဒေသက ၂ သန်းကျော်ရှိတဲ့ ပါလစ္စတိုင်းတွေကို ဟာမားစ် အကြမ်းဖက်တွေကို ချေမှုန်းရေး ခေါင်းစဥ်နဲ့ တိုက်ခိုက်သတ်ဖြတ်၊ အငတ်ဘေးဆိုက်ပြီး အသက်ဆုံးရှုံးသည့်တိုင် ပိတ်ဆို့ကာ နောက်ဆုံး ဒီဒေသကနေ အနီးအနားနိုင်ငံတွေမှာ ခိုလှုံအောင် IDF လို့ခေါ်တဲ့ အစ္စရေးလ်အစိုးရစစ်တပ်က လုပ်ဆောင်နေတာကို လစ်ဘရယ်နိုင်ငံဆိုတဲ့ တိုးတက်မျှတပါတယ်ဆိုတဲ့ အမေရိကန်၊ အနောက်ဥရောပ နိုင်ငံအချို့က လက်နက်ငွေကြေး ထောက်လှမ်းရေးနည်းပညာ ထောက်ပံ့ကာ ပူးပေါင်းပါဝင်နေကြတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ARSA အကြမ်းဖက် အဖွဲ့ကို ရှင်းလင်းတဲ့ စစ်ဆင်ရေး ခေါင်းစဥ်အောက်မှာ ရိုဟင်ဂျာလူမျိုး ကလေး၊ အမျိုးသမီး သက်ကြီးရွယ်အိုတွေပါ ထောင်နဲ့ချီသတ်ဖြတ်ပြီး အိမ်နီးချင်းနိုင်ငံဆီ ထွက်ပြေးတိမ်းရှောင်အောင် လုပ်ဆောင်ခဲ့ကြတဲ့ ၂၀၁၇ အဖြစ်အပျက်နဲ့လည်း အလားသဏ္ဍာန်တူပါတယ်။ ဂါဇာ အဖြစ်အပျက်က ရခိုင်မြောက်ပိုင်း ရိုဟင်ဂျာဖြစ်ရပ်ထက် အဆများစွာ ဆိုးရွားတာ မှန်သော်လည်း လူမျိုးစု တစု ဘာသာကိုးကွယ်ရာတူတဲ့ လူအုပ်စုတစုလုံးကို သတ်ဖြတ်တာ၊ ရှင်းလင်းတာ နှင်ထုတ်တာ စတဲ့ နှိုင်းယှဥ်စရာ တူညီချက်တွေ ရှိနေတာ တွေ့ရမှာဖြစ်ပါတယ်။
ဟာမားစ်တွေ ကျူးလွန်တဲ့ အကြမ်းဖက်မှု အစ္စရေးလ် နိုင်ငံသား ၁၂၀၀ သတ်ဖြတ်မှုအတွက် အရှေ့အလယ်ပိုင်း ဂါဇာက အပြစ်မရှိတဲ့ ပါလစ္စတိုင်း အရပ်သားတွေ နေ့စဥ်နဲ့ အမျှ သေဆုံးနေရတာ ထိုက်သင့်တယ်ဆိုတဲ့ အယူအဆကို ဖြန့်ဝေ ဟောပြောသူ၊ အစ္စရေးလ်စစ်တပ်နဲ့ ၄င်းစစ်တပ်ကို အမိန့်ပေးတဲ့သူကို အပြစ်မမြင်ဘဲ အရပ်သား ၆ သောင်းကျော် အသက်ဆုံးရှုံးရတဲ့ အဖြစ်ကို လူသားချင်းစာနာမှုကင်းမဲ့စွာ မှတ်ချက်ပေးသူ အမေရိကန် နိုင်ငံက လူငယ် ချာလီကတ်ကို အသက် ၂၂ နှစ်အရွယ် တိုင်ဆန်ရော်ဘင်ဆန် ဆိုသူက စနိုက်ပါရိုင်ဖယ်နဲ့ ပစ်ခတ်လုပ်ကြံခဲ့ပါတယ်။
ဒီအဖြစ်အပျက်ကြောင့် အမေရိကန် နိုင်ငံမှာ နိုင်ငံရေးလုပ်ကြံသတ်ဖြတ်မှုတွေ ကြီးထွားလာပြီလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ ကြီးထွားလာပါတယ်။ ဒီလုပ်ကြံသတ်ဖြတ်ခံရသူကို သူရဲကောင်းအဖြစ် ပုံဖေါ်မှုတွေ ပေါ်ထွက်လာသလို၊ ဘာစကားပဲ ပြောပြော (အမုန်းစကားဖြစ်စေ၊ အမုန်းဆန့်ကျင်စကားဖြစ်စေ) လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေအပေါ် ကြီးကြီးမားမား ခြိမ်းခြောက်ခံရမှု အဖြစ် နိုင်ငံရေးသမားအချို့ သတင်းမီဒီယာအချို့က ပုံဖော်ကြတာလည်း တွေ့ကြရပါတယ်။ ဥရောပ ဉာဏ်အလင်းပွင့်ခေတ် ပြင်သစ် ဒဿနနဲ့ အတွေးအခေါ် ပညာရှင် ဗော်တဲယားရဲ့ ထင်ရှားတဲ့ စကားရပ်ဖြစ်တဲ့ “ခင်ဗျားပြောတာ ကျနော်သဘောမတူဘူး ဒါပေမယ့် ခင်ဗျားရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်အတွက် ကျနော် အသက်နဲ့လဲ ကာကွယ်ပေးမယ်” ဆိုတဲ့ စကားရပ်နဲ့ အခု ချာလီကတ် လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး ရပ်တည်ချက်အဖြစ် ပြောဆိုကြတာလည်း တွေ့ရပါတယ်။
ဗော်တဲယားရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုတာမှာ လူသားအချင်းချင်း သတ်ဖြတ်၊ လူမျိုးသုဥ်းသတ်ဖြတ်မှုတွေကို မှန်ကန်ကြောင်း ဟာမားစ် အဖွဲ့ရဲ့ ကျူးလွန်မှုအတွက် အပြစ်မဲ့တဲ့ ပါလစ္စတိုင်း အရပ်သားတွေ ဒီလို သတ်ဖြတ်ခံရမှုနဲ့ ထိုက်တန်ကြောင်း အယူအဆ ဖြန့်ဝေမှုမျိုး အမုန်းစကားပြောဆိုမှုမျိုးကိုတော့ အကျုံးဝင်စေမှာ မဟုတ်ပါဘူး။
လုပ်ကြံသတ်ဖြတ်ခြင်းက ဘယ်အရာမှ ချွင်းချက်နဲ့ လက်ခံစရာ မဟုတ်သလို အမုန်းစကားဖြန့်ဝေခြင်း အားနည်းတဲ့ လူအုပ်စု၊ လူမျိုးစု၊ နိုင်ငံတွေကို အင်အားကြီးတဲ့ ငွေကြေးရှိတဲ့ နိုင်ငံ၊ စစ်တပ် အင်အားစုတွေက လက်နက်ကိုင် အရပ်သား၊ ကလေး၊ အမျိုးသမီး၊ သက်ကြီးရွယ်အို မခွဲခြားဘဲ သတ်ဖြတ်စစ်ဆင်ရေး လုပ်နေတာ လူမျိုးသုဥ်း သတ်ဖြတ်မှုတွေကို ထောက်ခံအားပေးနေခြင်းကလည်း လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်တာ နဲ့ အလားသဏ္ဍာန်တူနေတာ အမှန်ပဲ ဖြစ်ပါတယ်။ ဂါဇာဒေသက ပါလစ္စတိုင်း အရပ်သားတွေ နေ့စဥ် ရာနဲ့ချီသေဆုံးနေကြရတဲ့ အဖြစ်ကို မတားဆီးနိုင်တဲ့ ကမ္ဘာမှာ တရားမျှတမှု၊ လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့် အကာအကွယ်ပေးခြင်း၊ လူ့အခွင့်အရေး တန်းတူညီမျှမှုဆိုတဲ့ အရာတွေဟာ လှောင်ပြောင်စရာတွေ ဖြစ်နေမှာ အမှန်ပဲ ဖြစ်ပါတယ်။
ဂါဇာကမ်းမြောင်က ပါလစ္စတိုင်းတွေကို တိုက်ခိုက်သတ်ဖြတ်မှု၊ အငတ်ဘေးကျရောက်အောင် ထားရှိပြီး ဒီနယ်မြေထဲက သန်းနဲ့ချီတဲ့ အရပ်သားတွေကို အိမ်နီးချင်း ဒေသတခုကို ရွှေ့ပြောင်းနေထိုင်အောင် ကြိုးစားမှုဟာ ဝေဖန် ထောက်ပြရမယ့် အရေး ဖြစ်ပါတယ်။ အဲသည်လို ထောက်ပြဝေဖန်ပြောဆိုခွင့်ကို ပိတ်ပင်တာ၊ နောက်ပြီးတော့ သည်လို ညှဉ်းဆဲနှိပ်စက်မှုတွေဘက်ကနေ ကာကွယ်ပြောဆိုနေတာကို မတားဆီးနိုင်တာကလည်း လူ့ကျင့်ဝတ်မညီတာ ဖြစ်ပါတယ်။
အစ္စရေးလ် အစိုးရက နိုင်ငံတနိုင်ငံ သို့မဟုတ် နယ်မြေတစိတ်တပိုင်းကို ထိန်းချုပ်ရယူလိုတဲ့ ရည်ရွယ်ချက်နဲ့ စစ်ဆင်ရေး၊ လူမျိုးသုဥ်းသတ်ဖြတ်မှုတွေ လုပ်ဆောင်နေတာကို အကြမ်းဖက် အဖွဲ့အစည်းတခုကို ချေမှုန်းရေး ခေါင်းစဥ် အောက်မှာ လုပ်ဆောင်နေတာလည်း မေးခွန်းထုတ်စရာဖြစ်ပြီး မေးခွန်းထုတ်လာတဲ့အခါ ဂျုးလူမျိုးတွေကို ဆန့်ကျင့်တဲ့ အမုန်းစကားလို့ ပြန်ပြီး ဆင်ခြေပေးပြီး ရှောင်လွဲကြတာတွေ တန်ပြန်ချေဖျက်ကြတာကလည်း မဖြစ်သင့်ပါဘူး။
လက်ရှိကမ္ဘာကြီးဟာ နိုင်ငံတကာ ဥပဒေ၊ အချုပ်အခြာအာဏာ လေးစားအသိအမှတ်ပြုမှု၊ နိုင်ငံတိုင်း တန်းတူညီမျှတဲ့ အဆင့်အတန်း စတဲ့ တန်ဖိုးထားမှု၊ လေးစားလိုက်နာမှုတွေ ပျက်စီးပျောက်ဆုံးနေပြီ ဖြစ်ပါတယ်။ ဒုတိယ ကမ္ဘာစစ်ပြီးလို့ နှစ် ၈၀ ကြာမြင့်လာချိန်မှာ တတိယ ကမ္ဘာစစ်ဖြစ်ဖို့ ဦးတည်နေတယ်လို့ မဆိုနိုင်သည့်တိုင် ကမ္ဘာ့နိုင်ငံတွေအကြား အုပ်စုဖွဲ့ အနိုင်ကျင့်မှု၊ လက်နက်အင်အား အပြိုင်အဆိုင် တည်ဆောက်မှု၊ စစ်အင်အား စီးပွားရေးအင်အားကြီးတဲ့နိုင်ငံကြီးတွေက နိုင်ငံငယ်တွေအပေါ် အသုံးချတာ အနိုင်ကျင့်တာတွေကို တရားဝင်အောင် ဝါဒဖြန့်ပြောဆိုနေကြတဲ့ ကာလလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ စစ်အင်အားနဲ့ အနိုင်ကျင့် သတ်ဖြတ်မှု၊ လူမျိုးစုတွေကို ပစ်မှတ်ထား သတ်ဖြတ်မှု၊ နေထိုင်လုပ်ကိုင်စားသောက်ရာ နယ်မြေတခုမှ ပြောင်းရွှေ့ ထွက်ခွာအောင် စစ်ပွဲတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ဖြစ်စေပြီး နှင်ထုတ်တဲ့ ဖြစ်ရပ်နဲ့ အလားသဏ္ဍာန်တူတဲ့ ဖြစ်ရပ်တွေ ကမ္ဘာကြီးမှာလည်း ဖြစ်ပွားနေသလို အချို့ဖြစ်ရပ်တွေက မြန်မာထက် ပိုမိုဆိုးရွားတဲ့ အတိုင်းအတာရှိ သလို မြန်မာနိုင်ငံနဲ့ တန်းတူ ဆိုးရွားတဲ့ ဖြစ်ရပ်တွေလည်း ရှိနေတာ ဖြစ်ပါတယ်။
လက်နက်ကိုင် ဆောင်ထားတဲ့သူတွေရဲ့ ကာယကံမြောက် သတ်ဖြတ်မှုတွေကိုလည်း ရှုတ်ချဖို့ တားဆီးကာကွယ်ဖို့ လိုအပ်သလို အဲလိုသတ်ဖြတ်မှုတွေကို အမွှမ်းတင်ချီးကျူးတာ၊ သတ်ဖြတ်မှု အသစ်တွေ ထပ်မံဖြစ်ပွားလာအောင် သတ်ဖြတ်သူတွေကို အကြမ်းဖက်ဝါဒ တိုက်ဖျက်သူတွေအဖြစ် အမွှမ်းတင်တဲ့ အမုန်းစကား ဖြန့်ချိသူတွေကိုလည်း ရှုတ်ချ တားဆီးဖို့ လိုအပ်တာ အမှန်ပဲဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar