Breaking News

၂၀၂၅ ခုနှစ် ငြိမ်းချမ်းရေး နိုဘယ်ဆု ဗင်နီဇွဲလားနိုင်ငံ အတိုက်အခံခေါင်းဆောင်ကို ရွေးချယ်

မြန်မာနွေဦးခရိုနီကယ် - အောက်တိုဘာ ၁၀ မြင်ကွင်း

(မိုးမခ) အောက်တိုဘာ ၁၁၊ ၂၀၂၅


၂၀၂၅ ခုနှစ် ငြိမ်းချမ်းရေး နိုဘယ်ဆု ဗင်နီဇွဲလားနိုင်ငံ အတိုက်အခံခေါင်းဆောင်ကို ရွေးချယ်

ကမ္ဘာမှာ နိုင်ငံရေးဆိုင်ရာ ဆုအနေနဲ့ စိတ်ဝင်စားမှုအရှိဆုံးလို့ဆိုရင် နော်ဝေနိုင်ငံ နိုဘယ်ဆုကော်မတီက ရွေးချယ်တဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆု ဖြစ်ပါလိမ့်မယ်။ နှစ်စဥ် ငြိမ်းချမ်းရေး နိုဘယ်ဆုကို ရွေးချယ်ခံရသူရဲ့အမည်ကို အောက်တိုဘာ ၁၀ ရက်နေ့မှာ လူသိရှင်ကြားထုတ်ဖေါ်ကြေညာကာ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ချီးမြှင့်လေ့ရှိပါတယ်။ 

ယခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုနဲ့ ပတ်သက်လို့ ပိုပြီး စိတ်ဝင်စားမှုမြင့်တက်နေတဲ့ အကြောင်းတချက်က အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ထရန့်က ၄င်းသမ္မတ တာဝန်ယူပြီးခါစ ကာလတွေကတည်း ၄င်းအနေနဲ့ ငြိမ်းချမ်းရေး နိုဘယ်ဆုနဲ့ ထိုက်တန်ကြောင်း မကြာခဏပြောဆိုလေ့ရှိပြီး ဆုရွေးချယ်ရေး ကော်မတီက ထုတ်ပြန်ကြေညာခါနီး အချိန်တွေမှာလည်း မကြာခဏ ပြောဆိုလေ့ရှိပါတယ်။ အစ္စရေးလ်နဲ့ အီရန်၊ အိန္ဒိယ နဲ့ ပါကစ္စတန်၊ ထိုင်းနဲ့ ကမ္ဘောဒီးယား အစရှိတဲ့နိုင်ငံတွေရဲ့ နယ်နိမိတ် ကိစ္စ၊ အကြမ်းဖက် အုပ်စုတွေကို လက်ခံခွင့်ပြုတယ်ဆိုတဲ့ ကိစ္စတွေပေါ် အခြေခံတဲ့ နှစ်နိုင်ငံ အကြားတိုက်ခိုက်မှုတွေကို သူ့ရဲ့ ကြားဝင်စေ့စပ်ပြောဆိုမှုကြောင့် ရပ်တန့်သွားတယ်ဆိုတဲ့ ပြောဆိုမှုတွေလည်း တောက်လျှောက် ပြောဆိုနေတာ ဖြစ်ပါတယ်။ 

သမ္မတတာဝန်ယူပြီးကာစ ကတည်းက ကနေဒါ၊ ဂရင်းလန်း၊ မက္ကဆီကို နိုင်ငံတွေရဲ့ အချုပ်အချာ အာဏာပိုင်ဆိုင်မှုကို ထိခိုက်စေတဲ့ ပြောဆိုမှုတွေ လုပ်ခဲ့သူ ထရန့်လိုလူကို နိုဘယ်ဆုပေးခဲ့ရင် နော်ဝေ နိုင်ငံက ဆုရွေးချယ်ရေး ကော်မတီအဖို့ အနောက်နိုင်ငံတွေရဲ့ ဝေဖန်မှု ခံရမှာ အသေအချာဖြစ်ပါတယ်။ သမ္မတ ထရန့်ဟာ ဘိုင်ဒင်လက်ထက်ကတည်းက အစ္စရေးလ်ရဲ့ ဂါဇာကမ်းမြောင်ဒေသက စစ်ဆင်ရေးကို အပြည့်အဝ အားပေးထောက်ခံ ခဲ့တဲ့ မူဝါဒကို ဆက်လက်ကိုင်စွဲခဲ့သူ ဖြစ်ပါတယ်။ လက်နက်၊ စစ်ရေးဆိုင်ရာ ထောက်လှမ်းရေး သတင်းအချက်အလက်၊ ငွေကြေး၊ ကုလသမဂ္ဂလို အဖွဲ့မှာ နိုင်ငံတကာက ဂျီနိုဆိုက်ကျူးလွန်နေတယ်လို့ ဆိုတဲ့ အစ္စရေးလ်အစိုးရကို အပြည့်အဝ အကာအကွယ်ပေးနေသူလည်း ဖြစ်ပါတယ်။

ယူကရိန်းစစ်ပွဲ ရပ်တန့်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်တဲ့အခါ လက်နက်တွေ ဆက်လက်ရောင်းချဖို့ ဆုံးဖြတ်ခဲ့သူလည်း ဖြစ်ပါတယ်။ အချုပ်အချာအာဏာပိုင်ဆိုင်မှုကို ချိုးဖောက်ပြီး ယီမင်နိုင်ငံက ဟူသီသူပုန်၊ အီရန်နိုင်ငံ၊ ဗင်နီဇွဲလားနိုင်ငံတွေရဲ့ ရေပိုင်နက် မြေပိုင်နက်တွေထဲက ပစ်မှတ်တွေကို ဘယ်နိုင်ငံ၊ ဘယ်အဖွဲ့အစည်းတွေကိုမှ တိုင်ပင်ခြင်း သဘောတူညီမှုရယူခြင်း မရှိဘဲ တိုက်ခိုက်ဖို့ အမိန့်ပေးခဲ့သူလည်း ဖြစ်ပါတယ်။ 

နိုဘယ်ဆုရွေးချယ်ရေးကော်မတီ အနေနဲ့ ဒီလို နောက်ခံအခြေအနေတွေနဲ့ သမ္မတထရန့်လို လူမျိုးကို ဆုရသူအဖြစ် ရွေးချယ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ နိုင်ငံတွင်း ပြည်တွင်းစစ်၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဖြစ်ပွားတဲ့ စစ်ပွဲ၊ အိမ်နီးချင်း မဟုတ်တဲ့ နိုင်ငံတွေမှာ လက်နက်ကိုင်တပ်တွေပို့ဆောင်တာ မဟုတ်ရင်တောင် လက်နက်ကိုင် တဖွဲ့ဖွဲ့ဘက်က အားပေးကူညီပြီး ကြားခံနိုင်ငံတွေမှာဆင်နွှဲတဲ့ proxy စစ်ပွဲတွေ ပိုမိုများပြားလာတဲ့ ကမ္ဘာ့အခြေအနေမှာ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ရွေးချယ်ရေးက ပိုပြီးခက်ခဲကောင်း ခက်ခဲလာနိုင်ပါတယ်။ 

မြန်မာနိုင်ငံက ဒီမိုကရေစီ လှုပ်ရှားမှုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း ၁၉၉၁ ခုနှစ်မှာ နိုဘယ်ငြိမ်းချမ်းရေးဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်မှာ ဖြစ်ပွားတဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ လှုပ်ရှားမှုအရေးတော်ပုံမှာ ပါဝင်လာခဲ့ပြီး ၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံ အပြီး လက်နက်ကိုင် လမ်းစဥ်ကို ရွေးချယ်ခြင်း မပြုခဲ့တာက ဒေါ်အောင်ဆန်းစုကြည်ကို နိုဘယ်ဆု ပေးရခြင်း အဓိကအကြောင်း အချက်ဖြစ်ပါလိမ့်မယ်။ 

အနောက်ဥရောပ စကင်ဒီနေဗီးယန်းနိုင်ငံ ဖြစ်တဲ့ နော်ဝေနိုင်ငံက ပေးအပ်တဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုရဲ့ ရွေးချယ်မှုက ရွေးချယ်ခံရသူ တယောက်ရဲ့ ဘဝတလျှောက်လုံး လုပ်ဆောင်မှုတွေ အတွက် ဆုံးဖြတ်တဲ့ အဓိပ္ပါယ်တော့ သက်ရောက်ခြင်း မရှိပါဘူး။ 

နိုဘယ်ဆုပေးအပ်ခြင်း မပြုမီကာလတခုအတွင်းမှာ လုပ်ဆောင်မှုတရပ်အတွက် အသိအမှတ်ပြုပေးအပ်တဲ့ သဘောဖြစ်ပြီး ဆုရရှိသူဟာ အနာဂတ်ကာလမှာလည်း ငြိမ်းချမ်းရေး အတွက် တလျှောက်လုံး လုပ်ဆောင်မယ်ဆိုတဲ့ အဓိပ္ပါယ်တော့လည်း မဟုတ်ပါဘူး။ ဥပမာအားဖြင့် ၂၀၁၉ ခုနှစ်ရဲ့ ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့်ခြင်းခံရသူ အီသီယိုးပီးယား နိုင်ငံဝန်ကြီးချုပ် အက်ဘီအာမက် ဟာ ဆုရရှိပြီးနောက်တနှစ်မှာ နိုင်ငံရဲ့ တီဂရေးဒေသက လူမျိုးစု လက်နက်ကိုင် နဲ့ အစိုးရတပ်တို့အကြား ပြန်လည် ဖြစ်ပွားတဲ့ စစ်ပွဲတွေမှာ အစိုးရတပ်ကို တက်တက်ကြွကြွဦးဆောင်ပြီး ဆင်နွှဲခဲ့တဲ့အဖြစ်က နိုဘယ်ဆုရွေးချယ်ရေး ကော်မတီအနေနဲ့ အရှက်ရစရာ အခြေအနေမျိုး ဖြစ်ခဲ့တာဖြစ်ပါတယ်။ 

မြန်မာနိုင်ငံနဲ့ ပတ်သက်ရင်လည်း ၂၀၁၇ ခုနှစ် မှာ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ARSA လက်နက်ကိုငတွေရဲ့ တိုက်ခိုက်မှုကို စစ်တပ်က ရက်စက်စွာ နှိမ်နှင်းခဲ့တဲ့ အရေးအခင်းမှာ အစိုးရအဖွဲ့ရဲ့ ဦးဆောင်သူ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ စစ်တပ်ရဲ့ လုပ်ရပ်ကို အားပေးအားမြှောက်ပြုခဲ့တယ်ဆိုတဲ့ နိုင်ငံတကာရဲ့ အမြင်တွေလည်း ရှိခဲ့တာပါ။ 

ခြုံပြောရရင်တော့ ငြိမ်းချမ်းရေး နိုဘယ်ဆုဟာ အနောက်ဥရောပရဲ့ နိုင်ငံရေး စံနှုန်း၊ တန်ဖိုးတွေနဲ့ နိုင်ငံတကာက နိုင်ငံရေးဖြစ် ဖြစ်စဥ်တွေမှာ သက်ရောက်မှုတခုအတွက် စိတ်ဓာတ်ရေးအရ၊ နိုင်ငံရေးအရ မဲတင်းပေးတဲ့ ရည်ရွယ်ချက်တွေလည်း ပါဝင်တဲ့ ဆုတရပ်လို့ သာ ကောက်ချက်ချရမယ့် သဘောလည်း ဖြစ်ပါတယ်။ 

ထရန့်လို ဒီမိုကရေစီကို မယုံကြည်သူ၊ အာဏာရှင်ဆန်တဲ့ ပြုမူမှုတွေနဲ့ တည်ငြိမ်နေတဲ့ လူမှုအဖွဲ့အစည်းကို ရှုပ်ထွေးအောင် ငွေကြေး၊ စစ်အင်အားတွေနဲ့ အနိုင်ကျင့် ပြုမူတတ်သူကို မရွေးချယ်ခြင်းဟာ ထောက်ခံစရာဖြစ်ပြီး ရွေးချယ်ခံရသူတိုင်းလည်း ကမ္ဘာမှာ ငြိမ်းချမ်းရေးကို ဆောင်ကျဥ်းနေသူရယ်လို့ အပြည့်အဝ ကောက်ချက်ချဖို့ ခက်ခဲတယ်လို့သာ ဆိုချင်ပါတော့တယ်။




Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar